ပါ၀ါ...ပါ၀ါ...ပါ၀ါ...

ပါ၀ါ...ပါ၀ါ...ပါ၀ါ...
Published 12 October 2022

လူမှုရေးသိပ္ပံနှင့် နိုင်ငံရေးသိပ္ပံတို့တွင် ပါ၀ါဟူသည် လူတို့၏အပြုအမူကို သြဇာလွှမ်းမိုးနိုင်သော သို့မဟုတ် တိုက်ရိုက်ထိန်းချုပ်နိုင်သော လုပ်ကိုင်နိုင်စွမ်းဖြစ်သည်။ ပါ၀ါကို လုပ်ပိုင်ခွင့်အာဏာဟု ခေါ်ဆိုတတ်ကြပြီး လူမှုအဆောက်အအုံတစ်ရပ်က တရားဝင်အပ်နှင်းထားမှုအဖြစ် မှတ်ယူခြင်းဖြစ်သည်။ ပါ၀ါကို မကောင်းမှု သို့မဟုတ် မတရားမှုအဖြစ် ရှုမြင်နိုင်သော်လည်း ပါဝင်ကျင့်သုံးမှုကို လူသားများအပေါ် တွေ့ရလေ့ရှိသော လူမှုရေးဆိုင်ရာ ဖြစ်တည်မှုတစ်ရပ်အဖြစ် လက်ခံထားသည်။

လူမှုရေးစိတ်ပညာရှင်များဖြစ်သော ဂျွန်အာပီဖရန့်နှင့် ဘာထရမ်ရာဗင်တို့၏ ၁၉၅၉ ခုနှစ်က လေ့လာချက်သည် ပါ၀ါ၏ရင်းမြစ်များနှင့်ပတ်သက်၍ ပုံကြမ်းတစ်ရပ်ကို ဖွံ့ဖြိုးလာစေခဲ့သည်။ ယင်းပုံကြမ်းဖြင့် သက်ဆိုင်ရာ ဆက်ဆံရေးတစ်ရပ်တွင် ပါ၀ါ၏အလုပ်ဖြစ်ပုံ သို့မဟုတ် အလုပ်မဖြစ်ပုံကို လေ့လာသုံးသပ်ကြသည်။ ဖရန့်နှင့် ရာဗင်တို့၏ အဆိုအရ အောက်ပါနည်းလမ်းအတိုင်း ပါ၀ါကို သြဇာလွှမ်းမိုးမှုမှနေ၍ ခွဲခြားနိုင်သည်။ A နှင့် B ဆက်ဆံရေးတွင် A က B အပေါ် သြဇာလွှမ်းမိုးရန် ကြိုးပမ်းသည့်အခါ B တွင် A က အလိုရှိသော အပြောင်းအလဲဖြစ်ပေါ်ရန်သာ ပို၍ဖြစ်နိုင်ခြေများသည်။ ဤနည်းအတိုင်းစဉ်းစားပါက ပါ၀ါဟူသည် ဆက်ဆံရေးပေါ်အခြေခံပြီး A နှင့် B တို့၏ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးကျင့်သုံးပုံနှင့်ပတ်သက်သော သက်ဆိုင်ရာနားလည်မှုများပေါ်၌ တည်မှီနေ သည်။ B က A တွင်ရှိသော အရည်အသွေးတစ်ရပ်ကို အသိအမှတ်ပြုရန်လိုအပ်ပြီး ယင်းကသာ A ရည်ရွယ်ထားသည့်လမ်းအတိုင်း ပြောင်းလဲအောင် B ကို စေ့ဆော်နိုင်မည်ဖြစ်သည်။ အလိုရှိရာ ရလဒ်ထွက်ပေါ်လာရန်အတွက် A သည် ၎င်းတို့ဆက်ဆံရေးနှင့် သင့်တော်မည့် အခြေခံတစ်ရပ် သို့မဟုတ် အခြေခံများ ပေါင်းစည်းထားမှုတစ်ရပ်ကို ရေးဆွဲချမှတ်ရမည် ဖြစ်သည်။ ယင်းကဲ့သို့ ပါ၀ါအခြေခံကို ရေးဆွဲရာ၌ မှားယွင်းပါက ရည်ရွယ်သည့် ရလဒ် မရနိုင်ဘဲ A ၏ ကိုယ်ပိုင်ပါ၀ါသည်ပင်လျှင် လျော့ကျသွားပေလိမ့်မည်။ ဖရန့်နှင့် ရာဗင်တို့က ယင်းကဲ့သို့သော အရည်အသွေးများနှင့်ပတ်သက်၍ အရေးပါသည့် အမျိုးအစားငါးမျိုးရှိကြောင်း ဖော်ပြခဲ့သည်။

