သုတေသနဆိုသည်မှာ...

သုတေသနဆိုသည်မှာ...
Published 28 October 2022

သုတေသန (Research) ဆိုသည်မှာ အသိပညာဗဟုသုတတိုးပွားစေရန်အလို့ငှာ ပြုလုပ်သည့် တီထွင်ဖန်တီးမှုရှိ၍ စနစ်ကျသော အလုပ်တစ်မျိုးဖြစ်သည်။ သုတေသနတွင် ပြဿနာ သို့မဟုတ် အကြောင်းအရာတစ်ရပ်နှင့်ပတ်သက်၍ နားလည်မှု ပိုမိုတိုးပွားလာစေရန် သတင်း/အချက်အလက်များကို ဘက်မလိုက်ဘဲ စုဆောင်းခြင်း၊ စနစ်တကျ စီမံခြင်းနှင့် အသေးစိတ် လေ့လာသုံးသပ် စိစစ်ဝေဖန် ပိုင်းခြားခြင်းများ ပါဝင်သည်။ သုတေသနလုပ်ငန်းတစ်ခုသည် နယ်ပယ်တစ်ခု၌ အတိတ်က ပြုလုပ်ခဲ့သော (သုတေသန) လုပ်ငန်းတစ်ခုကို ချဲ့ထွင်ခြင်းလည်း ဖြစ်နိုင်သည်။ အကြောင်းအရာတစ်ရပ် သို့မဟုတ် ပညာရေးအတွက် ဗဟုသုတအသိပညာများကို ပိုမိုဖွံ့ဖြိုးစေရန် သုတေသနလုပ်ငန်းများကို အသုံးပြုနိုင်သည်။ စမ်းသပ်မှုများ၊ လုပ်ငန်းစဉ်များနှင့် ပြဌာန်းထားချက်များ၏ ကြောင်းကျိုး ခိုင်လုံမှုကို စစ်ဆေးစမ်းသပ်ရန် ယခင်ပြုလုပ်ဖူးသော သုတေသနလုပ်ငန်းမှ အစိတ်အပိုင်း အချို့ (သို့မဟုတ်) တစ်ခုလုံးကို ပုံစံတူ လုပ်ဆောင်နိုင်သည်။

အသုံးချသုတေသန (Applied Research) နှင့် မတူဘဲ အခြေခံသုတေသန (Basic Research) ၏ မူလရည်ရွယ်ချက်များတွင် လူသားတို့၏ အသိပညာများ တိုးတက်နိုင်ရေးအတွက် မှတ်တမ်းတင်ခြင်း၊ လေ့လာစူးစမ်းခြင်း၊ အနက်ထုတ်ဖော်ခြင်းနှင့် စနစ်/နည်းလမ်းပိုင်းဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးမှုတို့ ပါဝင်သည်။ သုတေသနပြုရာတွင် ချဉ်းကပ်ပုံ နည်းလမ်းများသည် ‘အသိပညာဘာသာရပ်များ’ (Epistemologies) ပေါ်တွင် မူတည်ကာ ချဉ်းကပ်ပုံများသည် ‘လူမှုဘာသာရပ်များ’ (Humanities) နှင့် သိပ္ပံဘာသာရပ်များအကြား သော်လည်းကောင်း၊ ထိုတူညီသော ဘာသာရပ်များအတွင်း၌သော်လည်းကောင်း လွန်စွာကွဲပြားနိုင်သည်။ သုတေသန ပုံစံအချို့ရှိ၏ ။ ၎င်းတို့မှာ သိပ္ပံ၊ လူမှုဘာသာရပ်များ၊ အနုပညာ၊ စီးပွားရေး၊ လူမှုဆက်ဆံရေး၊ လုပ်ငန်းဆိုင်ရာစီးပွားရေး၊ စျေးကွက်ဆိုင်ရာ၊ ဘဝ၊ နည်းပညာ စသည်တို့ဖြစ်သည်။ သုတေသနလုပ်ဆောင်မှုများနှင့်ပတ်သက်၍ သိပ္ပံနည်း ကျလေ့လာမှုကို အင်္ဂလိပ်ဘာသာစကားဖြင့် Meta-science သို့မဟုတ် Meta-research ဟု သုံးနှုန်းသည်။

