ရုရှားနိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲမှုကို ထိပါးခြိမ်းခြောက်လာမည်ဆိုလျှင် ယူကရိန်း၌ နျူကလီးယားလက်နက် ထုတ်သုံးရလိမ့်မည်ဟု ရုရှားသမ္မတဗလာဒီမာပူတင်က ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက်တွင် မည်သို့မည်ပုံ တုံ့ပြန်သွားမည်ဆိုသည်နှင့်ပတ်သက်၍ အနောက်နိုင်ငံများအကြား အလေးအနက်ဆွေးနွေးစရာ ဖြစ်လာခဲ့သည်။
သို့သော် “ကျွန်တော်တို့ကို နျူကလီးယားလက်နက်နဲ့ ခြိမ်းခြောက်အကျပ်ကိုင်ဖို့ ကြိုးစားနေတဲ့သူတွေအနေနဲ့ လေလမ်းကြောင်းက သူတို့ဘက်ကို လှည့်လာနိုင်တယ်ဆိုတာ သိထားသင့်ပါတယ်။ ဒါကဖြီးလုံးလှန့်လုံး မဟုတ်ပါဘူး” ဟု သမ္မတပူတင်ကပင် ပြောဆိုခဲ့ပြန်သည်။
သို့သော်ငြားလည်း ၁၉၄၅ ခုနှစ်တွင် အမေရိကန်က ဂျပန်ကို နျူကလီးယားဗုံးကြဲချခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားလက်နက်များကို ထုတ်သုံးရန် ရုရှားသမ္မတက အမှန်တကယ် ဆန္ဒရှိနေလိမ့်မည်ဟု လေ့လာသုံးသပ်သူများက မယုံကြည်ကြပေ။
ရုရှားက နျူကလီးယားလက်နက် အသုံးပြု၍ တိုက်ခိုက်လာမည်ဆိုပါက အကျိုးဆက်အနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့်ပတ်သက်၍ AFP သတင်းဌာနက ကျွမ်းကျင်သူများ၊ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
ရုရှား၏ နျူကလီးယားတိုက်ခိုက်မှုက မည်ကဲ့သို့ဖြစ်နိုင်သနည်း
ရုရှားအနေဖြင့် တစ်လုံး သို့မဟုတ် တစ်လုံးမကသည့် နည်းဗျူဟာမြောက် သို့မဟုတ် တိုက်ပွဲသုံး နျူကလီးယားဗုံးများကို ဖြန့်ကြက်လာဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။
ယင်းလက်နက်များသည် အမေရိကန်၏ပေါက်ကွဲအား ၁.၂ မဂ္ဂါတန်ရှိ အကြီးဆုံးမဟာဗျူဟာမြောက် နျူကလီးယားထိပ်ဖူး သို့မဟုတ် ၁၉၆၁ ခုနှစ်တွင် ရုရှားတို့စမ်းသပ်ခဲ့သည့် ပေါက်ကွဲအား ၅၈ မဂ္ဂါတန်ရှိ နျူကလီးယားဗုံးတို့နှင့် နှိုင်းယှဉ်ပါက ပေါက်ကွဲအား ၀.၃ ကီလိုတန်မှ ၁၀၀ ကီလိုတန်အထိသာရှိနိုင်သည့် အသေးစားလက်နက်များ ဖြစ်နိုင်ဖွယ်ရှိသည်။
တိုက်ပွဲသုံးနျူကလီးယားဗုံးဆိုသည်မှာ မီးကုန်ယမ်းကုန်စစ်ပွဲများကို အနိုင်တိုက်ခိုက်ရန် ထုတ်လုပ်ထားသော မဟာဗျူဟာမြောက် နျူကလီးယားလက်နက်များနှင့် မတူဘဲ စစ်မြေပြင်တွင် သက်ရောက်မှု အကန့်အသတ်သာရှိစေရန် စီမံထားခြင်းဖြစ်သည်။
“အသေးစားလက်နက်”၊ “သက်ရောက်မှု အကန့်အသတ်” ဟု ဆိုသော်လည်း ၁၉၄၅ ခုနှစ်က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင် အမေရိကန်တို့ ကြဲချခဲ့သည့် နျူကလီးယားဗုံးမှာ ပေါက်ကွဲအား ၁၅ ကီလိုတန်သာရှိခဲ့သည်။
