အခွန်ရှောင်မှုစွဲချက်များအတွက် အဆိုတော်ရှကီရာ စပိန်နိုင်ငံတွင် အမှုရင်ဆိုင်ရမည်

အခွန်ရှောင်မှုစွဲချက်များအတွက် အဆိုတော်ရှကီရာ စပိန်နိုင်ငံတွင် အမှုရင်ဆိုင်ရမည်
(Photo – Reuters)
(Photo – Reuters)
Published 29 September 2022

အခွန်လိမ်လည်မှုစွဲချက်ခြောက်ခုဖြင့် စွပ်စွဲခံထားရပြီး ထောင်ဒဏ်ရှစ်နှစ်ကျဖွယ်ရှိနေသည့် ကိုလံဘီယာအဆိုတော်ရှကီရာက သူ့ကိုစွပ်စွဲထားသည်များမှာ မဟုတ်မှန်ဟု အကျောက်အကန်ငြင်းထားသော်လည်း လာရောက်အမှုရင်ဆိုင်ရန် စပိန်တရားရုံး တစ်ရုံးက အမိန့်ချထားသည်။

ယူရို ၁၄ သန်းခွဲစာ အခွန်ပြစ်မှုခြောက်ခုဖြင့် ရှကီရာသည် စပိန်တွင် တရားစွဲခံထားရပြီး သူ့ကိုအမှုရင်ဆိုင်ရန် ဘာစီလိုနာတရားရုံးက အမိန့်ထုတ်ထားကာ ရုံးတင်စစ်ဆေးမည့်နေ့ကိုမူ မကြေညာသေးပေ။

စပိန်အစိုးရရှေ့နေများက ရှကီရာသာ ပြစ်မှုထင်ရှားပါက သူ့ကိုထောင်ရှစ်နှစ်အပြင် ယူရို ၂၃.၈ သန်းပါ ဒဏ်ရိုက်စေလိုသည်။

အသက် ၄၅ နှစ်အရွယ်ရှကီရာကမူ စွဲ  ချက်များကို အကြိမ်ကြိမ်ငြင်းဆိုထားပြီး စပိန် ဘာသာဖြင့်ထုတ်ဝေသည့် Elle မဂ္ဂဇင်းနှင့် လတ်တလောအင်တာဗျူးတွင် အမှုအတွက် သူ့တွင် အထောက်အထားအလုံအလောက်ရှိကြောင်းနှင့် အမှန်တရားက သူ့ဘက်ကိုအလေးသာမည်ဟု ယုံကြည်ကြောင်း ဖြေဆိုထားသည်။

အမှု၏အဓိကပြဿနာက ၂၀၁၂ ခုနှစ် မှ ၂၀၁၄ ခုနှစ်အကြား ရှကီရာမည်သည့်နေရာတွင် နေထိုင်ခဲ့သည်ဆိုသည့်ကိစ္စဖြစ်ပြီး ထိုကာလအတွင်း ရှကီရာသည် စပိန်တွင်နေခဲ့သော်လည်း အခြားတစ်နေရာကိုအနေပြခဲ့သည်ဟု စပိန်အစိုးရရှေ့နေများကဆိုသည်။

ရှကီရာသည် ၂၀၁၁ ခုနှစ်က ရည်းစားဟောင်း စပိန်ဘောလုံးသမားဂျရတ်ပီကေနှင့် နေရန် ဘာစီလိုနာသို့ပြောင်းရွှေ့ခဲ့ကာ အခွန်ရှောင်ရန် ပြည်ပတွင်နေထိုင်ဟန်ဆောင်ခဲ့သည်၊ သူသည် စပိန်တွင် ၂၀၁၂ ခုနှစ်က ၂၄၂ ရက်၊ ၂၀၁၃ ခုနှစ်က ၂၁၂ ရက်၊ ၂၀၁၄ ခုနှစ်က ၂၄၃ ရက်နေခဲ့သည်ဟု အခွန်စစ်ဆေးသူများက ဖော်ထုတ်တွေ့ခဲ့သည်။

သို့သော် ရှကီရာက သူစပိန်တွင် ၁၈၃ ရက်ထက် ပိုမနေခဲ့ဟုဆိုကာ စပိန်အစိုးရ၏စွပ်စွဲချက်များမှာ ဖန်တီးထားခြင်းဖြစ်ပြီး အာဏာပိုင်များက ဆယ်လီများကို ထိုသို့ မကြာခဏလုပ်လေ့ရှိဟု ရှကီရာကပြန်စွပ်စွဲကာ၊ ပေးစရာရှိသည်များကို အားလုံးပေးဆောင်ပြီးပြီဟုဆိုသည်။

“စပိန်အခွန်အရာရှိတွေက ကျွန်မ စပိန်နိုင်ငံသားတစ်ဦးနဲ့ဒိတ်တာကိုသိတော့ ငွေရမယ့်လမ်းနောက်ကို လိုက်တော့တာပဲ”ဟု လည်း ရှကီရာက Elle မဂ္ဂဇင်းကိုပြောသည်။ စပိန်ဥပဒေအရ စပိန်တွင်ခြောက်လကျော် နေထိုင်ပါက အခွန်ပေးဆောင်ရသူအဖြစ်  အကျုံးဝင်သွားသည်။

Most Read

Most Recent