သင်ခန်းစာယူစရာ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီး

သင်ခန်းစာယူစရာ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီး
Published 14 September 2022

ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီး (Great Depression) မှာ တစ်ကမ္ဘာလုံး စီးပွားရေးကျဆင်းခဲ့သောအချိန်ဖြစ်ပြီး နေရာအများစုတွင် ၁၉၂၉ ခုနှစ်မှ စတင်ခဲ့ပြီး နေရာဒေသကိုလိုက်၍ ၁၉၃၀ ပြည့်လွန်နှစ်များနှင့် ၁၉၄၀ ပြည့်လွန်နှစ်များအကြား ပြီးစီးခဲ့သည်။ ထိုအဖြစ်အပျက်မှာ ခေတ်သစ်သမိုင်းတွင် အကြီးအကျယ်ဆုံးနှင့် အရေးအပါဆုံး စီးပွားကျဆင်းမှုဖြစ်ပြီး ၂၁ ရာစုတွင် ကမ္ဘာ၏ စီးပွားရေး မည်ရွေ့မည်မျှအထိ ကျဆင်းနိုင်သည်ကို သတ်မှတ်သော စံတစ်ခုဖြစ်လာသည်။ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးသည် အမေရိကန်နိုင်ငံမှ စတင်ခဲ့ပြီး သမိုင်းပညာရှင်တို့က အမည်းရောင်အင်္ဂါနေ့ဟု သိကြသော ၁၉၂၉ ခုနှစ် အောက်တိုဘာလ ၂၉ ရက် စတော့စျေးကွက် ပြိုလဲသည့်နေ့ကို စတင်သည့်နေ့အဖြစ် ရည်ညွှန်းလေ့ရှိကြသည်။

ငွေတန်ဖိုးနိမ့်ကျသွားခြင်းသည် ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ်တွင် အလွန်ဆိုးရွားလှသော ဆိုးကျိုးများကိုဖြစ်စေသည်။ နိုင်ငံတကာကုန်သွယ်ရေးကို အကြီးအကျယ် ထိခိုက်စေပြီး လူတစ်ဦးချင်းဝင်ငွေ၊ အမြတ်ခွန်၊ စျေးနှုန်းနှင့် အမြတ်အစွန်းတို့အပေါ်တွင်လည်း ထိခိုက်မှုကြီးမားသည်။ ကမ္ဘာတစ်ဝန်းလုံးရှိ မြို့တော်များမှာ အလွန်ပင်ထိခိုက်ကြပြီး အကြီးစားလုပ်ငန်းများအပေါ်တွင် မှီခိုနေသော မြို့ပြများမှာ အဆိုးရွားဆုံးဖြစ်သည်။ နိုင်ငံအများအပြားတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို လုံးဝနီးပါး ရပ်ထားရသည်။ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသတို့တွင်လည်း သီးနှံစျေးနှုန်းများ ရာခိုင်နှုန်း ၄၀ မှ ရာခိုင် နှုန်း ၆၀ အထိကျဆင်းသဖြင့် အလွန်ထိခိုက်စေသည်။ ဇောက်ထိုးဆင်းလာသော ဝယ်လိုအားနှင့် အပြောင်းအလဲအဖြစ် လုပ်နိုင်သော အလုပ်အနည်းငယ်သာရှိသဖြင့် အခြေခံ လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများဖြစ်ကြသော လယ်စိုက်ခြင်း၊ သတ္တုတူးဖော် ခြင်းနှင့် သစ်ထုတ်လုပ်ငန်းနယ်ပယ်များမှာ အခံရဆုံးဖြစ်သည်။ ၁၉၂၉ ခုနှစ် ဝေါစထရိ စျေးကွက်ပျက်ပြီး များမကြာမီအချိန်အထိ အကောင်းမြင်မှုများ ရှိနေကြသေးသည်။

ကမ္ဘာ့စီးပွားပျက်ကပ်ကြီးသည် နိုင်ငံပေါ်မူတည်၍ အချိန်ကာလကွဲပြားစွာ ပြီးဆုံးခဲ့သည်။ နိုင်ငံအများစုမှာ သက်သာချောင်ချိရေးအတွက် အစီအစဉ်များကို စတင်ခဲ့ကြပြီး အများစုမှာ နိုင်ငံရေးအရ အလွန်တိုးတက်ပြောင်းလဲခဲ့ပြီး လက်ဝဲလမ်းစဉ်သို့လည်းကောင်း လက်ယာလမ်းစဉ်သို့လည်းကောင်း ယိမ်းခဲ့ကြသည်။ အချို့သောနိုင်ငံများတွင် စိတ်ပျက်လက်ပျက်ဖြစ်နေသော နိုင်ငံသားများသည် မျိုးချစ် (Demagogues) များအဖြစ် ပြောင်းလဲသွားကြသည်။ အဆိုးဆုံးသူမှာ ၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကိုစတင်ခဲ့သော အဒေါ့ဖ် ဟစ်တလာဖြစ်သည်။

