လက်ရှိဘဏ္ဍာနှစ် လေးလအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၂၃ သန်းခန့်ဖြစ်ပေါ်

လက်ရှိဘဏ္ဍာနှစ် လေးလအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၂၃ သန်းခန့်ဖြစ်ပေါ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
Published 6 August 2022

လက်ရှိဘဏ္ဍာနှစ် လေးလအတွင်း မြန်မာနိုင်ငံ၏ပြည်ပကုန်သွယ်မှုတွင် ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းမှု မြင့်တက်ခဲ့သဖြင့် ကုန်သွယ်ရေးလိုငွေဒေါ်လာ ၂၃ သန်းခန့်ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

ကုန်သွယ်မှုလိုငွေဆိုသည်မှာ မိမိနိုင်ငံက တင်ပို့သည့်ပို့ကုန်ပမာဏထက် အခြားပြည်ပနိုင်ငံများမှ တင်သွင်းရသည့် သွင်းကုန်ပမာဏ ပိုများနေခြင်းကို ဆိုလိုသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၂၉ ရက်အထိ လေးလအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ပို့ကုန်တင်ပို့မှုမှာ ဒေါ်လာ ၅ ဒသမ ၄၉၈ ဘီလျံသာရှိသည်။ သွင်းကုန်တင်သွင်းမှုမှာ ဒေါ်လာ ၅ ဒသမ ၅၂၁ ဘီလျံအထိရှိသည်။

အဆိုပါကာလအတွင်း မိမိနိုင်ငံက တင်ပို့ထားသည့် ပို့ကုန်ပမာဏနှင့် ပြည်ပနိုင်ငံ များမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏနှစ်ခုအား နှိုင်းယှဉ်ပါက သွင်းကုန်ပမာဏမှာ ပို့ကုန်ပမာဏထက် ဒေါ်လာ ၂၂ ဒသမ ၈၂၅ သန်းအထိ ပို၍များနေခြင်းဖြစ်သည်။ လက်ရှိဘဏ္ဍာနှစ် လေးလကျော်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၂၂ ဒသမ ၈၂၅ သန်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် လေးလကျော်တွင် ပို့ကုန်/သွင်းကုန် စုစုပေါင်းပမာဏ ဒေါ်လာ ၁၁ ဒသမ ၀၂၀ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ၂ ဒသမ ၂၅၉ ဘီလျံ ပိုမိုဆောင်ရွက်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ထို့အတူ ပို့ကုန်တင်ပို့မှာလည်း ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၁၅၉ သန်းပိုမိုတင်ပို့ထားပြီး သွင်းကုန်တင်သွင်းမှုမှာလည်း ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၁ သန်း ပိုမိုတင်သွင်းထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုမြင့် တက်လာစေရန် ပို့ကုန်မဟာဗျူဟာများရေးဆွဲကာ အကောင်အထည်ဖော်နေသကဲ့သို့ တခြားတဖက်တွင်လည်း ပြည်တွင်းလိုအပ်ချက်များကြောင့် ပြည်ပမှမဖြစ်မနေတင်သွင်းရသည့် ကုန်စည်များကိုလည်း လျှော့ချ၍ မရနိုင်သေးသောကြောင့် ကုန်သွယ်မှုလိုငွေလျော့ကျလာအောင် ဆောင်ရွက်နေသော်လည်း လက်တွေ့တွင် အနည်းငယ်အခက် အခဲများရှိနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ကြားကာလ ခြောက်လတွင် ပို့ကုန်မြင့်တက်ခဲ့သဖြင့် ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၆၇၇ ဒသမ ၂၂၆ သန်းဖြစ်ပေါ်ခဲ့သည်။

ထို့အတူ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပို့ကုန်မြင့်တက်ခဲ့သဖြင့် ကုန်သွယ်ရေးပိုငွေ ၆၇၇ ဒသမ ၂၂၆ သန်းဖြစ်ပေါ်ခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ကျော်ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁ ဒသ မ ၁၅ ဘီလျံ ကျော်ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ဘဏ္ဍာနှစ်ကြားကာ ခြောက်လ တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာတစ်ဘီလျံ ကျော် ဖြစ်ပေါ်ခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၃ ဒသမ ၈ ဘီလျံ ကျော်ဖြစ်ပေါ်ခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ငါးဘီလျံကျော်ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent