ယူနီဆက်ဖ်ချစ်ကြည်ရေးသံအမတ် ပရီယန်ကာချိုပရာ ကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းတွင် မိန်းကလေးငယ်များ၏ ပညာရေးအကြောင်း ထည့်သွင်းပြောသွား

ယူနီဆက်ဖ်ချစ်ကြည်ရေးသံအမတ် ပရီယန်ကာချိုပရာ ကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းတွင် မိန်းကလေးငယ်များ၏ ပညာရေးအကြောင်း ထည့်သွင်းပြောသွား
Published 20 September 2022

အမေရိကန်အဆိုတော်နစ်ဂျိုးနက်စ်၏ ဇနီး၊ ဘောလိဝုဒ်မင်းသမီး ပရီယန်ကာချိုပရာသည် ကလေးသူငယ်များ၏ အခွင့်အရေးအတွက် ထောက်ခံလှုပ်ရှားသူအဖြစ် လတ်တလောကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ ထိုညီလာခံကို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်မာလာလာယူဆက်ဖ်ဇိုင်၊ ဂျိုးဘိုင်ဒင်သမ္မတအဖြစ် ကျမ်းကျိန်ပွဲသို့ တက်ခွင့်ရခဲ့သူ အမေရိကန်လူငယ်ကဗျာဆရာမ အမန်ဒါဂေါ်မန်တို့လည်း တက်ရောက်ခဲ့ပြီး ပရီယန်ကာနှင့်အတူ ဓာတ်ပုံများလည်း တွဲရိုက်ခဲ့ကြသည်။

ပရီယန်ကာသည် ကမ္ဘာလုံးဆိုင်ရာယူနီဆက်ဖ်ချစ်ကြည်ရေးသံအမတ်အဖြစ် ၂၀၁၆ ခုနှစ်တွင် ခန့်အပ်ခံရပြီး ယူနီဆက်ဖ်နှင့်လက်တွဲလာသည်မှာ ၁၅ နှစ်နီးပါး ရှိပြီဖြစ်သည်။

မိန့်ခွန်းထဲတွင် ပရီယန်ကာက “ကလေးတွေ အထူးသဖြင့် လူငယ်မိန်းကလေးတွေအတွက် အခွင့်အရေးတွေ လွတ်လပ်စွာရရှိရေး၊ ပညာရေးနဲ့ထိတွေ့နိုင်ရေးတို့ဟာ ယူနီဆက်ဖ်သံအမတ်အဖြစ် ကျွန်မရဲ့အဓိကတာဝန်ပါ။ မိန်းကလေးအများစုအတွက် ပညာသင်ခွင့်ရဖို့ကို စိန်ခေါ်မှုတစ်ခုဖြစ်နေတဲ့ အိန္ဒိယမှာ ကျွန်မကြီးပြင်းလာတာပါ။ ကမ္ဘာ့နေရာအများစုမှာ ဖြစ်နေသလိုပါပဲ။ ကလေးတွေဟာ အရမ်းကို ပညာသင်ချင်ကြတယ်။ ဒါပေမဲ့ အခက်အခဲတွေရှိနေတယ်။ ကျွန်မကတော့ တန်းတူညီမျှမှု၊ လူချင်းတရားမျှတမှု၊ ဒီမိုကရေစီတို့ရဲ့ အုတ်မြစ်ဟာ ပညာရေးလို့ လုံးဝယုံကြည်တယ်” ဟု ပြောဆိုသွားသည်။

ပရီယန်ကာသည် ဘောလိဝုဒ်မင်းသမီးများဖြစ်သည့် ကတ်ထရီနာကတ်ဖ်၊ အလီယာဘတ်တို့နှင့် Jee Le Zaraa ဇာတ်ကားထွက်ရန်ရှိပြီး အမေရိကန်စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွဲ Citadel တွင်လည်း ပါဝင်ထားသည်။

Most Read

Most Recent