စီမံခန့်ခွဲမှု

စီမံခန့်ခွဲမှု
Published 4 November 2022

“ကောင်းမွန်သော စီမံခန့်ခွဲမှုဟူသည် ပြဿနာများကို စိတ်ဝင်စားစရာကောင်းအောင်နှင့် ၎င်းင်းတို့အား ဖြေရှင်းချက်များအား လူတိုင်းက ၎င်းတို့ကို လုပ်ကိုင်ရန်လည်းကောင်း၊ ကိုင်တွယ်ဖြေရှင်းရန်လည်းကောင်း လိုလားလာသည်အထိ အပြုသဘောဆောင်လာအောင် ဖန်တီးသော အနုပညာဖြစ်သည်။”

ပေါလ်ဂျရက်ဟော်ကန် (၁၉၄၆ ခုနှစ်၊ ၇၆ နှစ်)

အမေရိကန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား၊ စွန့်ဦးလုပ်ကိုင်သူ၊ စာရေးဆရာ၊ စီးပွားရေးပညာရှင်နှင့် တက်ကြွလှုပ်ရှားသူ

သြစတြီးယားနိုင်ငံဖွား အမေရိကန် စီမံခန့်ခွဲမှုပညာရှင် ပီတာဒရက်ကာ (၁၉၀၉- ၂၀၀၅) ၏ အလွန်ကျော်ကြားသော စကားတစ်ရပ်ရှိသည်။ ယင်းမှာ “စီမံခန့်ခွဲမှုဟူသည် အရာများကို မှန်ကန်အောင်ပြုလုပ်ခြင်းဖြစ်ပြီး ခေါင်းဆောင်မှုဟူသည် မှန်ကန်သောအရာများကို ပြုလုပ်ခြင်းဖြစ်သည်” ဟူ၍ဖြစ်သည်။

စီမံခန့်ခွဲမှုဆိုသည်မှာ စီးပွာရေးလုပ်ငန်းတစ်ခု သို့မဟုတ် အကျိုးအမြတ်မပါသော လုပ်ငန်းတစ်ခု သို့မဟုတ် အစိုးရအဖွဲ့အစည်းတစ်ခု စသော အဖွဲ့အစည်းတစ်ခုခုကို စီမံ အုပ်ချုပ်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ စီမံခန့်ခွဲခြင်းတွင် အဖွဲ့အစည်း၏ မဟာဗျူဟာကို ဖော်ဆောင်ခြင်းနှင့် ရနိုင်သမျှသော ငွေကြေး၊ သဘာဝအရင်းအမြစ်၊ နည်းပညာနှင့် လူသားအရင်းအမြစ်စသော အရင်းအမြစ်များကို အသုံးချ၍ ဝန်ထမ်းများ (သို့မဟုတ် လုပ် အားဒါနပြုသူများ) ၏ ကြိုးပမ်းမှုများကို ပေါင်းစပ်ညှိနှိုင်းခြင်းဖြင့် အဖွဲ့အစည်း၏ ရည်မှန်းချက်ကို အောင်မြင်စွာ ပြီးမြောက်စေခြင်းတို့ ပါဝင်သည်။

လူမှုရေးသိပ္ပံပညာရှင်များသည် စီမံခန့်ခွဲမှုပညာကို ကျောင်းသင်ခန်းစာဘာသာရပ်တစ်ခုအဖြစ် လေ့လာသင်ကြားကြပြီး လူမှုအဖွဲ့အစည်းနှင့် အဖွဲ့အစည်းဆိုင်ရာ ခေါင်းဆောင်မှုပညာတို့ကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာကြသည်။ အချို့သောသူများသည် စီမံခန့် ခွဲမှုပညာကို ကောလိပ်များ၊ တက္ကသိုလ်များတွင် သင်ကြားကြသည်။ စီမံခန့်ခွဲမှုနှင့်ဆိုင်သော အဓိကဘွဲ့များမှာ ကူးသန်းရောင်းဝယ်ရေးပညာဘွဲ့ (B.Com) ၊ စီးပွားရေး စီမံခန့်ခွဲမှုပညာမဟာဘွဲ့ (MBA) နှင့် အများပြည်သူဆိုင်ရာကဏ္ဍအတွက်မူ အများပြည်သူဆိုင်ရာ စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (MPA) တို့ ဖြစ်ကြသည်။ စီမံခန့်ခွဲမှုပညာနှင့် ပတ်သက်၍ အထူးပြုပညာရှင် သို့မဟုတ် ကျွမ်းကျင်ပညာရှင်၊ စီမံခန့်ခွဲမှုပညာ သုတေသနပညာရှင် သို့မဟုတ် ပါမောက္ခဖြစ်ချင်သူများအတွက်မူ စီမံခန့်ခွဲမှုပညာ ပါရဂူဘွဲ့ (DM)၊ စီးပွားရေး စီမံခန့်ခွဲမှုပညာ ပါရဂူဘွဲ့ (DBA) သို့မဟုတ် စီးပွားရေး စီမံခန့်ခွဲမှုပညာနှင့် စီမံခန့်ခွဲမှုပညာတို့တွင် ပါရဂူဘွဲ့များ ရယူနိုင်ကြသည်။