တရားဝင်ပါ၀ါ  -အဖွဲ့အစည်းတစ်ခုအတွင်း ရယူထားသော သက်ဆိုင်ရာရာထူး သို့မဟုတ် တာဝန်ကြောင့်ရရှိထားသည့် ပါ၀ါဖြစ်ပြီး ရာထူးဆိုင်ရာပါ၀ါဟုလည်း ခေါ်သည်။

ရည်ညွှန်းပါ၀ါ  - လူတစ်ဦးက အခြားသူများကို ဆွဲဆောင်နိုင်။ သစ္စာရှိမှု တည်ဆောက်နိုင်သည့်ပါ၀ါ သို့မဟုတ် လုပ်နိုင်စွမ်းဖြစ်သည်။ ယင်းသည် သြဇာတိက္ကမနှင့် ပြည့်စုံခြင်းပါ၀ါနှင့် ပတ်သက်၍ ပုဂ္ဂိုလ်ချင်းအကြား ဆက်ဆံရေးကျွမ်းကျင်ခြင်းတို့အပေါ် အခြေခံသည်။

ကျွမ်းကျင်ပါ၀ါ -လူတစ်ဦး၏ ကျွမ်းကျင်ပိုင်နိုင်မှုမှ ဆင်းသက်လာသော ပါ၀ါဖြစ်သည်။ အခြားပါ၀ါများနှင့်မတူဘဲ ကျွမ်းကျင်ပါ၀ါသည် သက်ဆိုင်ရာနယ်ပယ်အလိုက် ကန့်သတ်ထားမှုရှိသည်။

ချီးမြှင့်မှုပါ၀ါ -ယင်းသည် ပါ၀ါကိုင်စွဲထားသူက တန်ဖိုးရှိသည့် ရုပ်ပိုင်းဆိုင်ရာ ဆုလာဘ်များ ပေးအပ်နိုင်စွမ်းအပေါ်၌ မူတည်နေသည်။ ထိုသူအနေဖြင့် အခြားသူများကို အကျိုးအမြတ်၊ အချိန်၊ အလိုရှိသည့်လက်ဆောင်၊ ရာထူး သို့မဟုတ် ငွေကြေး တိုးမြှင့်ပေးနိုင်မှု အစရှိသော ဆုလာဘ်များပေါ်၌ သူ၏ပါ၀ါကတည်နေသည်။

အကျပ်ကိုင်ပါ၀ါ - ယင်းပါ၀ါသည် မကောင်းသောသြဇာကို အသုံးပြုခြင်းဖြစ်သည်။ ယင်းသည် ရာထူးလျှော့ချနိုင်စွမ်း သို့မဟုတ် အခြားဆုလာဘ်များကိုမပေးဘဲ ထိန်ချန်ထားနိုင်စွမ်းပေါ်၌ မူတည်နေသည်။ တန်ဖိုးရှိသည့် ဆုလာဘ်များ ရယူလိုသောဆန္ဒ သို့မဟုတ် ယင်းတို့ကိုမပေးဘဲ ထားမည်ကိုစိုးရိမ်မှုကြောင့် တစ်စုံတစ်ဦး၏ပါ၀ါကို လိုက်နာရခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ပါ၀ါဟူသည် လူသားတို့အကြားတွင်ရှိသည့် ဆက်ဆံရေးများအပေါ်၌သာ အခြေခံထားခြင်းဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၁၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent