ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘတ် နတ်ရွာစံပြီးနောက် Netflix ၏ The Crown Season 6 ရိုက်ကူးရေး ရပ်နားခဲ့

ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘတ် နတ်ရွာစံပြီးနောက် Netflix ၏ The Crown Season 6 ရိုက်ကူးရေး ရပ်နားခဲ့
Published 12 September 2022

ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘတ် နတ်ရွာစံခဲ့ပြီးနောက် ဘုရင်မကြီးအကြောင်း ဗဟိုပြုရိုက်ကူးထားသည့် Netflix ၏ အမ်မီဆုရဒရာမာဇာတ်လမ်းတွဲ The Crown ၏ ခြောက်ခုမြောက်နှင့် နောက်ဆုံး Season ရိုက်ကူးမှုကို စက်တင်ဘာ ၉ ရက်တွင် ရပ်နားခဲ့သည်ဟု သိရသည်။

ဗြိတိန်ဘုရင်စနစ်၏ ဘဝများကို ပုံဖော်ရိုက်ကူးထားသော ပီတာမော်ဂန်၏ ဆုရယင်းဇာတ်လမ်းတွဲသည် ဘုရင်မကြီး နတ်ရွာစံကြောင်း ကြေညာချိန်တွင် ရိုက်ကူးရေးလုပ်ဆဲအခြေအနေ၌ ရှိနေခဲ့သည်။

“The Crown ဇာတ်လမ်းတွဲဟာ ဘုရင်မကြီးအတွက် ပေးပို့တဲ့အချစ်သဝဏ်လွှာဖြစ်ပြီး အခုချိန်မှာတော့ ကျွန်တော်ထပ်ထည့်စရာ ဘာမှမရှိတော့ပါဘူး။ လေးစားသမှုနဲ့ တိတ်တိတ်လေးနေထိုင်နေပါတယ်။ လေးစားမှုတွေကြောင့်ပဲ ကျွန်တော်တို့ ရိုက်ကူးရေးကို ရပ်တန့်သွားဖို့ ဆုံးဖြတ်ထားပါတယ်” ဟု မော်ဂန်က အွန်လိုင်းသတင်းဝက်ဘ်ဆိုက် Deadline ကို ပြောကြားခဲ့သည်။

ယင်းသတင်းကို နောက်ပိုင်းတွင် Netflix က ထပ်မံအတည်ပြုခဲ့သည်။ နှစ် ၇၀ ကြာ ထီးနန်းစိုးစံခဲ့ပြီးနောက် စက်တင်ဘာ ၈ ရက်က သက်တော် ၉၆ နှစ်တွင် နတ်ရွာစံခဲ့သည့် ဘုရင်မကြီးကို လေးစားသည့်အထိမ်းအမှတ်အဖြစ် ရိုက်ကူးရေးကို ဆိုင်းငံ့ခဲ့ကြောင်း Netflix က ပြောကြားခဲ့သည်။

ဘုရင်မကြီး၏ စျာပနအခမ်းအနားရက်တွင်လည်း ရိုက်ကူးရေးကို ရပ်တန့်သွားမည်ဟု Netflix က ဆိုသည်။

မင်းသမီး ကလဲယာဖွိုင်းသည် အသက် ၂၅ နှစ်အရွယ်တွင် ရုတ်တရက်ဘုရင်မဖြစ်လာခဲ့သော ဘုရင်မကြီး အဲလစ်ဇဘတ်ဇာတ်ရုပ်အတွက် သရုပ်ဆောင်ပီပြင်မှုဖြင့် အမ်မီဆုနှင့် ရွှေကမ္ဘာလုံးဆုများကို ရရှိခဲ့သည်။

အော်စကာဆုရှင် အိုလီဗီယာ ကိုးလ်မန်းသည် တတိယမြောက်နှင့် စတုတ္ထမြောက် Season များတွင် ဘုရင်မကြီးဇာတ်ရုပ်နေရာအတွက် သရုပ်ဆောင်ခဲ့ပြီး ယခုနှစ်နိုဝင်ဘာလ၌ Netflix တွင် ပွဲဦးထွက်ပြသရန် စီစဉ်ထားသည် ပဥ္စမမြောက် Season တွင် ဘုရင်မကြီး ဇာတ်ရုပ်အတွက် မင်းသမီးအိုင်မယ်ဒါစတွန်တန်က သရုပ်ဆောင်ထားသည်ဟု သိရသည်။

အသစ်ထွက်ရှိလာမည့် Season သည် မင်းသားချားစ်နှင့် မင်းသမီးဒိုင်ယာနာတို့ ကွာရှင်းပြတ်စဲမှုအပါအဝင် ၁၉၉၀ ပြည့်နှစ်အစောပိုင်းနှင့် အလယ်ပိုင်းကာလကအဖြစ် အပျက်များကို လွှမ်းခြုံနိုင်မည်ဟု မျှော်လင့်ထားသည်။

Most Read

Most Recent