ပြန်လမ်းမရှိတော့သော ...

ပြန်လမ်းမရှိတော့သော ...
Published 5 October 2022

“လူတိုင်းရဲ့ဘဝမှာ ပြန်လမ်းမရှိတော့တဲ့အမှတ်ဆိုတာ ရှိတယ်။ ပြီးတော့ တချို့ကိစ္စတွေမှာ ခင်ဗျားအနေနဲ့ ရှေ့ကိုဆက်မသွားနိုင်တော့တဲ့ အမှတ်ဆိုတာလည်း ရှိတယ်။ ပြီးတော့ အဲဒီအမှတ်ကို ရောက်သွားတဲ့အခါ ကျွန်တော်တို့ လုပ်နိုင်သမျှက အရှိတရားကို ငြိမ်ငြိမ်လေးလက်ခံလိုက်ဖို့ပါ။ ဒါကပဲ ကျွန်တော်တို့ ရှင်သန်ကျန်ရစ်ပုံနည်းလမ်းပါ။”

 

ဟာရုကီ မူရာကာမိ (၁၉၄၉ ဖွား၊ အသက် ၇၃ နှစ်)

ဂျပန်စာရေးဆရာ

ပြန်လမ်းမရှိတော့သည့် အမှတ် (PNR) ဟူသည် ယင်းမှနေ၍ နောက်ဆုတ်လှည့် ပြန်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာအရ မဖြစ်နိုင်သောကြောင့်လည်းကောင်း၊ တားမြစ်ရလောက်အောင် ကုန်ကျစရိတ် များလွန်းသောကြောင့်လည်းကောင်း၊ အန္တရာယ်များလွန်း သောကြောင့်လည်းကောင်း ယင်းအမှတ်မှ ကျော်လွန်သွားသူတစ်ဦးအနေဖြင့် လက်ရှိလမ်းကြောင်းအတိုင်းသာ ရှေ့ဆက်ရတော့မည့် အမှတ်ဖြစ်သည်။ ဗုံးကို စနက်တံ စဖြုတ်လိုက် သည့်အချိန် သို့မဟုတ် ကန်ထရိုက်စာချုပ်တစ်ခုကို လက်မှတ်ထိုးလိုက်သည့် အချိန်မျိုး သည် နောက်ဆုတ်လှည့်ပြန်၍မရသောအမှတ်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ သို့သော် PNR သည် (ဥပမာအားဖြင့် လေကြောင်းပညာ၌) အဆက်မပြတ် လုပ်ဆောင်ချက်တစ်ရပ် ပြုနေစဉ်အတွင်း အသေအချာတွက်ချက်ထားသော အမှတ်တစ်မှတ်လည်း ဖြစ်နိုင်သည်။ အမှန်တကယ်၌လည်း PNR ဟူသည့် ဝေါဟာရသည် လေကြောင်းပညာမှ ဆင်းသက်လာ ခြင်းဖြစ်သည်။ လေယာဉ်တစ်စင်းအနေဖြင့် ၎င်းပျံတက်ခဲ့သည့် လေယာဉ်ကွင်းသို့ ပြန်လှည့်၍ ဆင်းသက်ရန် မဖြစ်နိုင်တော့သည့်နေရာကို PNR ဟု ခေါ်ဆိုခြင်းဖြစ်သည်။

PNR ဟူသည့် နည်းပညာဆိုင်ရာဝေါဟာရကို လူတို့၏ဘဝအတွင်း တင်စားအသုံးပြုမှုအဖြစ် ပထမဆုံးတွေ့ရှိရသည်မှာ ၁၉၄၇ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ဂျွန်ပီမားကွမ့်၏ Point of No Return ဝတ္ထုဖြစ်သည်။ ယင်းဝတ္ထုကို စိတ်ကူးရလျက် ၁၉၅၁ ခုနှစ်တွင်  ပေါလ်အော်စဘွန်းက ယင်းအမည်နှင့်ပင် ဘရော့ဒ်ဝေး၌ ပြဇာတ်တစ်ပုဒ် တင်ဆက်ခဲ့သည်။ ဝတ္ထုနှင့်ပြဇာတ်တွင် နယူးယောက်စီးတီးမှ ဘဏ်လုပ်ငန်းရှင်တစ်ဦး၏ဘဝ၌ ဆုံးဖြတ်ရန် အချက်အချာကျသော အချိန်တစ်ရပ်ကို တင်ပြထားသည်။ ဇာတ်လမ်းတွင် ဇာတ်ကောင် သည် PNR နှစ်ခုကို ရင်ဆိုင်ရသည်။ ပထမတစ်ခုမှာ သူ၏လုပ်ငန်းအား အကြီးအကျယ် ပရိုမိုးရှင်းလုပ်ရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်ပြီး ယင်းကြိုးပမ်းမှု မအောင်မြင်ပါက သူ၏လုပ်ငန်းမှာ လုံးဝပျက်စီးသွားမည်ဖြစ်သည်။ ဒုတိယတစ်ခုမှာ သူငယ်စဉ်က စွန့်ခွာခဲ့သော မြို့ငယ်လေးမှ ဘဝမျိုးကို ဘယ်သောအခါမှ ပြန်မသွားနိုင်တော့ခြင်း ဖြစ်သည်။