ရုရှားက မည်သည်တို့ကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်သနည်း
ရုရှားက ယူကရိန်းစစ်မြေပြင်တွင် တိုက်ပွဲသုံးနျူကလီးယားဗုံး အသုံးပြုလိုသည့် ရည်ရွယ်ချက်မှာ ယူကရိန်းဘက်က လက်နက်ချအညံ့ခံလာစေရန် သို့တည်းမဟုတ် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန်အတွက် ကမ်းလှမ်းလာစေရန်နှင့် ယူကရိန်းကို ကျောထောက်နောက်ခံပေးနေသည့် အနောက်နိုင်ငံများအကြား သဘောထားကွဲလွဲလာအောင် လုပ်ဆောင်ရန်ပင်ဖြစ်ကြောင်း လေ့လာသူများက ပြောကြားသည်။
၀ါရှင်တန်အခြေစိုက် CSIS အပြည်ပြည်ဆိုင်ရာ လုံခြုံရေးပရိုဂရမ်၏ စစ်ရေးကျွမ်းကျင်သူ မာ့ခ်ကန်စီယန်ကမူ ရုရှားဘက်က ယူကရိန်းရှေ့တန်းစစ်မျက်နှာတွင် နျူကလီးယားလက်နက်များ အသုံးပြုလာဖွယ်မရှိဟု သုံးသပ်ခဲ့သည်။
မိုင် ၂၀ (၃၂ ကီလိုမီတာ)ရှိသည့် နယ်မြေကိုသိမ်းယူရန်အတွက် အသေးစားနျူကလီးယားဗုံးအလုံး ၂၀ ခန့် လိုအပ်နိုင်သည့်အတွက် နျူကလီးယားလက်နက်များကို အသုံးပြုခြင်းနှင့် နျူကလီးယားပေါက်ကွဲမှုမှ ရေဒီယိုသတ္တိကြွအမှုန်များ ပျံ့လွင့်ခြင်းတို့ ဖြစ်ပေါ်ဖွယ်ရှိသည့်အတွက် စွန့်စားမှုကြီးမားပြီး အကျိုးအမြတ်နည်းသည်ဟု ကန်စီယန်က ပြောကြားခဲ့ပြီး ဗုံးတစ်လုံးတည်း အသုံးပြုရုံဖြင့် လုံလောက်မည်မဟုတ်ဟုလည်း ၎င်းက ဆိုသည်။
ထို့ထက်စာလျှင် ရုရှားအနေဖြင့် ပြင်းထန်သည့် သတင်းစကားပါးရန်နှင့် ကြီးမားသော ထိခိုက်ဆုံးရှုံးမှုများကို ရှောင်လွှဲနိုင်ရန်အတွက် အီလက်ထရွန်နစ်ကိရိယာများကို ထိခိုက်စေနိုင်သည့် လျှပ်စစ်သံလိုက်လှိုင်းများ ထုတ်လွှတ်ရန် ယူကရိန်းတွင် ရေပြင်၌ သို့မဟုတ် ဝေဟင်အမြင့်တစ်နေရာ၌ နျူကလီးယားဗုံးဖောက်ခွဲမှု လုပ်ဆောင်လာနိုင်ပေသည်။
သို့မဟုတ်ပါကလည်း သမ္မတပူတင်အနေဖြင့် ပိုမိုအတိုင်းအဆကြီးမားသည့် ထိခိုက်ပျက်စီးမှုများ၊ လူအသေအပျောက်များ ဖြစ်ပေါ်စေရန်အတွက် ယူကရိန်းစစ်အခြေစိုက်စခန်းတစ်ခုအား တိုက်ခိုက်ခြင်း သို့မဟုတ် မြို့တော်ကိယက်ဗ်ကဲ့သို့ မြို့ပြအချက်အချာ နေရာတစ်ခုအား တိုက်ခိုက်ခြင်း၊ လူအစုလိုက်အပြုံလိုက် သေကြေပျက်စီးမှုကို ဖြစ်စေခြင်းနှင့် ယူကရိန်း၏ နိုင်ငံရေးခေါင်းဆောင်ပိုင်းကို သတ်ဖြတ်ရန်အတွက် ရည်ရွယ်လုပ်ဆောင်လာဖွယ်ရှိသည်။
ယင်းကဲ့သို့ဖြစ်နိုင်ဖွယ်အခြေအနေများသည် နေတိုးမဟာမိတ်အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများ ဖြစ်လာစေရန်နှင့် ရုရှားသမ္မတအပေါ် နိုင်ငံတကာ၏ အများဆန္ဒသဘောထားများ ကွဲလွဲလာစေရန် ဖန်တီးနိုင်ဖွယ်ရှိကြောင်း အိမ်ဖြူတော်နျူကလီးယား မူဝါဒရေးရာကျွမ်းကျင်ပညာရှင်ဟောင်း ဂျွန်ဝို့ဖ်စသာလ်က ပြောကြားသည်။