သုတေသနသည် ပါဠိဘာသာစကားမှ ဆင်းသက်လာပြီး ‘သုတ’ (အကြားအမြင်) နှင့် ‘ဧသနာ’ (ရှာမှီးခြင်း) တို့ကို ပေါင်းစပ်ထားသည့် စကားလုံးဖြစ်သည်။ အင်္ဂလိပ်ဘာသာစကား Research သည် အလယ်ခေတ် ပြင်သစ်ဘာသာစကား Recherche မှ ဆင်းသက်လာခြင်းဖြစ်ပြီး ‘အရှာအဖွေထွက်ခြင်း’ဟု အဓိပ္ပာယ်ရသည်။ ယင်းစကားလုံးမှာလည်း ရှေးဟောင်း ပြင်သစ်ဘာသာ ဝေါဟာရ Recerchier မှ ဆင်းသက်လာခြင်းဖြစ်ပြီး Re- နှင့် Cerchier သို့မဟုတ် Sercher (ရှာဖွေခြင်း) တို့ပေါင်းစပ်ထားခြင်းဖြစ်သည်။ ထိုဝေါဟာရကို အစောဆုံးအသုံးပြုခဲ့သည်မှာ မှတ်တမ်းများအရ ၁၅၇၇ ခုနှစ်၌ ဖြစ်သည်။

သုတေသနကို မတူညီသောနည်းလမ်းများစွာဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားပြီး တူညီမှုများရှိသော်လည်း ၎င်းတွင် ပါဝင်ပတ်သက်သူအားလုံးက လက်ခံယုံကြည်ထားသည့် တစ်ခုတည်းသော၊ လွှမ်းခြုံနိုင်သော အဓိပ္ပာယ်ဖွင့်ဆိုချက်ဟူ၍ မရှိပါ။ အရိုးရှင်းဆုံး အသုံးအနှုန်းအရ သုတေသနဟူသည် အသိပညာရှာဖွေခြင်းနှင့် အမှန်တရားကို ရှာဖွေခြင်းပင် ဖြစ်သည်။ တရားဝင်သဘောအရ ယင်းသည် သုတေသနယူဆချက်များကို ဒီဇိုင်းထုတ်ခြင်း၊ နည်းလမ်းများနှင့် နည်းစနစ်များ ရွေးချယ်ခြင်း၊ အချက်အလက်စုဆောင်းမှုဆိုင်ရာ အသုံးချနည်းလမ်းများကို ရွေးချယ်ခြင်း သို့မဟုတ် ဖွံ့ဖြိုးစေခြင်း၊ အချက်အလက်များကို လုပ်ငန်းစဉ်ဆက်သွားခြင်း၊ ဖွင့်ဆိုရှင်းပြခြင်းနှင့် ပြဿနာ၏အဖြေကို တင်ပြကာ နိဂုံးချုပ်ခြင်း အစရှိသည်တို့ ပါဝင်သည်။  သုတေသန၏ နောက်ထပ် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို John W. Creswell က “သုတေသနဟူသည် အကြောင်းအရာတစ်ခု သို့မဟုတ် ပြဿနာတစ်ခုအား နားလည်နိုင်စေရန် သတင်း/အချက်အလက်များကို စုဆောင်းခွဲခြမ်းစိတ်ဖြာရန် အသုံးပြုသည့်အဆင့်များဖြစ်သည်”ဟု ဖော်ပြထားသည်။ ယင်းတွင် အဆင့်သုံးဆင့်ပါဝင်ရာ မေးခွန်းထုတ်ရန်၊ မေးခွန်းကို ဖြေဆိုရေးအတွက် အချက်အလက် စုဆောင်းရန်နှင့် မေးခွန်းအတွက် အဖြေတစ်ခုတင်ပြရန်တို့ ဖြစ်ကြသည်။ Merriam-Webster အွန်လိုင်းအဘိဓာန်က သုတေသနကို “ဖန်တီးလုပ်ဆောင်ရသော စုံစမ်းရှာဖွေမှု သို့မဟုတ် စစ်ဆေးမှု၊ အထူးသဖြင့် အချက်အလက်များကို ရှာဖွေတွေ့ရှိရန်နှင့် ဖွင့်ဆိုရှင်းပြရန်အတွက် ရည်ရွယ်သော စူးစမ်းစစ်ဆေးခြင်း သို့မဟုတ် လက်တွေ့စမ်းသပ်ခြင်း၊ အချက်အလက်အသစ်များကြောင့် လက်ခံထားသော သဘောတရားများ သို့မဟုတ် ဥပဒေသများကို ပြန်လည်ပြင်ဆင်ခြင်း သို့မဟုတ် လက်တွေ့အသုံးချခြင်း ဖြစ်သည်”ဟု ဆိုသည်။ မည်သို့ပင်ဆိုစေကာမူ သုတေသနဟူသည် အသိပညာရှာဖွေခြင်းနှင့် အမှန်တရားကို ရှာဖွေခြင်းပင် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၂၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent