Squid Game Season 2 တွင် သေဆုံးသွားသည့်ဇာတ်ကောင်များကို ပြန်လည်အသက်သွင်းနိုင်ရေးအတွက်ဒါရိုက်တာ အကျပ်ရိုက်နေ

Squid Game Season 2 တွင် သေဆုံးသွားသည့်ဇာတ်ကောင်များကို ပြန်လည်အသက်သွင်းနိုင်ရေးအတွက်ဒါရိုက်တာ အကျပ်ရိုက်နေ
Photo: AFP
Photo: AFP
Published 18 September 2022

Netflix၏ ကြီးမားသည့် အောင်မြင်မှုရရှိထားသော Squid Game ဇာတ်လမ်းတွဲ၏ ဒါရိုက်တာက လွန်ခဲ့သည့်သီတင်းပတ်တွင် အမ်မီဆုများရရှိခဲ့ပြီး သမိုင်းတွင်ခဲ့ပြီးနောက် Season 2 အတွက် ပြင်ဆင်နေချိန်တွင် သေဆုံးသွားသည့်ဇာတ်ကောင်များကို ပြန်လည်အသက်သွင်းရန် သင့် မသင့်နှင့် မည်ကဲ့သို့ ထည့်သွင်းရမည့်အပေါ် အကျပ်ရိုက်နေကြောင်း စက်တင်ဘာ ၁၆ ရက်က ပြောကြားခဲ့သည်။

Squid Game သည် လွန်ခဲ့သည့်နှစ် စက်တင်ဘာလက ထွက်ရှိလာခဲ့ပြီးနောက် Netflix ၏ ကြည့်ရှုသူအများဆုံး ဇာတ်လမ်းတွဲဖြစ်လာခဲ့ပြီး မရေမတွက်နိုင်သော အွန်လိုင်း memes များနှင့် ဟောလိုးဝင်းဝတ်စုံများ ထွက်ရှိလာခဲ့သည့်အပြင် အစိမ်းရောင်အား ကစားဝတ်စုံများလည်း အရောင်းသွက်ခဲ့ သည်။

အပိုင်းကိုးပိုင်းပါဝင်သည့် ရှင်သန်မှုအတွက် ရုန်းကန်ရသော ယင်းဒရာမာဇာတ်လမ်းတွဲသည် အရင်းရှင်လူ့အဖွဲ့အစည်း၏ နက်ရှိုင်းလှစွာသော မညီမျှမှုကို သရုပ်ဖော်ထားပြီး ငွေကြေးလိုအပ်နေသော ပြိုင်ပွဲဝင်များက ၎င်းတို့ဘဝကို ပြောင်းလဲစေနိုင်သည့် ငွေကြေးပမာဏကို ရရှိနိုင်ရန်အခွင့်အရေးအတွက် ငယ်စဉ်ကလေးဘဝက ဆော့ကစားခဲ့ သည့်ဂိမ်းများကို ဆော့ကစားရသည့် ဇာတ်လမ်းဖြစ်သည်။

ဒါရိုက်တာတစ်ဦးဖြစ်သည့်အပြင် စာရေးဆရာတစ်ဦးလည်းဖြစ်သည့် ဟွမ်ဒေါင်ဟော့က ယင်းဒရာမာဇာတ်လမ်းတွဲအတွက် အကောင်းဆုံးဒါရိုက်တာဆုကိုရရှိခဲ့ပြီး ခေါင်းဆောင်မင်းသား လီဂျွန်ဂျေးက အကောင်းဆုံး ဒရာမာဇာတ်လိုက်မင်းသားဆုကို ရရှိခဲ့သည်။

၎င်းတို့နှစ်ဦးသည် ယင်းဆုဂုဏ်ပုဒ်များကိုရရှိခဲ့သည့် ပထမဆုံး အာရှနိုင်ငံသားများ ဖြစ်သည့်အပြင် အင်္ဂလိပ်ဇာတ်ကားမဟုတ်သော ဇာတ်လမ်းတွဲတစ်ခုမှ ပထမဆုံး အမ်မီဆုရရှိခဲ့ခြင်းလည်းဖြစ်သည်။

ဟွမ်က ၎င်းသည် Season 2 တွင် ကစားမည့်ဂိမ်းများကို စီစဉ်ထားပြီးဖြစ်ပြီး ဇာတ် ညွှန်းရေးသားခဲ့ပြီးဖြစ်သော်လည်း သေဆုံးခဲ့သော ဇာတ်ကောင်များဖြစ်သည့် ဂျီယောင်းနှင့် ဆယ်ဗြောကဲ့သို့ ဇာတ်ကောင်များအပေါ် အကျပ်ရိုက်လျက်ရှိသည်ဟု ဆိုသည်။ “ကျွန်တော်ဂျီယောင်းကို ပြန်ရှင်သန်စေချင်ပေမဲ့ သူ့သူငယ်ချင်း ဆယ်ဗြောက သေသွားခဲ့ပြီလေ။ အဲဒါကြောင့် ကျွန်တော်ဘာလုပ်ရမလဲ စဉ်းစားနေပါတယ်”ဟု၄င်းကဆိုသည်။

Season 2 ကို လာမည့်နှစ်တွင် ရိုက်ကူးသွားမည်ဖြစ်ပြီး၂၀၂၄ တွင် ထုတ်လွှင့်သွားမည်ဖြစ်သည်။

Most Read

Most Recent