LED ဖန်ပိတ်ကားပြုတ်ကျမှုကြောင့် ဒဏ်ရာရခဲ့သည့် ဟောင်ကောင်ယောကျ်ားလေးဂီတအဖွဲ့ Mirror မှ အကသမား ပြန်ကောင်းလာနို်င်ခြေ နည်းပါး

LED ဖန်ပိတ်ကားပြုတ်ကျမှုကြောင့် ဒဏ်ရာရခဲ့သည့် ဟောင်ကောင်ယောကျ်ားလေးဂီတအဖွဲ့ Mirror မှ အကသမား ပြန်ကောင်းလာနို်င်ခြေ နည်းပါး
Published 6 September 2022

ဟောင်ကောင်ယောကျ်ားလေးဂီတအဖွဲ့ Mirror ၏ဖျော်ဖြေပွဲတစ်ခုတွင် LED ဖန်ပိတ်ကားပြုတ်ကျသဖြင့် ဒဏ်ရာပြင်းထန်စွာရခဲ့သည့် အကသမားမိုလီသည် အိပ်ရာမှ မထနိုင်တော့ဘဲ သူ့အာရုံကြောများ လုံးဝပြန် မကောင်းနိုင်တော့သည့်အလားအလာ ၉၅ ရာခိုင်နှုန်းရှိသည်ဟု ဖခင်ဖြစ်သူလီရှင်းလမ်က ဆိုရှယ်မီဒီယာတွင် လတ်တလောဖွင့်ချထားသည်။

ရှိုးပွဲ မတော်တဆမှုဖြစ်ပြီးနောက်ပိုင်း သားဖြစ်သူ၏အခြေအနေကို လီက ပထမဆုံးအကြိမ် ဖွင့်ထုတ်လိုက်ခြင်းဖြစ်ပြီး သူ့အဆိုအရ တရုတ်နှင့်အနောက်တိုင်းဆရာဝန်များက မိုလီ၏အခြေအနေကို သုံးသပ်ကြရာ ကျောရိုးနှင့်အာရုံခံနာ့ဗ်ကြောများ လုံးဝပြန်မကောင်းနိုင်ခြေ ၉၅ ရာခိုင်နှုန်းရှိသည်ဟု ယူဆထားကြသည်။

မိုလီသည် ဇူလိုင် ၂၈ ရက်က ရှိုးပွဲတွင် ဖျော်ဖြေနေရင်း သူ့အပေါ်ဧရာမ LED ဖန်ပိတ်ကား ပိကျခဲ့သဖြင့် ဆေးကုသနေရပြီး လည်ပင်းအောက်ပိုင်း အကြောသေသွားမည့် အခြေအနေတွင် ရှိနေသည်။

“သားလေးရဲ့ခုတင်ဘေးမှာ ရပ်လိုက်တိုင်း ခံစားရတဲ့နာကျင်မှုက ပြောမပြတတ်အောင်ပါပဲ။ အရင်က သွက်လက်တဲ့သားက အခုတော့ခုတင်ပေါ်မှာ ဘာမှမလုပ်နိုင်တော့ဘူး။ နေ့တိုင်း သူမြင်ရတဲ့အရာက အသက်မဲ့တဲ့မျက်နှာကြက်ကြီးပေါ့” ဟု ဖခင်လီက ဆိုသည်။

သားဖြစ်သူ၏ အခြေအနေမှာဆိုးသော်လည်း မသေသည့်အတွက် ကံကောင်းသေးသည်ဟုလည်း လီက ဖြည့်တွေးနေသည်။

လီသည် ယခုသီတင်းပတ်တွင် သားဖြစ်သူကို တရုတ်အပ်စိုက်ကုထုံးဖြင့် ကုကြည့်ဦးမည်ဖြစ်သည်။ သို့သော် တရုတ်ဆရာဝန်များက ထိုနည်းဖြင့် ပြန်ကောင်းလာမည်ဟု သူတို့သိပ်မသေချာကြောင်းလည်း ကြိုတင်အသိပေးထားသည်။

သတင်းရင်းမြစ်တစ်ဦးအဆိုအရ မိုလီ၏ကျောရိုးရှိ C3 နှင့် C4 ကျောဆစ်နေရာသည်  အတော်ထိခိုက်သွားခြင်းဖြစ်ပြီး ထို့အတွက် သူသည် ပခုံးအထက်ပိုင်းသာ လှုပ်ရှားနိုင်မည်ဖြစ်သည်။

သားဖြစ်သူခံစားခဲ့ရသည့် ဖြစ်ရပ်ဆိုးအတွက် တာဝန်ယူတာဝန်ခံမည့်သူ မပေါ်သေးသည့်အတွက် ဖော်ထုတ်ဆုံးဖြတ်ပေးရန်လည်း ဖခင်က အစိုးရကို ထပ်မံတောင်းဆိုထားသည်။

Most Read

Most Recent