ယုံကြည်မှုတည်ဆောက်နိုင်ရေး၊ နိုင်ငံရေးပြဿနာများအား ဖြေရှင်းနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း RCSS ဖိတ်ခေါ်

ယုံကြည်မှုတည်ဆောက်နိုင်ရေး၊ နိုင်ငံရေးပြဿနာများအား ဖြေရှင်းနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း RCSS ဖိတ်ခေါ်
နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်တွေ့ဆုံဆွေးနွေးပွဲတွင် RCSS ဥက္ကဋ္ဌဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အားတွေ့ရစဉ်
နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်တွေ့ဆုံဆွေးနွေးပွဲတွင် RCSS ဥက္ကဋ္ဌဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အားတွေ့ရစဉ်
Published 10 October 2022

ယုံကြည်မှုတည်ဆောက်နိုင်ရေး၊ နိုင်ငံရေးပြဿနာများအား ဖြေရှင်းနိုင်ရေးတို့အတွက်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း အောက်တိုဘာ ၁၀ ရက်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့က ကြေညာချက်ထုတ်ပြန်ကာ ဖိတ်ခေါ်ကမ်းလှမ်းသည်။

“ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးဖို့အတွက် ကျွန်တော်တို့ကမ်းလှမ်းချက်ကို ကျွန်တော်တို့ ထုတ်ပြန်တာဖြစ်တယ်။ ဒီကမ်းလှမ်းမှုက အခုမှထုတ်တာတော့ မဟုတ်ပါဘူး။ အရင်တုန်းကလည်း အခါအားလျော်စွာ ကျွန်တော်တို့ ထုတ်ပြန်တာရှိပါတယ်။ ဒီတစ်ခေါက်ရဲ့ ထုတ်ပြန်ချက်မှာတော့ ကျွန်တော်တို့ အဓိကရည်ရွယ်ချက်နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ ရှမ်းပြည်အတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြားမှာ ပဋိပက္ခဖြေလျှော့နိုင်ရေးပေါ့။ ဒါပထမတစ်ချက်ပါ။ နောက်တစ်ခုကတော့ စစ်ရေးတင်းမာနေတဲ့ ဒေသတွေမှာ ကြားညပ်နေတဲ့ ပြည်သူလူထုတွေ ဒုက္ခရောက်နေတာကို ပူးပေါင်းဖြေရှင်းဖို့အတွက်ပေါ့။ အဓိကကတော့ ဒီနှစ်ချက်ပေါ့နော်” ဟု RCSS အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက ပြောကြားသည်။

အဆိုပါတွေ့ဆုံဆွေးနွေးခြင်းမှတစ်ဆင့် အပြန်အလှန်ဝင်ထွက်သွားလာ ဆက်ဆံနိုင်ရေး၊ အထင်မှားမှုများအား လျှော့ချနိုင်ရေး၊ နားလည်မှုရှိရေး၊ ယုံကြည်မှုတည်ဆောက်နိုင်ရေးနှင့် လူထု၊တိုင်းပြည်အကျိုးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် နိုင်ငံရေးပြဿနာများ ဖြေရှင်းနိုင်ရေးအား ရည်ရွယ်ကြောင်း  RCSS အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်အထိ ရှမ်းပြည်နယ်နှင့် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးကမ်းလှမ်းပါကြောင်း RCSS က ကြေညာချက်ထုတ်ပြန်သည်။

လက်ရှိ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသည့် ပြည်တွင်းပြည်ပ စစ်ဘေးရှောင်များ အမြောက်အများရှိခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ စိုက်ပျိုးရေးသီးနှံများ စျေးကွက်မရှိခြင်း၊ စားဝတ်နေရေးကျပ်တည်းခြင်း၊ ခရီးသွားလာရေး ခက်ခဲခြင်းတို့ကြောင့် ပြည်သူလူထုများစွာ အတိဒုက္ခရောက်နေကြောင်း RCSS အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထူးသဖြင့် ရှမ်းပြည်တောင်ပိုင်ရှိ စစ်ရေးတင်းမာနေသော ဒေသတစ်လျှောက်တွင် ပြည်သူလူထုနေရပ်စွန့်ခွာမှုများ ပိုမိုများပြားလာသည်ဟုလည်း RCSS အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက ပြောကြားသည်။

“ကျွန်တော်တို့ ရရှိထားတဲ့ အချက်အလက်တွေအရ ဒီနယ်စပ်ကိုကျော်ပြီး ထိုင်းဘက်ကို ခိုးဝင်တာတွေဆိုရင် တစ်ရက်တစ်ရက်ကို ရာချီတယ်ဗျ။ စစ်ရေးတင်းမာတာတွေ နှစ်ချီလာပြီဆိုတော့ ခန့်မှန်းလိုက်မယ်ဆို သောင်းချီသိန်းဂဏန်း ရောက်သွားပြီပေါ့။ တချို့ရွာတွေဆိုရင် ရွာပျက်မယ့်အနေအထားရောက်သွားပြီပေါ့။ တချို့အိမ်ခြေ ၂၀၀၊ ၃၀၀ ဆို ၁၀ အိမ်၊ အိမ် ၂၀ လောက်ပဲ ကျန်တာပေါ့၊ တချို့ရွာတွေ” ဟု ဗိုလ်မှူးခမ်းစံက ပြောကြားသည်။

RCSS အနေဖြင့် တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့်လက်ရှိနိုင်ငံရေး၊ စစ်ရေးပြဿနာများ ဖြေရှင်းရန် မူဝါဒချမှတ်ထားကြောင်း၊ အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေးခြင်းမှသည် မဟာမိတ်ဖြစ်လာနိုင်ရေး၊ စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအထိ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်သဖြင့် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခြင်းဖြစ်ကြောင်း RCSS ၏ ကြေညာချက်တွင်ပါရှိသည်။

“ဒါဘယ်လို ဖြစ်ဖြစ်ပေါ့ဗျာ၊ အကောင်းဆုံးမျှော်လင့်လို့ရတာ တစ်ခုတော့ရှိတယ်။ တွေ့ဆုံဆွေးနွေးပြီးတော့မှ ဖြေရှင်းလို့ရှိရင် လက်နက်ကိုင်ပြီးတော့မှ ပဋိပက္ခကိုဖြေရှင်းတာထက်စာလို့ရှိရင်တော့ အများကြီးပိုပြီး တော့မှကောင်းမယ်လို့  ယုံကြည်တယ်လေ” ဟု RCSS အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက ပြောကြားသည်။

RCSS အဖွဲ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကို်င်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

လက်ရှိတွင် နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ချက်ကို လက်ခံ၍ နစကဥက္ကဋ္ဌ၊ နစက၏ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ နှင့် RCSS တို့အကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားသည်။

Most Read

Most Recent