ငွေမည်းခဝါချမှုနှင့်စပ်လျဉ်းပြီး လာရောက်အမှုရင်ဆိုင်ရန် ဒေလီတရားရုံးက နာမည်ကျော်ဘောလိဝုဒ်မင်းသမီး ဂျက်ကလင်းဖာနန်ဒတ်ဇ်ကို ဆင့်ခေါ်

ငွေမည်းခဝါချမှုနှင့်စပ်လျဉ်းပြီး လာရောက်အမှုရင်ဆိုင်ရန် ဒေလီတရားရုံးက နာမည်ကျော်ဘောလိဝုဒ်မင်းသမီး ဂျက်ကလင်းဖာနန်ဒတ်ဇ်ကို ဆင့်ခေါ်
(Photo : Onmanorama)
(Photo : Onmanorama)
Published 1 September 2022

 ငွေလိမ်စားသူ ဆူကက်ရှ် ချန်ဒရာရှေကာ ပါဝင်ပတ်သက်နေပြီး အိန္ဒိယနိုင်ငံ၏ စီးပွားရေးဆိုင်ရာထောက်လှမ်းရေးအေဂျင်စ (ED) က စုံစမ်းစစ်ဆေးနေသည့် ရူပီးကုဋေ ၂၀၀ ငွေမည်းခဝါချမှုကိစ္စနှင့်ပတ်သက်ပြီး  ဒေလီတရားရုံးတစ်ရုံးက ဘောလိဝုဒ်မင်းသမီး ဂျက်ကလင်းဖာနန်ဒတ်ဇ်ကို ရုံးတော်သို့ ဆင့်ခေါ်ထားသည်။

အဆိုပါဆင့်ခေါ်ချက်အရ ဂျက်ကလင်းသည် ယခုစက်တင်ဘာ ၂၆ ရက်တွင် ရုံးတော်သို့ လာရောက်ရမည်ဖြစ်ပြီး   သူ့ကို ဆူကက်ရှ် ကျူးလွန်ထားသည့် ငွေညှစ်မှု၊ ငွေမည်းခဝါချမှုတို့နှင့် ဆက်နွယ်ပတ်သက်နေသူအဖြစ် ED က သတ်မှတ်ထားသည်။

ဂျက်ကလင်းသည် ဆူကက်ရှ်နှင့် သတင်းထွက်ခဲ့ပြီး သူတို့ချင်းနီးနီးကပ်ကပ်ရှိနေသည့် ဓာတ်ပုံများလည်း အွန်လိုင်းတွင် ပျံ့ခဲ့ဖူးသည်။

ထင်ရှားသူများထံမှလိမ်လည်ရရှိသည့်  ငွေများဖြင့် ဆူကက်ရှ်က ဂျက်ကလင်းကို လက်ဆောင်များဝယ်ပေးသည်ဟု အေဂျင်စီက သံသယရှိနေပြီး ထိုအမှုအတွက် ဂျက်က လင်းသည် အကြိမ်ရေများစွာ စစ်ဆေးခံထား ရကာ ဇွန်တွင်နောက်ဆုံးအကြိမ် စစ်ဆေးခံထားရသည်။

အာဏာပိုင်များက ဂျက်ကလင်းအား သြဂုတ် ၂၉ ရက်တွင် လာရောက်အစစ်ဆေးခံရန် ဆင့်ခေါ်ခဲ့သော်လည်း ရောက်မလာသည့်အတွက်၊ စက်တင်ဘာ ၁၂ ရက်တွင် လာရောက်ပေးရန် ထပ်မံဆင့်ခေါ်ထားကာ ဂျက်ကလင်းဘက်က လက်ခံထားသည်။

ဂျက်ကလင်းသည် ထိုအမှုအတွက် သူ့ဥပဒေရေးရာအဖွဲ့မှတစ်ဆင့် ရုံးတော်သို့ တုံ့ပြန်ထားပြီး ဘဏ်တွင်အပ်နှံထားသည့်ငွေများသည် သူ့ကိုယ်ပိုင်ဝင်ငွေများသာဖြစ်ပြီး ဆူကက်ရှ် ချန်ဒရာရှေကာ ပေးထားသည့်ငွေများမဟုတ်ဟု အခိုင်အမာ ကာကွယ်ပြောဆိုထားသည်။

သြဂုတ်လအစောပိုင်းတွင်လည်း ဂျက်ကလင်း၏ရှေ့နေက  ဂျက်ကလင်းသည် ၎င်းအမှု၏စတေးခံရသူသာဖြစ်ကာ သူ့ကိုတရားခံအဖြစ် မသတ်မှတ်သင့်၊ အပြစ်မဲ့သူတစ်ဦး ကို သူမကျူးလွန်သည့်အပြစ်အတွက် စွပ်စွဲမည်ဆိုလျှင် ထိုသူအတွက်နာကျင်စရာကောင်းလှဟု E Times သို့ ပြောဆိုထားသည်။ လက်ရှိတွင် ED က ဂျက်ကလင်း၏ပိုင်ဆိုင်မှုများထဲမှ ရူပီး ခုနစ်ကုဋေကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုကို သိမ်းယူထားသည်။

Most Read

Most Recent