၂၀၁၆ ခုနှစ်က လေယာဉ်ပေါ်မှရန်ပွဲဖြစ်စဉ်အတွက် ဘရတ်ပစ်ကို အန်ဂျလီနာဂျိုလီက အမည်မဖော်ဘဲအမှုဖွင့်ခဲ့

၂၀၁၆ ခုနှစ်က လေယာဉ်ပေါ်မှရန်ပွဲဖြစ်စဉ်အတွက် ဘရတ်ပစ်ကို အန်ဂျလီနာဂျိုလီက အမည်မဖော်ဘဲအမှုဖွင့်ခဲ့
(Photo : Animated Times)
(Photo : Animated Times)
Published 19 August 2022

လေယာဉ်ပေါ်တွင်ဖြစ်ခဲ့ဖူးသည့်ရန်ပွဲကိစ္စအတွက် ဘရတ်ပစ်ကို FBI ထံ တိုင်တန်းအမှုဖွင့်ခဲ့မှု၏နောက်ကွယ်မှ အမည်မဖော်တရားလိုသည် အန်ဂျလီနာဂျိုလီဖြစ်သည်ဟု ဟောလိဝုဒ်သတင်းများကိုဖော်ပြသည့် Puck မီဒီယာက ဆိုသည်။

၎င်းမီဒီယာအဆိုအရ ၂၀၁၆ ခုနှစ်က လေယာဉ်တစ်စင်းပေါ်တွင် ဘရတ်ပစ်က သူနှင့် သူ့သားသမီးများကို နှုတ်ဖြင့်ရော လူကိုယ်တိုင်ပါ ရမ်းကားပြီး ထိခိုက်စေခဲ့သည်ဟု FBI အေးဂျင့်တစ်ဦးကို ဂျိုလီက အသိပေး တိုင်ခဲ့သည်။

ဘရတ်ပစ်က ဂျိုလီကို လေယာဉ်အ နောက်ဘက်သို့ခေါ်သွားပြီး ပခုံးကိုကိုင်၊ ဆောင့်တွန်းကာ   “နင်ကဒီမိသားစုကိုဖျက်ဆီးနေတာပဲ” ဟုအော်ငေါက်ပြောခြင်း၊ ဘရတ်ပစ်မူးနေချိန် လက်ပါမှုကြောင့် ဂျိုလီမှာအနာတရဖြစ်ခဲ့ပြီး ဘီယာနှင့်လောင်းချခံရခြင်း စသည့်အဖြစ်များလည်း ဖြစ်ပွားခဲ့သည်။ ဘရတ်ပစ်ဘက်ကမူ ထိုသို့စွပ်စွဲသည်များကို ငြင်းခဲ့သည်။

သို့သော်သက်ဆိုင်ရာအာဏာပိုင်များဘက်က ဘရတ်ပစ်ကို မည်သည့်စွဲချက်မျှ မတင်ခဲ့သည့်အတွက် ဂျိုလီက ဘရတ်ပစ်နှင့် ဆိုင်သည့်စုံစမ်းစစ်ဆေးမှုဆိုင်ရာစာရွက်စာတမ်းများကိုရယူရန် အမည်လွှဲပြောင်းကာ FBI ကိုပါ တရားစွဲခဲ့သည်။

Jane Doe အနေဖြင့်စွဲဆိုခဲ့ခြင်းဖြစ်ပြီး  ဘာကြောင့်ဘရတ်ပစ်ကို အရေးမယူသနည်း ဆိုသည့်အဖြေကိုရှာဖွေရန် ဂျိုလီက စစ်ဆေးမှုအထောက်အထားများကို တောင်းယူခဲ့သည်။ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၄ ရက်က  ပြင်သစ်မှ လော့စ်အိန်ဂျလိစ်သို့သွားစဉ်ဖြစ်ခဲ့သည့် အဆိုပါလေယာဉ်ကိစ္စသည် သူတို့ ဇနီးမောင်နှံကွဲရခြင်း၏ အစဖြစ်သည်။

Page Six ဖော်ပြချက်အရ ဘရတ်ပစ် နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကမူ ဂျိုလီနှင့်ပစ် နှစ်ဦးစလုံးက ထိုစာရွက်စာတမ်းများကိုရပြီးသားဖြစ်ပြီး  ပြီးခဲ့သည့်ငါးနှစ်ခွဲကတည်းက ဂျိုလီသိထားသည့် အချက်အလက်များပင်ဖြစ်ကာ မည်သည့်အကြောင်းအရာ အသစ်မှမပါ၊ ဂျိုလီနှင့်သူ့အဖွဲ့က အာရုံစိုက်ခံရရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု တုံ့ပြန်ထားသည်။

ထိုကိစ္စကို အများသိအောင် ချပြနေခြင်း အားဖြင့် သူ့ကိုထိခိုက်အောင် ဂျိုလီကစီစဉ်နေသည်ဟု ဘရတ်ပစ်ကယူဆနေသည်ဟုလည်း ၎င်းကဆိုသည်။

သူတို့နှစ်ဦးသည် ၂၀၁၉ ခုနှစ်တွင် တရားသူကြီးတစ်ဦး၏အမိန့်ကြေညာချက်ဖြင့် တရားဝင်  single ဖြစ်ထားကြသည်။

Most Read

Most Recent