မြန်မာ့မီးရထားက ပြေးဆွဲမှုရပ်နားထားသည့် ပုသိမ်-ဟင်္သာတ-ကြံခင်း အစုန်အဆန် အမြန်ရထားအား စက်တင်ဘာ ၁၁ ရက်တွင် စတင်ကာ ပြန်လည်ပြေးဆွဲခဲ့ကြောင်း သတင်းရရှိသည်။
အမှတ် ၁၈၁ ပုသိမ်-ဟင်္သာတ-ကြံခင်း (အဆန်) အမြန်ရထားခရီးစဉ် ပြန်လည်ပြေးဆွဲခြင်းအခမ်းအနားကို စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက ပုသိမ်မြို့ ပုသိမ်ဘူတာတွင် ကျင်းပခဲ့ပြီး နံနက် ၆နာရီတွင် ပုသိမ်ဘူတာမှ ရထား စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။
အလားတူ ၁၈၂ ကြံခင်း-ဟင်္သာတ-ပုသိမ်(အစုန်) အမြန်ရထားခရီးစဉ်ကိုလည်း ကြံခင်းဘူတာမှ နံနက် ၆နာရီတွင် စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။
မြန်မာ့မီးရထားက ယခင်ပြေးဆွဲခဲ့သည့် တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းရှိ တောင်ကြီး-ဘန်းယဉ် အဆန်၊ အစုန် ရထားခရီးစဉ်အား ပြန်လည်ပြေးဆွဲခဲ့သည်။
တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းရှိ တောင်ကြီး-ဘန်းယဉ်ခရီးစဉ်အမှတ် (၁၅၃) အဆန်၊ အမှတ်(၁၅၄)အစုန်ရထား ပြန်လည်ပြေးဆွဲခြင်းအခမ်းအနားကို စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက တောင်ကြီးဘူတာစင်္ကြ၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် တောင်ကြီး-ဆိုက်ခေါင် ရထားလမ်းပိုင်းရှိ တောင်ကြီးဘူတာမှ ဘန်းယဉ်ဘူတာအထိ ၃၃ ဒသမ ၇၁ မိုင်ရှိ ရထားလမ်းပိုင်းတွင် ရထားပြန်လည်ပြေးဆွဲခြင်းဖြစ်ရာ တောင်ကြီး-ဆိုက်ခေါင်ရထားလမ်းပိုင်း၌ ရထားပြေးဆွဲခြင်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်ခန့် ကိုဗစ်-၁၉ ကာလတွင် ယာယီရပ်နားခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ယခုအခါဒေသခံတိုင်းရင်းသားပြည်သူများ၏ တောင်းဆိုချက်အရ မြန်မာ့မီးရထားက ရထားလမ်းပိုင်း ကြံ့ခိုင်တောင့်တင်းမှုရှိစေရေး ပြုပြင်ဆောင်ရွက်ပေးခဲ့ပြီး ရထားစီးခရီးသွားတိုင်းရင်းသားပြည်သူများ စိတ်ချမ်းမြေ့လုံခြုံစွာသွားလာအသုံးပြုနိုင်စေရန် ဆောင်ရွက်ထားပြီး ပြည်သူများ၏ လိုအပ်ချက်ပေါ်မူတည်၍ ခရီးဆုံးဘူတာဖြစ်သည့် ဆိုက်ခေါင်အထိ ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါရထားပြေးဆွဲရာတွင် အမှတ် (၁၅၃) အဆန် လူစီးကုန်တင်ရထားသည် တောင်ကြီးဘူတာမှ မွန်းလွဲ ၂ နာရီခွဲတွင် ထွက်ခွာ၍ ဘန်းယဉ်ဘူတာသို့ ညနေ ၄ နာရီ မိနစ် ၅၀ တွင်လည်းကောင်း၊ အမှတ် (၁၅၄)အစုန် လူစီးကုန်တင်ရထားသည် ဘန်းယဉ်ဘူတာမှ နံနက် ၅ နာရီခွဲတွင် ထွက်ခွာ၍ တောင်ကြီးဘူတာသို့ နံနက် ၈ နာရီတွင်လည်းကောင်း ရောက်ရှိမည်ဖြစ်ရာ ဖာမွန်းဘူတာ၊ နောင်ကားဘူတာ၊ ဟမ်းဆီးဘူတာ၊ကက္ကူ ဘူတာနှင့် ဘန်းယဉ်ဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
မြန်မာ့မီးရထားက ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် အမြန်ရထားတစ်စင်း ထပ်မံတိုးချဲ့ပြေးဆွဲခဲ့ပြီး ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အစုန်/အဆန် ရထားသုံးစင်းဖြင့် ပြေးဆွဲနေကြောင်း သတင်းရရှိသည်။
မြန်မာ့မီးရထားက ရန်ကုန်-ပြည် ရထားလမ်းပိုင်းတွင် အမြန်ရထားတစ်စီး ထပ်မံတိုးချဲ့ပြေးဆွဲခဲ့ပြီး ယခင် ရန်ကုန်ဘူတာကြီးက စတင်ထွက်ခွာသည့် စာပို့ရထားကိုမူ ကြည့်မြင်တိုင်ဘူတာမှ စတင်ထွက်ခွာခြင်းသို့ ပြောင်းလဲပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထားက သတင်းရရှိသည်။