ကြီးမားသော အဖွဲ့အစည်းများတွင် မန်နေဂျာအဆင့် သုံးဆင့်ရှိပြီး ၎င်းတို့ကို ပိရမစ်ကဲ့သို့ အထက်အောက် အဆင့်ဆင့် စုစည်းလေ့ရှိကြသည်။

အကြီးတန်းမန်နေဂျာများတွင် ဒါရိုက်တာဘုတ်အဖွဲ့၊ အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌတို့ ပါဝင်သည်။ သူတို့သည် အဖွဲ့အစည်းနှင့်ဆိုင်သော မဟာဗျူဟာဆိုင်ရာ ပန်းတိုင်များကို သတ်မှတ်ကြပြီး အဖွဲ့အစည်းတစ်ခုလုံးအနေနှင့် မည်သို့မည်ပုံ လည်ပတ်မည်ကို ဆုံးဖြတ်ချက်ချကြသည်။ အကြီးတန်းမန်နေဂျာများသည် အမှုဆောင်အဆင့် ပရော်ဖက်ရှင်နယ်များ ဖြစ်ကြပြီး သူတို့အား တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းဖြင့် အစီရင်ခံကြသော အလယ်တန်း မန်နေဂျာများကို ညွှန်ကြားမှုပေးကြသည်။

အလယ်တန်းမန်နေဂျာများတွင် လုပ်ငန်းခွဲ မန်နေဂျာများ၊ ဒေသဆိုင်ရာ မန်နေဂျာများ၊ ဌာနခွဲ မန်နေဂျာများ ပါဝင်ကြပြီး သူတို့သည် လုပ်ငန်း၏ ရှေ့တန်းမှ အလုပ်လုပ်ကိုင် နေသော မန်နေဂျာများအား ညွှန်ကြားမှု ပေးကြသည်။ အလယ်တန်းမန်နေဂျာများသည် အကြီးတန်း မန်နေဂျာများ၏ မဟာဗျူဟာဆိုင်ရာ ပန်းတိုင်များကို ရှေ့တန်း မန်နေဂျာများသို့ ဆက်သွယ် ပြောဆိုညွှန်ကြားမှုပေးကြသည်။

အငယ်တန်း မန်နေဂျာများဖြစ်ကြသော အုပ်ချုပ်ရေးမှူးများနှင့် ရှေ့တန်းမှ အဖွဲ့ ခေါင်းဆောင်များသည် ပုံမှန်ဝန်ထမ်းများ ( ပရဟိတအဖွဲ့များတွင် လုပ်အားဒါနပြုသူများ) ကို ကြီးကြပ်ကြပြီး ၎င်းတို့၏ အလုပ်နှင့်ပတ်သက်၍ ညွှန်ကြားမှုပေးကြသည်။

အဖွဲ့အစည်းငယ်လေးများတွင်မူ မန်နေဂျာတစ်ယောက်တွင် ပိုမိုကျယ်ပြန့်သော လုပ်ငန်းဆောင်တာများ ရှိသည်။ မန်နေဂျာတစ်ဦးတည်းကပင် လုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်ပြီး တစ်ခါတစ်ရံတွင် လုပ်ငန်းကြီးများ၌ မန်နေဂျာအဆင့်ဆင့် လုပ်ဆောင်သော အဆင့်များကို တစ်ဦးတည်းက လုပ်ကိုင်ကြသည်။

မည်သို့ပင်ဆိုစေကာမူ “ကောင်းမွန်သော စီမံခန့်ခွဲမှုဟူသည် ပြဿနာများကို စိတ်ဝင်စားစရာကောင်းအောင်နှင့် ၎င်းင်းတို့အား ဖြေရှင်းချက်များအား လူတိုင်းက ၎င်းတို့ကို လုပ်ကိုင်ရန်လည်းကောင်း၊ ကိုင်တွယ်ဖြေရှင်းရန်လည်းကောင်း လိုလားလာသည်အထိ အပြုသဘောဆောင်လာအောင် ဖန်တီးသော အနုပညာဖြစ်သည်။”ဟူသော ပေါလ်ဂျရက် ဟော်ကန်၏ ရေးသားချက်ကို သတိပြုရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent