UEC စစ်ဆေးတွေ့ရှိခဲ့သည့် နိုင်ငံရေးပါတီများ၏ စိတ်ဝင်စားဖွယ် အချက်အလက်များ

UEC စစ်ဆေးတွေ့ရှိခဲ့သည့် နိုင်ငံရေးပါတီများ၏ စိတ်ဝင်စားဖွယ် အချက်အလက်များ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးစဉ်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးစဉ်
Published 25 September 2022

မြန်မာနိုင်ငံတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၉၂ ပါတီ ရှိသည်။ ယင်းနိုင်ငံရေး ပါတီများထဲတွင် နိုင်ငံရေးအယူဝါဒအရ ဖြစ်ပေါ်လာသော နိုင်ငံရေးပါတီ ၄၃ ပါတီ၊ တိုင်းရင်းသားမျိုးနွယ်စုအလိုက် ဖြစ်ပေါ်လာသော နိုင်ငံရေးပါတီ ၁၉ ပါတီနှင့် ဒေသအလိုက် ဖြစ်ပေါ်လာသော နိုင်ငံရေးပါတီ ၃၀ ရှိသည်။

ယင်းတို့အနက် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီ ၇၄ ပါတီနှင့် တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီ ၁၈ ပါတီရှိသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပွားပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။

ထို့နောက် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ စစ်ဆေးခြင်းလုပ်ငန်းစဉ်ကို ၂၀၂၁ ခုနှစ် သြဂုတ်လ စတုတ္ထပတ်မှ စတင်၍ ဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ စစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များဦးဆောင်ပြီး သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများက ကိုယ်စားလှယ်များပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် သက်ဆိုင်ရာ နိုင်ငံရေးပါတီ ဌာနချုပ် အခြေစိုက်သည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် စစ်ဆေးဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ၏ စာရင်းများကို စစ်ဆေးရာတွင် နိုင်ငံပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၈ နှင့် နည်းဥပဒေ ၂၃ တို့နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။ 

နိုင်ငံပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၈ တွင် ပါတီတစ်ခု၏ စာရင်းများကို စစ်ဆေးရန်လိုအပ်လျှင် ကော်မရှင်က စစ်ဆေးနိုင်ကြောင်း၊ ကော်မရှင်အဖွဲ့ခွဲ့အဆင့်ဆင့်ကိုလည်း စစ်ဆေးစေနိုင်ကြောင်း၊ ထိုသို့စစ်ဆေးရာတွင် ကော်မရှင် သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲသည် အစိုးရဌာန၊ အဖွဲ့အစည်းများထံမှ အကူအညီရယူနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ 

ထို့ပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၂၃ တွင် ပါတီတစ်ခု၏ စာရင်းများကို စစ်ဆေးရန် လိုအပ်လျှင် ကော်မရှင်က သို့မဟုတ် ကော်မရှင်၏ တာဝန်ပေးချက်ဖြင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့က စစ်ဆေးနိုင်ကြောင်း၊  ယင်းသို့စစ်ဆေးရာတွင် ကော်မရှင် သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲသည် အစိုးရဌာန၊ အဖွဲ့အစည်းများထံမှ အကူအညီ ရယူနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ကော်မရှင်အနေဖြင့် နိုင်ငံရေး ပါတီများကို စစ်ဆေးရာတွင် နိုင်ငံရေးပါတီများ၏ ဖွဲ့စည်းမှု၊ ပါတီဝင် အင်အားစာရင်းနှင့် ပါတီရုံးခန်းများ ဖွင့်လှစ်ထားရှိမှုတို့ကိုစစ်ဆေးခြင်း၊ ပါတီဝင်ကြေး၊ လစဉ်ကြေးများ၊ ပြည်တွင်းအလှူရှင်များက လှူဒါန်းသော ငွေကြေး၊ ပစ္စည်းစာရင်းနှင့် ပါတီပိုင်စီးပွားရေးလုပ်ငန်းများကို စစ်ဆေးခြင်း၊ ပါတီစည်းမျဉ်းနှင့်အညီ သတ်မှတ်ထားသော အသုံးစရိတ်များ သုံးစွဲခြင်း ရှိ  မရှိ စစ်ဆေးခြင်း၊ ပါတီပိုင်ရန်ပုံငွေ၊ ပါတီပိုင်ပစ္စည်း များနှင့်ပတ်သက်သည့် စာရင်းဇယား၊ မှတ်တမ်းများကို စနစ်တကျ ပြုစု ထိန်းသိမ်းထားခြင်း ရှိ မရှိ စစ်ဆေး ခြင်း၊ ပါတီကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ် လောင်းများ၏ ရွေးကောက်ပွဲအသုံး စရိတ်များကို စနစ်တကျ ပြုစုထိန်းသိမ်းထားခြင်း ရှိ မရှိ စစ်ဆေးခြင်း၊ ပါတီ၏နှစ်စဉ် ငွေစာရင်းရှင်းတမ်း များကို ဘဏ္ဍာရေးနှစ်အလိုက် ရေး ဆွဲခြင်း၊ ပါတီပိုင်ပစ္စည်းများနှင့်စပ် လျဉ်းပြီး နှစ်ချုပ်စာရင်းပြုစုခြင်း၊ ယင်းစာရင်းများကို ပါတီတွင်း စာရင်းစစ်ကော်မတီ ထားရှိစစ်ဆေးခြင်း၊ ပါတီစည်းမျဉ်းစည်းကမ်းနှင့်အညီ အတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက်ခြင်း ရှိ မရှိ စစ်ဆေးခြင်း အပါအဝင် လိုအပ်သည့် စာရင်းဇယားများကို စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

နိုင်ငံရေးပါတီများ စစ်ဆေးပြီး စီးမှုအနေဖြင့် ၂၀၂၁ ခုနှစ် သြဂုတ်မှ ဒီဇင်ဘာအထိ စစ်ဆေးပြီးစီးခဲ့သည့် နိုင်ငံရေးပါတီ ၅၁ ပါတီ၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လ တတိယပတ်အထိ စစ်ဆေးပြီးစီးခဲ့သည့် နိုင်ငံရေးပါတီ ၃၅ ပါတီရှိသည့်အတွက် စုစုပေါင်းနိုင်ငံရေးပါတီ ၈၆ ပါတီကို စစ်ဆေးပြီးစီးခဲ့သည်။

သို့သော်လည်း စစ်ဆေးပြီး သည့် နိုင်ငံရေးပါတီ ၈၆ ပါတီအနက် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီက မိမိသဘော ဆန္ဒအလျောက် ပါတီဖျက်သိမ်းခွင့်ပြုရန် တင်ပြလာခဲ့သည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကိုဖျက်သိမ်းသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ကြောင့် လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီအနက် နိုင်ငံရေးပါတီ ၈၅ ပါတီကို စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း၊ စစ်ဆေးရန်ကျန်ရှိသည့် နိုင်ငံရေးပါတီ ခုနစ်ပါတီကိုလည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။

ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကို စစ်ဆေးရာတွင် စာရင်းဇယားများ နောက်ဆုံးအခြေအနေနှင့် ကိုက်ညီအောင် ပြုစုထားရှိမှု အားနည်းခြင်း၊ ငွေစာရင်းများ စနစ်တကျ ရေးဆွဲပြုစုခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေး၊ အတည်ပြုထားရှိရန် လိုအပ်ခြင်း၊ ဘဏ်စာရင်းဖွင့်လှစ်ခြင်း၊ ပါတီတွင်း စာရင်းစစ်ကော်မတီထားရှိခြင်း၊ တတ်ကျွမ်းသည့် ရုံးအဖွဲ့ထားရှိခြင်းနှင့် ငွေစာရင်းအပါအဝင် မှတ်တမ်းစာအုပ်များစနစ် တကျထားရှိခြင်းများ ပြုလုပ်ရန် အားနည်းပျက်ကွက်ခြင်းများကို တွေ့ရှိရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ယင်းအားနည်းချက်များကို အမြန်ပြုပြင်လိုက်နာဆောင်ရွက်ရန် နှင့် ဆောင်ရွက် ပြီးစီးမှုအခြေအနေ များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပြန်လည်တင်ပြရန် နိုင်ငံရေးပါတီများကို အကြောင်းကြားထားကြောင်း စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားသည်။