PNR နှင့် အလားတူသော အသုံးအနှုန်းတစ်ရပ်မှာ “တံတားကို မီးရှို့ခြင်း” ဖြစ်သည်။ စစ်ဆင်ရေးတစ်ရပ်တွင် ဖြတ်ကျော်ပြီးသည့်နောက် ကျန်ခဲ့သည့်တံတားကို မီးရှို့ဖျက်ဆီးပစ်လိုက်သည့် စိတ်ကူးဖြစ်သည်။ ယင်းကဲ့သို့ တံတားကို မီးရှို့ပစ်လိုက်ခြင်းသည် PNR ဖြစ်သည်။ နောက်ကြောင်းပြန်လှည့်၍မရတော့ဘဲ ရှေ့သို့ ဆက်လက်ချီတက်ရန်သာ ရှိတော့သည်။ ရွေးချယ်စရာ အခြားနည်းလမ်းမရှိတော့ဘဲ PNR ဖြစ်အောင် တမင်ဖန်တီးလိုက်ခြင်းဖြစ်သည်။

မြန်မာ့သမိုင်းတွင် အလားတူဖြစ်ရပ်မျိုးရှိခဲ့သည်။ ၁၅၃၈ ခုနှစ် တောင်ငူနှင့် ဟံသာဝတီတို့ စစ်ခင်းနေစဉ်အတွင်း နောင်ရိုးတိုက်ပွဲ ဖြစ်ပွားခဲ့သည်။ မြန်မာ့သမိုင်းတွင် ထင်ရှား လှသည့် တိုက်ပွဲဖြစ်သည်။ တောင်ငူဘုရင် တပင်ရွှေထီးသည် ဟံသာဝတီကို သုံးကြိမ်မြောက် သိမ်းယူရာတွင် မခုခံနိုင်တော့သည့် မွန်မင်းသုရှင်တကာရွတ်ပိသည် မိမိနောက် လိုက်နောက်ပါများကို ခေါ်ဆောင်ပြီး မိမိယောက်ဖ ပြည်စားရှိရာ ပြည်သို့ ရေတပ်ဖြင့် အမြန်ပြေးလေသည်။ နောင်ရိုးအရပ်ရောက်လျှင် ချောင်းကိုကူးပြီး တပ်ချ ရပ်နားလေသည်။ ထိုသို့ရပ်နားစဉ်တွင် နောက်မှလိုက်လာသည့် ကျော်ထင်နော်ရထာ (ဘုရင့်နောင်) ဦးစီးသည့် တောင်ငူတပ်များ မီလာပြီး ချောင်းကိုဖြတ်ကူးကာ တောင်ငူ-ဟံသာဝတီ နှစ်ဖက် ပြင်းထန်စွာတိုက်ခိုက်ကြသည်။ နောင်ရိုးအရပ်သို့ရောက်လျှင် တစ်ဖက်ကမ်းရှိ ရန်သူတပ်၏အင်အားကို စုံစမ်းစေရာ ရန်သူမွန်တပ်အင်အားမှာ မိမိတပ်ထက် ရှစ်ဆမျှ ကြီးသည်ကို ကျော်ထင်နော်ရထာ သိရလေသည်။ သို့သော် တောင်ငူစစ်တပ်ကို ဦးဆောင် သော စစ်သူကြီး ဘုရင့်နောင်ကျော်ထင်နော်ရထာသည် မြစ်၏တစ်ဖက်ကမ်း၌ အင်အား သာလွန်သော ဟံသာဝတီတပ်နှင့် ရင်ဆိုင်ရသည်။ မြစ်ကို ဖောင်များဖြင့် ဖြတ်ကူးပြီးနောက် ဘုရင့်နောင်က ဖောင်အားလုံးကို ဖျက်စေသည်။ ဆုတ်ခွာရန် လမ်းမရှိတော့ကြောင်း သူ၏တပ်သားများအား ရှင်းရှင်းလင်းလင်း အသိပေးလိုက်ခြင်းပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ကြိုတင်တွက်ချက်နိုင်သည်ဖြစ်စေ၊ မတွက်ချက်နိုင်သည်ဖြစ်စေ လူတို့၏ဘဝ၌ PNR များနှင့် ရင်ဆိုင်ရတတ်သည်သာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent