နစကဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ရှိ ရေတပ်လေ့ကျင့်ရေး သင်တန်းကျောင်းနှင့် အရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ်သို့ သွားရောက်လေ့လာ

နစကဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ရှိ ရေတပ်လေ့ကျင့်ရေး သင်တန်းကျောင်းနှင့် အရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ်သို့ သွားရောက်လေ့လာ
Published 5 September 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၅ ရက်တွင် ဗလာဒီဗော့စတော့ခ်မြို့ရှိ ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း၊ အရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ်နှင့် ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

နစကဥက္ကဋ္ဌဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဦးစွာ Makarov Pacific Higher Naval School သို့ရောက်ရှိရာ ကျောင်းအုပ်ကြီး Rear-Admiral Vladimir Vasilievich BURAKOV နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ပြီး သင်တန်းကျောင်းအတွင်း သင်တန်းသားအဆောင်နှင့် ဌာနများ ဖြန့်ခွဲဆောင်ရွက်ထားရှိမှု၊ နှစ်စဉ်သင်တန်းသားများကို စိစစ်ရွေးချယ် တက်ရောက်စေလျက်ရှိမှုနှင့် သင်တန်းသားများအား သင်တန်းနှစ်အလိုက်နှင့် ဘာသာရပ်အလိုက်သင်ကြား လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများနှင့် သင်တန်းသမိုင်းအကျဉ်းတို့ကို ရှင်းလင်းတင်ပြရာ နစကဥက္ကဋ္ဌက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ရေတပ်လေ့ကျင့်ရေး ကျောင်းအတွင်းလှည့်လည်၍ စာသင်ခန်းများအတွင်း သင်ကြားမှုသင်ယူမှုအထောက် အကူပြုပစ္စည်းများ၊ Multimedia Room များဖြင့် စနစ်တကျလေ့ကျင့်ပေးလျက်ရှိမှုအခြေအနေများ၊ အလုပ်ရုံများအတွင်း သင်တန်းသားများ စက်မှု၊ လက်မှုပညာရပ်များဖြင့် လက်တွေ့လေ့ကျင့်ဆောင်ရွက်နေမှုအခြေအနေများ၊ သင်တန်းသားများ၏ စားရေး၊ နေရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးထားသည့် အခြေအနေများ၊ စာကြည့်တိုက်အား IT Technology စနစ်ဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သင်တန်းသားများကိုယ်တိုင် တီထွင်ထားရှိသည့် ဆိုလာစနစ်သုံးရေယာဉ်အား စမ်းသပ်မောင်းနှင်လျက်ရှိသည့် အခြေအနေများ၊ ကြံ့ခိုင်မှုဌာန၊ အိပ်ဆောင်များ စသည်တို့ကို လေ့လာကြည့်ရှုခဲ့ပြီး ကျောင်းအုပ်ကြီး၊ ဌာနအလိုက်တာဝန်ခံနည်းပြအရာရှိကြီးများ၊ သင်တန်းသားများက လိုက်လံရှင်းလင်းတင်ခဲ့ကာ နစကဥက္ကဋ္ဌက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါ Makarov Pacific Higher Naval School ရေတပ်လေ့ကျင့်ရေးကျောင်းသည် ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်ရှိသည့် ရေတပ်လေ့ကျင့်ရေး ကျောင်းများအနက် တစ်ခုဖြစ်ကြောင်း၊ ရုရှားနိုင်ငံ၏ Pacific Fleet အတွက် အရာရှိများကို ပြန်တမ်းဝင်အဖြစ် ခန့်အပ်ပေးလျက်ရှိပြီး ၁၉၃၇ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ရုရှားနိုင်ငံ၏ တတိယမြောက်ရေတပ်လေ့ကျင့်ရေးကျောင်းအဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် နစကဥက္ကဋ္ဌ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ် Pacific Fleet Headquarters သို့ ရောက်ရှိလေ့လာကြရာ Deputy Commander of Pacific Navy Fleet ဖြစ်သူ Rear-Admiral Vladimir ASTAKHOV နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ပြီး ရေငုပ်သင်္ဘောဌာနချုပ်အတွင်း ရေငုပ်သင်္ဘောများပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှု၊ ကမ်းကပ်ရေငုပ်သင်္ဘောများ၏ လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနေမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသရာ နစကဥက္ကဋ္ဌက သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ်သည် ရုရှားနိုင်ငံရေပိုင်နက်များအတွင်း၌ ရေတပ်စစ်ရေးလေ့ကျင့်မှုများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတော်၏ လုံခြုံရေးအတွက် နေ့/ညမပြတ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရေတပ်ဌာနချုပ် တစ်ခုဖြစ်ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့အတူ စက်တင်ဘာ ၅ ရက် ညနေပိုင်းတွင် နစကဥက္ကဋ္ဌဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း Commercial Port OF Vladivostok သို့ ရောက်ရှိလေ့လာရာ Far Easterm Shipyard Company (FESC) ၏ အကြီးအကဲ Mr. Andrey Severilov နှင့် Board of Directors အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ခဲ့ပြီး အစည်းအဝေးခန်းမတွင် (FESC)၏ အကြီးအကဲက (FESC)၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်စည်စီးဆင်းမှု ဆိုင်ရာဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် ဆိပ်ကမ်းလုပ်ငန်းပိုင်းဆိုင်ရာနှင့် ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထိုသို့ ရှင်းလင်းဆွေးနွေးမှုများအပေါ် နစကဥက္ကဋ္ဌက ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုကဏ္ဍ မြှင့်တင်ဆောင်ရွက်နေသည့် အခြေအနေများ၊ ကုန်စည်ပို့ဆောင်နိုင်မည့်အခြေအနေများနှင့် အခြားသိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီးနောက် နစကဥက္ကဋ္ဌ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဆိပ်ကမ်း အတွင်းလှည့်လည်ကြည့်ရှုလေ့လာရာ ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း Managing Director ဖြစ်သူ Mr. Vladimir Korchanov နှင့် တာဝန်ရှိသူများက Container Terminal နှင့် Universal Terminal တို့၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ကိုယ်ပိုင်သင်္ဘောကြီးများ၊ ကွန်တိန်နာများ၊ ရထားလမ်းများ၊ ကုန်းလမ်းပို့ဆောင်ရေးယာဉ်များဖြင့်(FESC)၏ လုပ်ငန်းဆောင်ရွက်မှုကို လည်ပတ်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး နစကဥက္ကဋ္ဌက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။