သို့သော်ငြားလည်း ထိုအစီအစဉ် အထမြောက်အောင်မြင်ခြင်း ရှိမရှိဆိုသည်မှာ မရေမရာဖြစ်နေဆဲဖြစ်ပြီး ယင်းသည် ကြံမိကြံရာလုပ်လိုက်သည့် ဖြေရှင်းနည်းတစ်ခုအဖြစ် အလွယ်တကူ သတ်မှတ်ယူဆခံရနိုင်သည်ဟုလည်း သူက ဆိုသည်။
အနောက်နိုင်ငံများက နျူကလီးယားလက်နက်ဖြင့် တုံ့ပြန်လာနိုင်သလား
အနောက်နိုင်ငံများသည်လည်း တိုက်ပွဲသုံး နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်ခြင်းကို မည်သို့မည်ပုံ တုံ့ပြန်သွားမည်ဆိုသည်နှင့်ပတ်သက်၍ မရေမရာဖြစ်နေဆဲပင်ဖြစ်ကာ ရွေးချယ်စရာများသည်လည်း ရှုပ်ထွေးခက်ခဲနေမည်ဖြစ်သည်။
ကုလသမဂ္ဂအဖွဲ့ကြီးနှင့် နေတိုးမဟာ မိတ်အဖွဲ့အနေဖြင့် သွယ်ဝိုက်နျူကလီးယားခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရစဉ် ပျော့ညံ့သည့် လက္ခဏာတစ်စုံတစ်ရာကို ပြသလိုမည် မဟုတ်ပေ။
သို့ရာတွင် ၎င်းတို့အနေဖြင့် နေတိုးအဖွဲ့ဝင်နိုင်ငံမဟုတ်သော ယူကရိန်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲအား အလွန်ကျယ်ပြန့်သော ကြောက်ခမန်းလိလိ ကမ္ဘာ့နျူကလီးယားစစ်ကြီးအဖြစ်သို့ ရောက်ရှိသွားနိုင်သည့် အခြေအနေအလားအလာကိုလည်း ရှောင်ကြဉ်ရန် လိုအပ်မည်ဖြစ်သည်။
အနောက်နိုင်ငံများအနေဖြင့် လက်တုံ့ ပြန်ရုံမှတစ်ပါး အခြားရွေးချယ်စရာ ရှိလိမ့်မည်မဟုတ်ကြောင်းနှင့် တုံ့ပြန်ရာတွင်လည်း အမေရိကန်တစ်နိုင်ငံတည်းက လုပ်ဆောင်ခြင်းထက် နေတိုးမဟာမိတ်တစ်ဖွဲ့လုံး၏ တုံ့ပြန်မှုမျိုးသာဖြစ်သင့်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။
မည်သို့သော တုံ့ပြန်မှုမျိုးပင်ဖြစ်စေကာမူ ယင်းတုံ့ပြန်မှုသည် သမ္မတပူတင်၏ စစ်ရေးအခြေအနေ တိုးတက်မလာအောင် ဟန့်တားနိုင်ရုံသာမက ၎င်း၏နိုင်ငံရေး၊ စီးပွားရေးနှင့် ပုဂ္ဂိုလ်ရေး ရပ်တည်ချက်တို့အပေါ် ထိထိရောက်ရောက် ဖိအားပေးနိုင်ရန်လည်း လိုအပ်လိမ့်မည်ဟု ၀ို့ဖ်စသာလ်က ပြောကြားသည်။
အမေရိကန်ပြည်ထောင်စုသည် နေတိုးအဖွဲ့ဝင်နိုင်ငံများတွင် တိုက်ပွဲသုံးနျူကလီးယားလက်နက် ၁၀၀ ခန့်ကို တပ်ဖြန့်ထားရာ အဆိုပါလက်နက်များဖြင့် ရုရှားတပ်ဖွဲ့ဝင်များအပေါ် ပုံစံတူတုံ့ပြန်မှုများ လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ယင်းသည် ခိုင်မာပြတ်သားသော ဆုံးဖြတ်မှုဖြစ်ကြောင်းကို လက်တွေ့ပြသရာရောက်မည်ဖြစ်သကဲ့သို့ ရုရှားအစိုးရကိုလည်း ၎င်းတို့လုပ်ရပ်များ၏ နောက်ဆက်တွဲအန္တရာယ်ကို သတိပေးရာရောက်လိမ့်မည်ဟု အတ္တလန္တစ်ကောင်စီမှ မက်သယူးခရိုးနစ်က ဆိုသည်။