■ UEC မည်သည့်အချက်များ တွေ့ရှိခဲ့သလဲ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံပါတီများကို စစ်ဆေးရာတွင် ပါတီဝင်အင်အား၊ ပါတီရုံးခန်းဖွင့်လှစ်နိုင်မှု၊ ပါတီရန်ပုံငွေ၊ ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်မှုနှင့် ကိုယ်စားလှယ်လောင်းအသုံးစရိတ်တို့တွင် စိတ်ဝင်စားစရာကောင်းသည့် အချက်အလက်များကို တွေ့ရှိခဲ့သည်။

လက်ရှိတွင် တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီရှိသော်လည်း ပါတီဝင်အင်အား တစ်သိန်းအထက် စည်းရုံးနိုင်သည့် နိုင်ငံရေးပါတီလေး ပါတီသာရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။ ပါတီဝင်အင်အား တစ်သောင်း အထက် စည်းရုံးနိုင်သည့်ပါတီမှာ လည်း လေးပါတီသာရှိခဲ့သည်။ ပါတီဝင်အင်အား ငါးထောင်မှ တစ်သောင်းအတွင်း စည်းရုံးနိုင်သည့် ပါတီမှာ ခြောက်ပါတီရှိပြီး ပါတီဝင်အင်အား တစ်ထောင်မှ ငါးထောင်အတွင်း စည်းရုံးနိုင်သည့် ပါတီမှာ ၇၀ ရှိခဲ့သည်။ ပါတီဝင်အင်အား ငါးရာမှ တစ်ထောင်အကြား စည်းရုံးနိုင်သည့်ပါတီမှာ ရှစ်ပါတီရှိခဲ့သည်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီများကို စစ်ဆေးခဲ့မှုများအပေါ်မှာ အားလုံးကို ခြုံငုံသုံးသပ်ပြီးတော့ တွေ့ရှိချက်ကို တင်ပြလိုတာကတော့ ပါတီအင်အား တစ်သိန်းအထက် စည်းရုံးနိုင်တဲ့ နိုင်ငံရေးပါတီ လေးပါတီရှိပါတယ်။ တစ်သောင်းအထက် စည်းရုံးနိုင်တဲ့ပါတီ လေးပါတီရှိပါတယ်။ ငါးထောင်မှ တစ်သောင်းအတွင်း စည်းရုံးနိုင်တဲ့ပါတီ ခြောက်ပါတီ ရှိပါတယ်။ တစ်ထောင်မှ ငါးထောင်အတွင်း စည်းရုံးနိုင်တဲ့ ပါတီ ၇၀ ရှိပါတယ်။ ၅၀၀ မှ ၁၀၀၀ ကြား စည်းရုံးနိုင်တဲ့ပါတီ ရှစ်ပါတီ ရှိကြောင်း တွေ့ရှိရပါတယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက စက်တင် ဘာ ၂၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထို့ပြင် ပါတီစည်းရုံးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ပါတီရုံးခန်းဖွင့်လှစ်မှုအနေဖြင့် ရုံးခန်း ၁၀၀ နှင့်အထက် ဖွင့်လှစ်နိုင်သည့်ပါတီ လေးပါတီ၊ ရုံးခန်း ၅၀ နှင့် ၁၀၀ ကြား ဖွင့်လှစ်နိုင်သည့်ပါတီ သုံးပါတီ၊ ရုံးခန်း ၂၀ နှင့် ၅၀ ကြား ဖွင့်လှစ်နိုင်သည့်ပါတီ ၁၂ ပါတီ၊ ရုံး ခန်း ၁၀ နှင့် ၂၀ ကြား ဖွင့်လှစ်နိုင်သည့်ပါတီ ၁၄ ပါတီ၊ ရုံးခန်း နှစ်ခန်း မှ ၁၀ ခန်းကြား ဖွင့်လှစ်နိုင်သည့် ပါတီ ၄၄ ပါတီနှင့် ရုံးခန်း တစ်ခန်းသာ ဖွင့်လှစ်နိုင်သည့်ပါတီ ၁၅ ပါတီ ရှိခဲ့သည်။

“ပါတီစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ဖို့အတွက် ပါတီရုံးခန်း ၁၀၀ နဲ့အထက် ဖွင့်လှစ်နိုင်တဲ့ပါတီ လေးပါတီ၊ ရုံးခန်း ၅၀ နဲ့ ၁၀၀ ကြား ဖွင့်လှစ်နိုင်တဲ့ပါတီ သုံးပါတီ၊ ရုံးခန်း ၂၀ နဲ့ ၅၀ ကြား ဖွင့်လှစ်နိုင်တဲ့ပါတီ ၁၂ ပါတီ၊ ရုံးခန်း ၁၀ နဲ့ ၂၀ ကြား ဖွင့် လှစ်နိုင်တဲ့ပါတီ ၁၄ ပါတီ၊ ရုံးခန်း နှစ်ခန်းမှ ၁၀ ခန်းကြား ဖွင့်လှစ်နိုင် တဲ့ပါတီ ၄၄ ပါတီနဲ့ ရုံးခန်း တစ်ခန်းသာ ဖွင့်လှစ်နိုင်တဲ့ ပါတီ ၁၅ ပါတီ ရှိကြောင်း တွေ့ရှိရပါတယ်”ဟု ဦးခင်မောင်ဦးက ပြောကြားသည်။

စစ်ဆေးရန်ကျန်ရှိနေသည့် ပါတီများ၏ စာရင်းများနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ရှိနှင့်ပြီးသား ယခင်စာရင်းများအပေါ် မူတည်၍ တွက်ချက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပါတီရန်ပုံငွေ တွေ့ရှိမှု

နိုင်ငံရေးပါတီများ၏ ပါတီရန်ပုံငွေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ စစ်ဆေးတွေ့ရှိရာတွင် သိန်းထောင် ဂဏန်းအထက်ရှိသည့် ပါတီ ၂၁ ပါ တီ၊ သိန်းရာဂဏန်းအထက်ရှိသည့် ပါတီ ၃၀၊ သိန်းရာဂဏန်းအောက်ရှိ သည့်ပါတီ ၂၀ နှင့် ရန်ပုံငွေလက်ကျန်မရှိသည့်ပါတီ ၁၄ ပါတီရှိပြီး စစ်ဆေးရန်ကျန်နေသည့် ခုနစ်ပါတီ၏ ရန်ပုံငွေပိုင်ဆိုင်မှုကိုမူ သိရှိရခြင်း မရှိသေးပေ။

ဒီနေရာတွင် ရန်ပုံငွေလက်ကျန်မရှိသည့် နိုင်ငံရေးပါတီ ၁၄ ပါတီ အနေဖြင့် ၂၀၂၃ ခုနှစ် သြဂုတ်တွင် ရွေးကောက်ပွဲ ကျင်းပဖြစ်လျှင် မည်သည့်ရန်ပုံငွေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ကို မေးစရာရှိလာသည်။  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း ယင်း ၁၄ ပါတီမှာ မည်သည့်ပါတီများ ဖြစ်သည်ကို တိတိကျကျ ထုတ်ပြန်ထားခြင်း မရှိသည့်အတွက် ယင်းပါတီများမှ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းခွင့် မရရှိခဲ့ပေ။

