ယဉ်ကျေးသိမ်မွေ့မှုနှင့် နိုင်ငံရေး

ယဉ်ကျေးသိမ်မွေ့မှုနှင့် နိုင်ငံရေး
Published 30 September 2022

ယဉ်ကျေးသိမ်မွေ့မှုသည် မရိုးသားခြင်းကို တင့်တယ်အောင် ပြုလုပ်သောနည်းလမ်းဟု မဆိုလိုပါ။ ယဉ်ကျေးသိမ်မွေ့မှုသည် ကျွန်ုပ်တို့အနေဖြင့် အခြားသူများကို ရိုသေလေးစားမှုရှိသော နည်းလမ်းတစ်ခုသာ ဖြစ်သည်။

 

မက်နစ်ကိုး (ကနေဒါစာရေးဆရာ)

အမေရိကန်သမိုင်းပညာရှင် စတိဗ်ဘူးလော့က “မိမိတစ်ဦးတည်းသဘောဖြင့် စီမံအုပ်ချုပ်လိုသူများသည် အော်ငေါက်ကြ၊ ကျိန်ဆဲကြ၊ အနိုင်ကျင့်ကြသော်လည်း အမေရိကန်၏ တော်လှန်ပြောင်းလဲခဲ့မှုများသည် အခြေခံကျသော နိုင်ငံရေးလက်နက်အဖြစ် ယဉ်ကျေးသိမ်မွေ့မှုကို အသုံးပြုခဲ့သည်” ဟု ဆိုဖူးသည်။ ယနေ့ခေတ်တွင် နိုင်ငံရေး ဆွေးနွေးငြင်းခုံမှုများ၌ အံ့သြတုန်လှုပ်ဖွယ်ကောင်းသည့် အရာတစ်ရပ်ကို တွေ့ရှိရသည်။ ယင်းမှာ စကားလုံးများဖြင့် စစ်ခင်းကြခြင်းဖြစ်သည်။ မိမိကိုယ်မိမိ အာရုံစိုက်ခံလိုသောကြောင့် တစ်ဦးနှင့်တစ်ဦး ရွှံ့ခဲများဖြင့် ပစ်ပေါက်နေကြသော ကလေးများနှင့် အလားသဏ္ဌာန်တူသည်။ နိုင်ငံရေးသမားများသည် ကြမ်းတမ်းစွာဖြင့် မဟုတ်မတရား ပြောဆိုမှုများကို လက်နက်အဖြစ် အသုံးပြုလာကြသည်။ နိုင်ငံရေးဆိုင်ရာ ဘက်အသီးသီး၌ ကလေးဆန်သည့် အပြုအမူများကို တွေ့ရှိလာရသည်။

အမေရိကန်သမိုင်း၌ရှိခဲ့သော အီဗရာဟင်လင်ကွန်း၊ ဂျော့ဝါရှင်တန်၊ ရော်နယ်ရီဂင်နှင့် အခြားကျော်ကြားသည့် ခေါင်းဆောင်ကြီးများ လူထုကို စိတ်အနှောင့်အယှက်ဖြစ်အောင် ပြောဆိုခြင်း၊ အခြားသူများကို ချိုးနှိမ်ပြောဆိုခြင်းနှင့် မိမိအာရုံစိုက်ခံရသည်ကို အရသာတွေ့နေခြင်းတို့ ရှိခဲ့ပါသလားဟူသည်ကို ပြန်လည်စဉ်းစားကြည့်ပါက ယင်းကဲ့သို့ တွေ့ရှိရမည် မဟုတ်ပေ။ အဆိုပါခေါင်းဆောင်တို့သည် သက်ဆိုင်ရာအကြောင်းအရာ များပေါ်၌သာ အာရုံထားပြီး မိမိကိုယ်မိမိ အာရုံထားခဲ့ကြသူများ မဟုတ်ပေ။ စကားလုံးများ နှင့်အတူ လုပ်ဆောင်ချက်က ယှဉ်တွဲပါလာရသည်ကို ၎င်းတို့ ကောင်းစွာသဘောပေါက် ခဲ့ကြသည်။ နိုင်ငံရေးနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးငြင်းခုံနေသူများအနေဖြင့် ဂုဏ်သိက္ခာရှိ၍ ထိရောက်သော ဆွေးနွေးမှုမျိုးဖြစ်ရန် လိုသည်။ ယင်းတို့အတွက် အခြေခံကျသော လက်နက်ကိရိယာမှာ ယဉ်ကျေးသိမ်မွေ့မှုဖြစ်သည်။