သို့တိုင်အောင် ယင်းသည် ရုရှားအား နျူကလီးယားလက်နက်ဖြင့် တုံ့ပြန်တိုက်ခိုက်လာအောင် ဆွပေးသကဲ့သို့ ဖြစ်လာနိုင်သည့်အတွက် ပိုမိုပြင်းထန်သည့် နျူကလီးယားလက်နက်ဖြင့် အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်လာနိုင်သည့် အန္တရာယ်ကို မြင့်တက်စေပြီး လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကိုလည်း ပိုမိုဆိုးရွားစေနိုင်သည်ဟု သူက ပြောကြားခဲ့သည်။
နောက်ထပ်စိုးရိမ်စရာကောင်းသည့် အခြေအနေတစ်ရပ်လည်းရှိနေပြီး ၎င်းမှာ နေတိုးအဖွဲ့ဝင် နိုင်ငံအချို့က နျူကလီးယားလက်နက်ဖြင့် တုံ့ပြန်မည့်အစီအစဉ်ကို ပယ်ချနိုင်ဖွယ်ရှိခြင်းပင်ဖြစ်ကာ ယင်းသည် နေတိုးမဟာမိတ်အဖွဲ့အား အင်အားယုတ်လျော့သွားအောင် လုပ်ဆောင်လိုသည့် သမ္မတပူတင်၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ယူကရိန်းအား ပိုမိုအစွမ်းထက်သည့် လက်နက်များ ထောက်ပံ့လာနိုင်သလား
ရုရှား၏ နျူကလီးယားတိုက်ခိုက်မှုကို ပိုမိုသမားရိုးကျဆန်သည့် စစ်ရေး သို့မဟုတ် သံတမန်ရေးနည်းလမ်းဖြင့် တုံ့ပြန်ကာ ရုရှားကို တွန်းလှန်တိုက်ခိုက်ရန်အတွက် ယူကရိန်းအား ပိုမိုအစွမ်းထက်သော စစ်လက်နက်များ ထောက်ပံ့ခြင်းသည် ပိုမိုထိရောက်လိမ့်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
“ရုရှားက နျူကလီးယားလက်နက် အသုံးပြုလာမယ်ဆိုရင် ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုတွေ တိုးမြှင့်လုပ်ဆောင်ရာမှာ ပါဝင်ဖို့ ငြင်းဆန်နေဆဲဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်တို့လို နိုင်ငံတွေကို အတူပါဝင်လာအောင် စည်းရုံးသိမ်းသွင်းနိုင်ဖို့ လမ်းပွင့်သွားနိုင်ပါတယ်” ဟု ခရိုးနစ်က ပြောကြားခဲ့သည်။
ထို့ပြင် အမေရိကန်အနေဖြင့် ယူကရိန်းအား နေတိုးမဟာမိတ်အဖွဲ့၏ လေယာဉ်များ၊ ပက်ထရီယော့နှင့် Terminal High Altitude Area Defense (THAAD) ဒုံးခွင်းဒုံးတပ်ခွဲများ၊ Army Tactical Missile System (ATACMS) တာဝေးပစ် ဒုံးလက်နက်များ ထောက်ပံ့ပေးနိုင်ဖွယ်ရှိကာ ယူကရိန်းစစ်တပ်က အဆိုပါလက်နက်များကို အသုံးပြုလျက် ရုရှားနိုင်ငံထဲအထိ နက်နက်ရှိုင်းရှိုင်းတိုက်ခိုက်ရန် အသုံးပြုလာနိုင်မည် ဖြစ်သည်။
“ကျွန်တော်တို့မှာ ကန့်သတ်ချက်တချို့ ရှိတယ်လို့ထင်တယ်။ ကျွန်တော်တို့အနေနဲ့ ယူကရိန်းစစ်တပ်အပေါ်မှာ ဘယ်လိုကန့်သတ်ချက်တွေပဲထားရှိသည်ဖြစ်စေ အဲဒီကန့်သက်ချက်အားလုံးကို ဖယ်ရှားပေးရလိမ့်မယ်လို့ ထင်ပါတယ်” ဟု CSIS အပြည်ပြည်ဆိုင်ရာလုံခြုံရေးပရိုဂရမ်၏ စစ်ရေးကျွမ်းကျင်သူ မာ့ခ်ကန်စီယန်က ပြောကြားခဲ့သည်။
Ref:AFP










