ရေကြီးရေလျှံမှုကို ကာကွယ်ခြင်း

ရေကြီးရေလျှံမှုကို ကာကွယ်ခြင်း
Published 2 September 2022

ရေကြီးရေလျှံမှုဆိုသည်မှာ ပုံမှန်အားဖြင့် ခြောက်သွေ့နေသော မြေနေရာများ ရေစီးမှုကြောင့် နစ်မြုပ်သွားခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ “ဥရောပသမဂ္ဂ ရေကြီးမှုညွှန်ကြားချက်၏အဆိုအရ ပုံမှန်အားဖြင့် ရေဖုံးလွှမ်းမနေသော မြေများ ရေဖုံးလွှမ်းခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။” ရေစီးမှုဆိုရာတွင် လှိုင်းများ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခြင်းလည်း ပါဝင်သည်။ ရေရှိရာနေရာများဖြစ်သော မြစ်များနှင့် ရေကန်များတွင် တာရိုးများပေါ်မှ ရေကျော်ခြင်းနှင့် ကျိုးပျက်ခြင်းတို့ကြောင့် ရေလျှံကျပြီး အချို့သောရေများ ၎င်းတို့ပုံမှန်တည်ရှိရာ နယ်နိမိတ်မှ ကျော်လွန်ထွက်သွားသည့်အခါတွင် ရေကြီးခြင်းဖြစ်ပေါ်တတ်သည်။ ထို့ပြင် ရေစိမ့်မဝင်နိုင်သော မြေပေါ်တွင် မိုးရေများ အများအပြားကျရောက်ခြင်းကြောင့်လည်း ရေကြီးခြင်းဖြစ်ပေါ်နိုင်သည်။ ရေကန်များနှင့် အခြားရေရှိရာနေရာများ၏ အရွယ်အစားမှာ မိုးရေချိန် သို့မဟုတ် ဆီးနှင်းပျော်ကျမှုအပေါ်မူတည်၍ ပြောင်းလဲတတ်သော်လည်း ၎င်းင်း တို့ကြောင့် ပစ္စည်းဥစ္စာများ နစ်မြုပ်ခြင်းနှင့် အိမ်မွေးသတ္တဝါများ ရေနစ်ခြင်းတို့ မဖြစ်ပေါ်ပါက ထူးခြားမှုရှိသည်ဟု မသတ်မှတ်ပေ။

မြစ်များအတွင်း ရေစီးနှုန်းမှာ မြစ်ကြောင်း၏ ရေထိန်းနိုင်မှုပမာဏကို ကျော်လွန်သွားသည့်အခါတွင်လည်း ရေလျှံခြင်းဖြစ်ပေါ်တတ်ပြီး ပုံမှန်အားဖြင့် မြစ်ကွေ့မြစ်ကောက် နေရာများတွင် ဖြစ်ပေါ်တတ်သည်။ ရေကြီးမှုကြောင့် မြစ်များ၏ ရေလျှံကျနိုင်သော နေရာတွင်ရှိသည့် အိမ်များနှင့် စီးပွားရေးလုပ်ငန်းများ ပျက်စီးနိုင်သည်။ မြစ်နှင့်ဆိုင်သော ရေကြီးမှုကို ရှောင်လွှဲရန်အတွက် မြစ် သို့မဟုတ် အခြားရေရှိရာနေရာများမှ အဝေးသို့ ပြောင်းလဲနေထိုင်နိုင်သော်လည်း လူများသည် မြေနေရာပြန့်ပြူးခြင်း၊ မြေသြဇာ ကောင်းမွန်ခြင်းနှင့် မြစ်ကိုအသုံးပြု၍ ကုန်သွယ်မှုပြုလုပ်နိုင်ခြင်းတို့ကြောင့် မြစ်အနီးတွင် နေထိုင်လေ့ရှိကြသည်။ အချို့သောရေကြီးမှုများမှာ ဖြည်းဖြည်းချင်းဖြစ်ပေါ်တတ်သော်လည်း မိုး အရိပ်အယောင်မှပင်မမြင်ရဘဲ မိနစ်ပိုင်းအတွင်း ရုတ်တရက်ရေကြီးခြင်းလည်း ဖြစ်ပေါ်နိုင်သည်။ ရေကြီးမှုများမှာ အိမ်အနီးအနား သို့မဟုတ် ပတ်ဝန်းကျင်ကိုထိခိုက်စေသော ဒေသတွင်း ရေကြီးမှုများဖြစ်နိုင်သကဲ့သို့ မြစ်ဝှမ်းဒေသတစ်ခုလုံးကို ထိခိုက်စေနိုင်အောင် ကြီးမားသော ရေကြီးမှုများလည်းဖြစ်နိုင်သည်။