နိုင်ငံရေးသမားများအနေဖြင့် ကောင်းမွန်သောအရာများကို ပြောဆိုလုပ်ဆောင်ခဲ့ပါက လူအများ၏ မိမိအပေါ် အာရုံစိုက်မှုကို ရရှိမည်သာဖြစ်သည်။ ပုဂ္ဂိုလ်ရေးဖိနှိပ်လိုသည့် သဘောဖြင့် လူများက အခြားသူများကို စော်ကားသည့်အခါ မိမိကိုယ်တိုင်ကို သိက္ခာချခြင်းနှင့် မိမိနိုင်ငံ၏ နိုင်ငံရေးကို သိက္ခာကျစေခြင်း မည်ပေသည်။ တစ်ဖက်နှင့်တစ်ဖက် အပြန် အလှန် ပုတ်ခတ်စော်ကားသည့်အခါ နှစ်ဘက်စလုံး သိက္ခာကျရမည်သာဖြစ်သည်။ ယင်း နှင့်ပတ်သက်၍ ထိရောက်သော အကြံပေးမှုငါးခုကို တင်ပြလိုပါသည်။ (၁) ပုတ်ခတ် စော်ကားခြင်းအပေါ်၌ မဟုတ်ဘဲ အကြောင်းအရာများပေါ်၌သာ အာရုံပြုပါ၊ (၂) ကြမ်း တမ်းစွာ ပုတ်ခတ်စွပ်စွဲနေခြင်းနှင့် မိမိကို အာရုံစိုက်လာအောင် လုပ်ဆောင်နေသည့် မိန့် ခွန်းများကို ရပ်စဲပြီး စိတ်ကူးဉာဏ်များ၊ လုပ်ဆောင်ချက်များဖြင့် မိမိကိုယ်မိမိ  လက်နက် တပ်ဆင်ပါ၊ (၃) အလျင်အမြန်နားထောင်ပြီး ဖြည်းညင်းစွာ ပြောပါ။ နားထောင်ခြင်းအမှုကို ပြုသည့်အခါ၌ အာရုံစိုက်မှုကို ရရှိရန်လည်း ဆွဲဆောင်နိုင်သည်။ မိမိပြောဆိုသည့် စကားလုံးများက နည်းပါးသည့်အခါ လူအများ၏ သတိပြုမိခြင်းကို ပိုမိုရရှိနိုင်သည်၊ (၄) လိမ္မာ ပါးနပ်ပါ၊ မရိုင်းစိုင်းပါနှင့်။ ရော်နယ်ရီဂင်သည် “မစ္စတာဂေါ်ဘာချော့ဗ်၊ ဒီနံရံကို ဖြိုချပါ” ဟု ဆိုခဲ့ပြီး “မစ္စတာဂေါ်ဘာချော့ဗ်ကို ဖြိုချပါ” ဟု မပြောခဲ့သည်ကို သတိပြုနိုင်သည်။ ရော်နယ်ရီဂင်သည် နိုင်ငံရေး၌လည်း အနုပညာရှိသူဖြစ်ကြောင်း တွေ့ရှိနိုင်သည်။ (၅) လုပ်ဆောင်ချက်ကို အဓိကရည်မှန်းချက်အဖြစ်ထားပါ။ ထိရောက်သော လုပ်ဆောင်ချက် ပြုလုပ်ရေးဟူသည့် အဓိကရည်မှန်းချက်မှနေ၍ သွေဖည်သွားနိုင်သော အဆိုပြုခြင်း၊ ငြင်းခုံခြင်းမျိုး မပြုလုပ်ရပါ။

ယနေ့ခေတ်၏ နိုင်ငံရေးရာသီဥတုသည် သဲကန္တာရတစ်ခုကဲ့သို့ ပူပြင်းလျက်ရှိသည်။ ပူပြင်းသော စကားလုံးပေါ်သို့ အေးမြသောရေဖြင့် ပက်ဖျန်းရန်လိုသည်။ ထို့ကြောင့် နိုင်ငံရေးတွင် ကောင်းမွန်၍ လိမ္မာပါးနပ်သော ဆွေးနွေးငြင်းခုံမှုမျိုးဖြစ်ရန် လိုအပ်သကဲ့သို့ ပြောဆိုချက်များနောက်မှနေ၍ လုပ်ဆောင်ချက်များ ကပ်လျက်ပါလာရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent