ဗီယက်နမ်စစ်ပွဲသမိုင်းကို လိုရာဆွဲတင်ပြထားသည်ဟုဆိုကာ တောင်ကိုရီးယားဒရာမာဇာတ်လမ်းတွဲ Little Women ကို ဆက် လက်မပြသရန် Netflix ကို ဗီယက်နမ်ဘက်က မေတ္တာရပ်ခံတောင်းဆိုထားကြောင်း နိုင်ငံပိုင်မီဒီယာက အောက်တိုဘာ ၅ ရက်တွင် ကြေညာသွားသည်။
Little Women တွင်အပိုင်း ၁၂ ပိုင်း ပါဝင်ပြီး အပိုင်း ၈ တွင် တောင်ကိုရီးယားဝါရင့်စစ်မှုထမ်းဟောင်းတစ်ဦးက အဓိကဇာတ် လိုက်များထဲမှတစ်ဦးကို ဗီယက်နမ်စစ်ပွဲကာလက ရန်သူ့ဘက်မှကျဆုံးသူနှင့် တောင်ကိုရီးယားဘက်မှကျဆုံးသူအချိုးကို ၂၀:၁ ဟု ပြောခဲ့သည်။ဗီယက်နမ်စစ်သား ၂၀ ကျလျှင် တောင်ကိုရီးယားစစ်သားတစ်ဦးသာကျသည်ဟု ဆိုလိုခြင်းဖြစ်သည်။အမှန်က စစ်ပွဲအတွင်း တောင်ကိုရီးယားစစ်သားများကြောင့် မြောက်ပိုင်းဗီယက်နမ်စစ်သားမည်မျှ ကျဆုံးခဲ့သည်ကို မသိကြပေ။
၁၉၆၄ ခုနှစ်မှ ၁၉၇၃ ခုနှစ်အတွင်း အမေရိကန်စစ်သားများနှင့်အတူတိုက်ပွဲဝင်ရန် ဗီယက်နမ်သို့ တောင်ကိုရီးယားနိုင်ငံသား ၃၂၀,၀၀၀ ကျော်အပို့ခံခဲ့ရပြီး ဗီယက်နမ်အရပ်သားများကို အစုလိုက်သတ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များလည်း ကာလရှည် ၎င်းတို့ရင်ဆိုင်ခဲ့ရသည်။
Netflix ထံပေးပို့သည့်စာတွင် ဗီယက်နမ်ရုပ်သံထုတ်လွှင့်မှုနှင့် အီလက်ထရောနစ်ဆက်သွယ်ရေးအာဏာပိုင်အဖွဲ့က Little Women ဇာတ်လမ်းတွဲသည် ဗီယက်နမ်နိုင်ငံနှင့် နိုင်ငံ့သူရဲကောင်းများကို စော်ကားထားသည်၊ သမိုင်းကိုလိုရာဆွဲပြောထားသည်ဟု ဝေဖန်ခဲ့ကာ ဇာတ်ကောင်များအကြားပြောသည့်စကားများသည် စစ်ပွဲအတွင်း ကို ရီးယားကြေးစားစစ်သားများ၏ ပြစ်မှုများကိုချီးကျူးသကဲ့သို့ဖြစ်သည်ဟု ဆိုသည်။
၎င်းဇာတ်လမ်းတွဲကို Netflix ဘက်မှ အောက်တိုဘာ ၅ ရက်နောက်ဆုံးထားဖယ်ရှားပေးရန် တောင်းဆိုထားသော်လည်း အဆို ပါနေ့မွန်းလွဲပိုင်းအထိ ဗီယက်နမ်တွင်ကြည့်၍ရနေသေးသည်ဟု နိုင်ငံပိုင်မီဒီယာက ကြေညာသည်။
၂၀၂၀ ခုနှစ်နောက်ပိုင်း နိုင်ငံ၏အချုပ်အခြာအာဏာကို ထိပါးသည်ဆိုသည့် ဗီယက်နမ်အာဏာပိုင်များ၏ စွပ်စွဲချက်ကြောင့် Netflix က Pine Gap ၊ Put Your Head on My Shoulder နှင့် Madam Secretary ဇာတ်လမ်းတွဲများကို ပြသမှုရပ်လိုက်ရသည်။