ရေကြီးစဉ်အတွင်း လူများသည် ကုန်းပြင်မြင့်များသို့ ရှောင်တိမ်းသင့်သည်။ ထိုသို့ ဘေးလွတ်ရာသို့ တိမ်းရှောင်ခြင်းကို ဘေးလွတ်ရာရွှေ့ပြောင်းခြင်းဟုခေါ်သည်။ ရေကြီးစဉ်အတွင်း ဘေးပတ်လည်တွင် ရေများဝိုင်းနေသော်လည်း သောက်သုံးရန် မသင့်ပေ။ အကယ်၍ သောက်သုံးခဲ့ပါလျှင် ဝမ်းလျှောခြင်း၊ ဝမ်းပျက်ခြင်းတို့ ဖြစ်နိုင်သည်။ ရေကြီးခြင်းကိုကာကွယ်ရန် သောက်သုံးရေစုဆောင်းခြင်း၊ သဲအိတ်များစုဆောင်းခြင်းဖြင့် ကြိုတင်ပြင်ဆင်နိုင်သည်။ မြစ်ချောင်းများမှ ရေကြီးခြင်းကိုကာကွယ်ရန် ကမ်းနဖူးများ ဆောက်လုပ်ခြင်း၊ ရေထိန်းနံရံများ တည်ဆောက်ခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။

အရေးကြုံလာလျှင် ရပ်ရွာလူထုအတွက် အဆင်သင့်ဖြစ်နေစေရန် ကြက်ခြေနီ၊ အရန်မီးသတ်စသည့် လူမှုရေးအဖွဲ့များအကူအညီဖြင့် သက်ဆိုင်ရာတို့အနေဖြင့် အောက်ပါတို့ကို ကြိုတင်ပြင်ဆင်ထားရပါမည်။ (၁) ကုန်းမြင့်နေရာများကိုရွေးချယ်ကာ လူအများ နေနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားပါ။ (၂) သောက်ရေ၊ ဆန်အိတ်၊ ဆီပုံး၊ ပဲအိတ်၊ ဆား၊ ငါးပိ၊ ငါးခြောက်စသည့် အစားအသောက်၊ အခြောက်အခြမ်းများကို စုဆောင်းကာ ထို ကုန်းမြင့်နေရာများတွင် လေလုံမိုးလုံ အမိုးအကာလုပ်ကာ ထားပါ။ (၃) ပြည်သူများကိုလည်း မိုးလေဝသ နောက်ဆုံးသတင်းများ အမြဲထုတ်ပြန်ကြေညာပေးပါ။ (၄) ရှေးဦးသူနာပြုသေတ္တာ၊ ဆေးဝါးများ စုဆောင်းပြီး လိုအပ်လျှင် အဆင်သင့်ရနိုင်စေရန် ပြင်ဆင်ထားပါ။ (၅) ကယ်ဆယ်ရေးအဖွဲ့များဖွဲ့ပြီး တာဝန်များ သတ်သတ်မှတ်မှတ်ပေးပါ။ ဥပမာ - ကလေးနှင့် လူကြီးသူမများ ကယ်ဆယ်ရေးအဖွဲ့၊ သဲအိတ်များ စုဆောင်းနေရာချထားရေးအဖွဲ့၊ ကြက်ခြေနီအဖွဲ့၊ အစားအသောက်စုဆောင်းရေးအဖွဲ့၊ တဲဆောက်လုပ်ရေးအဖွဲ့ အစရှိသဖြင့်။ (၆) ဤအဖွဲ့များကို တကယ်ရေကြီးလာလျှင် အဆင်သင့်ဖြစ်နေစေရန် ကြိုတင် လေ့ကျင့်မှုများ ပြုလုပ်ထားပါ။ ဥပမာ - တဲထိုးနည်း၊ ရှေးဦးသူနာပြုစုနည်း၊ လှေလှော်နည်း အစရှိသဖြင့်။ (၇) ရေလျှံလာလျှင် သုံးနိုင်ရန် လှေ၊ ၀ါးဖောင် စသည်တို့ အဆင်သင့် ပြုလုပ် ထားပါ။ (၈) ရေဘေးကြုံလာလျှင် စိတ်အားမငယ်ကြရန်၊ အထိတ်တလန့် မဖြစ်ကြရန် အားပေးရမည့်အစီအစဉ်များကိုလည်း စနစ်တကျပြင်ဆင်ထားပါ။ (၉) အခြားရွာ၊ အဖွဲ့ များနှင့် အဆက်ပြတ်မနေစေရန် ဆက်သွယ်ရေးနည်းလမ်းများကိုလည်း ကြိုတင်ကြံဆထားပါ။

ထို့ကြောင့် ရေလွှမ်းမိုးမှုဖြစ်ပွားသည့်အခါ လူအသေအပျောက်နှင့် ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှနည်းအောင် သက်ဆိုင်ရာတို့အနေဖြင့် စီမံကိန်းများချကာ အရေးတယူ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ စက်တင်ဘာ ၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent