အမေရိကန်သမ္မတဟောင်း ဘားရတ်အိုဘားမား Netflix ၏ မှတ်တမ်းရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြင့် အကောင်းဆုံးနောက်ခံစကားပြော အမ်မီဆုကို ရရှိ

အမေရိကန်သမ္မတဟောင်း ဘားရတ်အိုဘားမား Netflix ၏ မှတ်တမ်းရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြင့် အကောင်းဆုံးနောက်ခံစကားပြော အမ်မီဆုကို ရရှိ
Published 5 September 2022

အမေရိကန်သမ္မတဟောင်း ဘားရတ်အိုဘားမားက ၎င်း၏ Netflix မှတ်တမ်းရုပ်သံဇာတ်လမ်းတွဲ Our Great National Parks ဖြင့် စက်တင်ဘာ ၃ ရက်တွင် အကောင်းဆုံးနောက်ခံစကားပြော အမ်မီဆုကိုရရှိခဲ့သည်ဟု သိရသည်။

အိုဘားမား၏ ထုတ်လုပ်ရေးကုမ္ပဏီ Higher Ground က ကမ္ဘာတစ်ဝန်းရှိအမျိုးသားဥယျာဉ်များတွင် အပိုင်းငါးပိုင်းပါဝင်သည့် မှတ်တမ်းရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့သည်။

အိုဘားမားသည် ယခင်က ဂရမ်မီဆုနှစ်ဆုကို ရရှိခဲ့သည့်အတွက် Egot တစ်ဦးဖြစ်လာရန် လမ်းတစ်ဝက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အမ်မီ၊ ဂရမ်မီ၊ အော်စကာနှင့် တိုနီဆုများကို ရရှိသည့်တစ်စုံတစ်ယောက်အား Egot တစ်ဦးဟု သတ်မှတ်ခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ မယ်ဘရွတ်စ်၊ ဝတ်ပီဂိုးဘာ့ဂျ်၊ သြဒရေးဟပ်ဘန်းနှင့် ဂျနီဖာဟက်ဆန်အပါအဝင် Egot အဖြစ် သတ်မှတ်ခံရသူ ၁၇ ဦးရှိသည်။

အိုဘားမားသည် သမိုင်းတစ်လျှောက် အမ်မီဆုကို ရရှိသည့် ဒုတိယမြောက်အမေရိကန်သမ္မတ ဖြစ်လာခဲ့သည်။ သမ္မတဒွိုက်ဒေးဗစ်အိုင်ဆင်ဟောင်ဝါသည် ၁၉၅၆ ခုနှစ်က အထူးအမ်မီဆုတစ်ဆုကို ရရှိခဲ့သည်။

အိုဘားမား၏ Netflix မှတ်တမ်းရုပ်သံ ဇာတ်လမ်းတွဲသည် တိုက်ကြီးငါးတိုက်မှ သဘာဝအလှတရားများကို ပြသထားပြီး ချီလီနိုင်ငံ Patagonia နှင့် အင်ဒိုနီးရှားအပါအဝင်နေရာအများအပြားကို ရိုက်ကူးပြသထားသည်။

အကောင်းဆုံးနောက်ခံစကားပြောဆုအတွက် အခြားဆန်ခါတင်စာရင်းဝင်သူများတွင် ဒေးဗစ် အက်တန်ဘိုရော့ဗ်၊ လူပီတာညောင်အိုနှင့် ကာရင်းအဗ္ဗဒူဂျက်ဘားတို့ပါဝင်သည်။ ၂၀၁၇ ခုနှစ်တွင် သမ္မတတာဝန်ပြီးဆုံးခဲ့ပြီးနောက် အိုဘားမားနှင့် ၎င်း၏ဇနီးဖြစ်သူ မီရှဲတို့သည် Higher Ground ကိုတည်ထောင်ခဲ့ပြီး Netflix နှင့် ဒေါ်လာသန်းချီတန်ကြေးရှိ သဘောတူညီမှုများကို ပြုလုပ်ခဲ့သည်။

အိုဘားမားသည် ၎င်း၏ဘဝအတွေ့အ ကြုံမှတ်တမ်းများဖြစ်သည့် “The Audacity of Hope” နှင့် “Dreams From My Father” ၏ အသံဗားရှင်းအတွက် ဂရမ်မီဆုများကိုရရှိခဲ့သည်။ ၂၀၂၀ ခုနှစ်တွင်ကွယ်လွန်ခဲ့သည့် ချက်ဝတ်ဘိုစ့်မန်းသည်လည်း Disney+ နှင့် Marvel Studios တို့၏အန်နီမေးရှင်း What If..အတွက် ထူးချွန်ဇာတ်ကောင် နောက်ခံအသံဆုကို ရရှိခဲ့သည်။

Most Read

Most Recent