“ပါတီရန်ပုံငွေနဲ့ပတ်သက်ပြီးတော့ သိန်းထောင်ဂဏန်းနဲ့အထက်ရှိတဲ့ ပါတီ ၂၁ ပါတီ ရှိပါတယ်။ သိန်းရာဂဏန်းနဲ့အထက်ရှိတဲ့ပါတီ ၃၀ ပါတီ ရှိပါတယ်။ သိန်းရာဂဏန်းအောက်ရှိတဲ့ပါတီ ၂၀ ပါတီရှိပါတယ်။ ရန်ပုံငွေ လက်ကျန်မရှိတဲ့ ပါတီ ၁၄ ပါတီ ရှိပါတယ်။ ပိုင်ဆိုင်မှုစစ်ဆေးအတည်ပြုဖို့ ကျန်တဲ့ပါတီ ခုနစ်ပါတီ ရှိပါတယ်”ဟု ဦးခင်မောင်ဦးက ပြောကြားသည်။

နောက်ထပ် စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ အထွေထွေရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်ဦးရေ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှုပင် ဖြစ်သည်။

မြန်မာနိုင်ငံ၌ ကျင်းပပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်ဦးရေ ၅၀၀ ကျော် ယှဉ်ပြိုင်နိုင်သည့်ပါတီမှာ သုံးပါတီသာ ရှိခဲ့သည်။ ကိုယ်စားလှယ်ဦးရေ ၁၀၀ ကျော် ယှဉ်ပြိုင်နိုင်သည့်ပါတီမှာ ခုနစ်ပါတီသာရှိပြီး ကိုယ်စားလှယ်ဦးရေ ၅၀ နှင့် ၁၀၀ ကြား ယှဉ်ပြိုင်နိုင်သည့် ပါတီမှာ လေးပါတီသာ ရှိသည်။ ကိုယ်စားလှယ်ဦးရေ ၁၀ နှင့် ၅၀ ကြား ယှဉ်ပြိုင်နိုင်သည့် ပါတီ မှာ ၂၈ ပါတီရှိပြီး ကိုယ်စားလှယ်ဦး ရေ ၁၀ ဦးအောက် ယှဉ်ပြိုင်နိုင်သည့် ပါတီမှာ ၄၅ ပါတီအထိ ရှိခဲ့သည်။

“အထွေထွေရွေးကောက်ပွဲများမှာ ပါဝင်ယှဉ်ပြိုင်နိုင်မှုကို လေ့လာမယ်ဆိုရင်လည်း ကိုယ်စားလှယ် ၅၀၀ ကျော် ယှဉ်ပြိုင်နိုင်တဲ့ပါတီ သုံးပါတီ၊ ကိုယ်စားလှယ် ၁၀၀ ကျော် ယှဉ်ပြိုင်နိုင်တဲ့ပါတီ ခုနစ်ပါတီ၊ ကိုယ်စားလှယ် ၅၀ နဲ့ ၁၀၀ ကြား ယှဉ်ပြိုင်နိုင်တဲ့ပါတီ လေးပါတီ၊ ကိုယ်စားလှယ် ၁၀ နဲ့ ၅၀ ယှဉ်ပြိုင် နိုင်တဲ့ပါတီ ၂၈ ပါတီနဲ့ ကိုယ်စားလှယ် ၁၀ ဦးအောက်သာ ယှဉ်ပြိုင် နိုင်တဲ့ပါတီ ၄၅ ပါတီ ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်”ဟု ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တွေ့ရှိချက်အရ ကိုယ်စားလှယ်ဦးရေ ၁၀ ဦးအောက် ယှဉ်ပြိုင်နိုင်သည့် ပါတီမှာ ၄၅ ပါတီအထိ ရှိသည့်အတွက် တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီနှင့်ယှဉ်လျှင် ရာခိုင်နှုန်း ၅၀ နီးပါးရှိသည်ကို တွေ့ရသည်။