ကမ္ဘာ့စီးပွားပျက်ကပ်ကြီးသည် နေ့ချင်းညချင်း စီးပွားရေးပြိုလဲသွားခြင်းမျိုးမဟုတ်။ စတော့စျေးကွက်သည် ၁၉၃၀ ပြည့်နှစ် အစောပိုင်းတွင် ပြန်တက်လာခဲ့ပြီး ၁၉၂၉ ခုနှစ် အစောပိုင်းနှင့်တူသော အခြေအနေသို့ ဧပြီလတွင် ပြန်ရောက်လာခဲ့သည်။ သို့သော် ၁၉၂၉ ခုနှစ် စက်တင်ဘာလ စတော့စျေးကွက်သည် အမြင့်ဆုံးအချိန်ထက် ရာခိုင်နှုန်း ၃၀ မျှ လျော့နည်းနေခဲ့သေးသည်။ ၁၉၃၀ ခုနှစ် ပထမနှစ်ဝက်တွင် အစိုးရများနှင့် စီးပွားရေးလုပ်ငန်းများသည် လွန်ခဲ့သောနှစ် ထိုအချိန်က သုံးစွဲသည်ထက်ပင် ပို၍သုံးစွဲခဲ့ကြသေး သည်။ သို့သော် လွန်ခဲ့သောနှစ်က စတော့စျေးကွက်တွင် အလွန်ရှုံးထားသောသူ အများအပြားပါဝင်သော စားသုံးသူများသည် သူတို့၏အသုံးစရိတ်ကို ရာခိုင်နှုန်း ၁၀ မျှ လျှော့ချခဲ့ကြသည်။ ၁၉၃၀ ခုနှစ် မြောက်ပိုင်းနွေရာသီတွင် အမေရိကန်ပြည်ထောင်စု၏ စိုက်ပျိုးရေး အချက်အချာနယ်မြေသည် အကြီးအကျယ်မိုးခေါင်ခြင်းကြောင့် ဆိုးရွားစွာ ပျက်စီးခဲ့ရသည်။

၁၉၃၀ ခုနှစ်အစောပိုင်းတွင် အကြွေးပေးမည့်သူ အများအပြားရှိပြီး အတိုးနှုန်း သက်သာစွာဖြင့် ရနိုင်သော်လည်း လူအများစုမှာ ချေးငှားခြင်းဖြင့် အကြွေးသစ်ဖြစ်မည်ကို မလိုလားခဲ့ကြပေ။ ၁၉၃၀ ပြည့်နှစ် မေလတွင် ကားရောင်းဝယ်မှုသည် ၁၉၂၈ ခုနှစ်တွင် ရှိခဲ့သော ရောင်းအား၏အောက်သို့ ကျဆင်းခဲ့သည်။ ယေဘုယျအားဖြင့် စျေးနှုန်းများ စတင်ကျဆင်းခဲ့သော်လည်း လုပ်ခများမှာမူ ၁၉၃၀ ခုနှစ်တွင် ပုံမှန်အတိုင်းပင် ရှိနေခဲ့သေးသည်။ သို့သော် ၁၉၃၁ ခုနှစ်တွင် လုပ်ခများ စတင်ကျဆင်းခဲ့သည်။ စားသုံးကုန်ပစ္စည်းများ စျေးကျလာသည့်အတွက် လယ်ယာဒေသများတွင် အခြေအနေ အဆိုးဆုံးဖြစ်သည်။ အလုပ်လက်မဲ့ များပြားလာပြီး အခြားအလုပ်အကိုင်ပြောင်းရန် အခွင့်အလမ်း အနည်းငယ်မျှသာရှိသော သတ္တုတူးဖော်ခြင်းနှင့် သစ်ထုတ်လုပ်ခြင်းတို့မှာလည်း အလားတူပင်ဖြစ်သည်။ အမေရိကန်၏ စီးပွားရေးကျဆင်းမှုသည် အစောပိုင်းတွင် အခြားနိုင်ငံများ၏ စီးပွားရေးကို ကျဆင်းစေသော အကြောင်းအချက်ဖြစ်သည်။ သို့သော် နိုင်ငံတစ်နိုင်ငံစီ၏ အတွင်းပိုင်း အားကောင်းမှု အားမကောင်းမှုပေါ်မူတည်၍ အခြေအနေမှာ ပိုကောင်းခြင်း သို့မဟုတ် ပိုဆိုးသွားခြင်း ဖြစ်ပေါ်သည်။ ၁၉၃၀ ခုနှစ် အမေရိကန်က ပြဋ္ဌာန်းသော စမု-ဟော်လေ (Smoot – Hawley) သွင်းကုန် ထုတ်ကုန်ဆိုင်ရာ အက်ဥပဒေနှင့် အခြားနိုင်ငံများမှ တန်ပြန်ကျင့်သုံးသည့် သွင်းကုန်ထုတ်ကုန် ကန့်သတ်မှုများ အစရှိသည့် နိုင်ငံအသီးသီးမှ မိမိတို့စီးပွားရေးကို ခိုင်မာစေရန် အလန့်တကြား ကြိုးပမ်းမှုအနေနှင့် ပြဋ္ဌာန်းသော ကိုယ်ကျိုးစီးပွားကာကွယ်ရေး ပေါ်လစီများက တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြိုလဲခြင်းကို ပို၍ဆိုးရွားသွားစေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကမ္ဘာ၏ စီးပွားရေး မည်ရွေ့မည်မျှအထိ ကျဆင်းနိုင်သည်ကို သတ်မှတ်သော စံတစ်ခုဖြစ်သည့် ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီးကို လေ့လာခြင်းမှနေ၍ သင်ခန်းစာထုတ်နုတ်ယူနိုင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၁၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent