၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်း၏ ညာနောက်ခံလူနေရာအတွက် မည်သည့်ကစားသမားကို အသုံးပြုသင့်သနည်းဆိုသည့် စစ်တမ်းနှင့်ပတ်သက်ပြီး Daily Mail သတင်းစာက ပရိသတ်များအား စစ်တမ်း ကောက်ခံခဲ့ရာ ချယ်လ်ဆီးအသင်း၏ ညာနောက်ခံလူ ရီးစ်ဂျိမ်းစ်က ထိပ်ဆုံးတွင်ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရသည်။
Daily Mail သတင်းစာက ယင်းနေရာအတွက် ရီးစ် ဂျိမ်းစ်၊ အာနိုးလ်၊ ဝေါ်လ်ကာ၊ ထရစ်ပီယာနှင့် အခြားကစားသမားတစ်ဦးဦးဆိုသည့် ရွေးချယ်မှုများကို ပြုလုပ်ခွင့်ပေးထားခဲ့သည်။ လက်ရှိအချိန်တွင် ယင်းကစားသမား (၄)ဦး စလုံးသည် သက်ဆိုင်ရာကလပ်အသင်းများတွင် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနေကြသူများလည်းဖြစ်သည်။
ယင်းကစားသမားများထဲတွင် ဝေါ်လ်ကာနှင့် ထရစ်ပီယာတို့က သက်တမ်းအရင့်ဆုံး ကစားသမားများဖြစ်ပြီး နောက်ပိုင်းတွင် ထရန့်အလက်ဇန္ဒားအာနိုးလ်က ပုံမှန်ကစားသမား အဖြစ် ပိုမိုနေရာရလာခဲ့သည်။
လက်ရှိအချိန်တွင်မူ အာနိုးလ်သည် ခံစစ်ပိုင်းစွမ်းဆောင်ရည်ကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသလို မကြာသေးမီကလည်း အင်္ဂလန်အသင်း၏ နည်းပြဖြစ်သူ ဆောက်ဂိတ်က ညာနောက်ခံလူနေရာအတွက် ဘက်စုံအရည်အသွေးပိုင်းတွင် ထရစ်ပီယာက အာနိုးလ်ထက် ပိုကောင်းသည်ဆိုသည့် မှတ်ချက်စကားကိုဆိုခဲ့ရာ အာနိုးလ်သည် ယင်းနေရာအတွက် ပွဲထွက်ရန် အခွင့်အရေးပိုနည်း လာသည်ဆိုသည့် သုံးသပ်မှုများလည်းရှိနေသည်။
ချယ်လ်ဆီးအသင်း၏ လူငယ်နောက်ခံလူ ရီးစ်ဂျိမ်းစ်မှာမူ ယင်းကစားသမား (၄)ဦးထဲတွင် အတွေ့အကြုံအနုဆုံးနှင့် သက်တမ်းအနုဆုံးကစားသမားလည်းဖြစ်သည်။ သို့ရာတွင် ချယ်လ်ဆီးအသင်းနှင့်အတူ ပြသနေသည့် ခြေစွမ်းနှင့် အင်္ဂလန်အသင်းအတွက် ကစားခွင့်ရသည့် ပွဲစဉ်များတွင်လည်း သူ၏စွမ်းဆောင်ရည်မှာ အမြင့်ဆုံးအခြေအနေ ဖြစ်နေသဖြင့် ပရိသတ်များ၏အမြင်တွင် အင်္ဂလန်အသင်း၏ ညာနောက်ခံလူနေရာအတွက် အသင့်တော်ဆုံးကစားသမားအဖြစ် မြင်လာကြခြင်းလည်းဖြစ်သည်။
အာနိုးလ်သည် စုစုပေါင်းမဲပေးမှု၏ (၂၉) ရာခိုင်နှုန်း ရရှိခဲ့ပြီး ဒုတိယရေပန်းအစားဆုံးနေရာ၌ ရှိနေဆဲဖြစ်ပြီး ရီးစ်ဂျိမ်းစ်ကမူ စုစုပေါင်းမဲပေးမှု၏ (၃၅) ရာခိုင်နှုန်းအထိ ရှိနေကာ ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ဝေါ်လ်ကာက မဲပေးသူစုစုပေါင်း၏ (၁၉) ရာခိုင်နှုန်း ရရှိခဲ့ကာ ဆောက်ဂိတ်က ညွှန်းဆိုခဲ့သည့် ထရစ်ပီယာမှာမူ မဲပေးမှု စုစုပေါင်း၏ (၁၃) ရာခိုင်နှုန်းဖြင့် ရေပန်းစားမှု အနိမ့်ဆုံးဖြစ်ခဲ့သည်။ ယင်းကစားသမား (၄)ဦး၏အပြင် အခြားကစားသမား တစ်ဦးဦးကမူ (၄)ရာခိုင်နှုန်းရှိနေသည်။