ထို့ပြင် နိုင်ငံရေးပါတီအသီးသီးက ဝင်ရောက်ယှဉ်ပြိုင်ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ယခင်ရွေးကောက်ပွဲများတွင် သုံးစွဲခွင့်ပြုထားသည့် ရွေးကောက်ပွဲ အသုံးစရိတ် ကျပ် သိန်း ၁၀၀ အပေါ် စိစစ်ရာ၌  ၇၅ သိန်းမှ သိန်း ၁၀၀ အထိ သုံးစွဲသူ ၁၄ ရာခိုင်နှုန်း၊ သိန်း ၅၀ မှ ၇၅ သိန်းကြား သုံးစွဲသူ ၃၀ ရာခိုင်နှုန်း၊ ၁၀ သိန်းမှ သိန်း ၅၀ ကြား သုံးစွဲသူ ၄၉ ရာခိုင်နှုန်းနှင့် ၁၀ သိန်းအောက် သုံးစွဲသူ ခုနစ်ရာခိုင် နှုန်းရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တွေ့ရှိခဲ့သည်။

နိုင်ငံရေးပါတီများအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စိစစ်တွေ့ရှိချက်များကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများ ဖောင်းပွနေသည်ကို တွေ့မြင်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောကြားသည်။

နိုင်ငံရေးပါတီများ ပိုမိုစနစ်ကျ စေရန်အတွက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေအသစ်ကို ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲအတွေ့အကြုံများအပေါ်တွင် မူတည် ၍လည်းကောင်း၊ နိုင်ငံရေးပါတီများကို စစ်ဆေးတွေ့ရှိချက်များအပေါ်တွင် မူတည်၍လည်းကောင်း ပိုမိုပြည့်စုံကောင်းမွန်စေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။

“ဒီလိုဆောင်ရွက်တဲ့အတွက် နိုင်ငံရေးပါတီတွေ တည်ထောင်တဲ့ကိစ္စ၊ နိုင်ငံရေးပါတီတွေ အင်အားစုဖွဲ့တာနဲ့ ရန်ပုံငွေထားတဲ့စာရင်းတွေ ကိစ္စ၊ နိုင်ငံရေးပါတီတွေ ရုံးခန်းတွေ လုပ်တာ။ ပြီးရင် ပါတီလုပ်ငန်းတွေ ဆောင်ရွက်တဲ့ကိစ္စ အဲဒီနေရာမှာ ပိုမိုပြီး စနစ်တကျပြည့်စုံကောင်းမွန်အောင် ကျွန်တော်တို့ လိုအပ်တာများ ဖြည့်စွက်ပြင်ဆင် ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ပါတယ်”ဟု ဦး ခင်မောင်ဦးက ဆိုသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေအသစ်ကို ဥပဒေပြုရေးလုပ်ငန်းစဉ်များအတိုင်း စနစ်တကျစိစစ်ပြီးမှ ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။

“ဒီလုပ်ငန်းကို ဆောင်ရွက်တဲ့အခါမှာ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ရဲ့ စိစစ်မှုတွေ၊ ပြီးကာကျမှ အဆင့်ဆင့် ဆက်လက်ပြီးကာကျမှ ဥပဒေပြုရေးလုပ်ငန်းစဉ်အတိုင်း ဆက်လက် စိစစ် ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးလို့တော့ နိုင်ငံရေးပါတီတွေကို သီးခြား အကြံပြုချက်တောင်းခံတာတွေ မရှိပါဘူး။ ဥပဒေပြုရေးလုပ်ငန်းစဉ်များအတိုင်းပဲ ဆက်လက်ပြီး စနစ်တကျစိစစ်ပြီးကာကျမှ ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီဟာကတော့ စိစစ်ဆောင်ရွက်ဆဲဖြစ်ပါတယ်။ အချိန်မီ ကျွန်တော်တို့ သတ်မှတ်တဲ့ကာလအတွင်းမှာတော့ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။

Most Read

Most Recent