မြန်မာ့ကုန်ထုတ်လုပ်ရေးကဏ္ဍအတွင်း လုပ်ငန်းအခြေအနေများ သုံးလဆက်တိုက် ကျဆင်းလာပြီး အလုပ်ခန့်ထားမှုမှာလည်း ရှစ်လအတွင်း ပထမအကြိမ်အဖြစ် ကျဆင်းလာကြောင်း ဖော်ပြ

မြန်မာ့ကုန်ထုတ်လုပ်ရေးကဏ္ဍအတွင်း လုပ်ငန်းအခြေအနေများ သုံးလဆက်တိုက် ကျဆင်းလာပြီး အလုပ်ခန့်ထားမှုမှာလည်း ရှစ်လအတွင်း ပထမအကြိမ်အဖြစ် ကျဆင်းလာကြောင်း ဖော်ပြ
Published 2 August 2022

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးကဏ္ဍအတွင်း လုပ်ငန်းအခြေအနေများ သုံးလဆက်တိုက် ကျဆင်းလာပြီး အလုပ်ခန့်ထားမှုမှာလည်း ရှစ်လအတွင်း ပထမအကြိမ်အဖြစ် ကျဆင်းလာကြောင်း ၂၀၂၂ ခုနှစ် ဇူလိုင်လ အတွက် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းများအရ သိရသည်။

ဇူလိုင်လတွင် မြန်မာနိုင်ငံကုန်ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းရှိ လုပ်ငန်းအခြေအနေများ သုံးလဆက်တိုက် ကျဆင်းလာနေကြောင်း၊ ထို့ပြင် ကျဆင်းမှုအရှိန်မှာ ဇွန်လတွင် ကြုံတွေ့ခဲ့ရသည့်အရှိန်ထက် မြန်ဆန်လာခဲ့ကြောင်း၊ ထုတ်လုပ်မှုနှင့်အော်ဒါသစ်များ ပို၍မြန်မြန်ဆန်ဆန်ကျဆင်းလာခဲ့ခြင်းက အားကောင်းသော ကျဆင်းမှုကို တစ်စိတ်တစ်ဒေသအားဖြင့် တွန်းအားဖြစ်စေခဲ့ကြောင်း၊ ထို့ပြင် ကဏ္ဍတစ်ဝန်းရှိ အလုပ်ခန့်ထားမှုများမှာ ရှစ်လတာအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းလာခဲ့ကြောင်း ဖော်ပြထားသည်။

စျေးနှုန်းများနှင့်ပတ်သက်၍ ဇူလိုင်လအတွင်း ငွေကြေးဖောင်းပွမှုဖိအားများ သိသိသာသာငြိမ်သက်နေကြောင်း မြင်ခဲ့ကြရသည့် တိုင်ထုတ်လုပ်မှုစရိတ်များနှင့် ရောင်းစျေးများမှာ ခြုံကြည့်လျှင် ဆက်လက်တိုးလာနေဆဲ ဖြစ်သည်။

ထုတ်လုပ်မှုစွမ်းဆောင်ရည်ကိုပြသည့် ပေါင်းစပ်အညွှန်းကိန်းတစ်ခုဖြစ်သည့် အဓိက S&P Global မြန်မာကုန်ထုတ်လုပ်မှု PMI သည် ဇွန်လတွင် ၄၈.၂ ရှိရာမှ ဇူလိုင်လတွင် ၄၆.၅ သို့ ကျဆင်းသွားရာကဏ္ဍ၏ အခြေအနေများ သုံးလဆက်တိုက်ကျဆင်းသွားကြောင်းကို ပြသလိုက်ခြင်းဖြစ်သည်။ ထို့ပြင်ကျဆင်းမှုနှုန်းမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစ၍ အလျင်မြန်ဆုံးကျဆင်းမှုအဖြစ် တွေ့မြင်ခံရသည်ဟု ဖော်ပြထားသည်။

ထုတ်လုပ်မှုပမာဏများမှာ ဇူလိုင်လတွင် ပိုမြန်သည့်နှုန်းဖြင့် ကျဆင်းလာပြီး စက်ရုံအောက်ဒါများ ကျဆင်းမှုနှုန်းမှာလည်း အရှိန်ရလာခဲ့သည်။ ဝယ်သူများ၏ ငွေကြေးဆိုင်ရာကန့်သတ်ချက်များက အော်ဒါအသစ်များ ရရှိမှုအပေါ် ဖိစီးခဲ့ကြောင်း အဖွဲ့ဝင်များက မကြာခဏအလေးပေးထောက်ပြခဲ့ကြသည်။

ထို့ပြင် လက်ရှိဖြစ်ပေါ်နေသည့်ပစ္စည်း ပြတ်လပ်မှုများနှင့် ပစ္စည်းပေးသွင်းသူများ၏ စရိတ်စကမြင့်တက်လာမှုများက ထုတ်လုပ်မှုပမာဏများကို ရှေ့ဆက်လျော့ကျစေပြီး ရံဖန်ရံခါအားဖြင့် ယာယီစက်ရုံပိတ်ထားရမှုများပင် ဖြစ်လာစေခဲ့သည်။

ထုတ်လုပ်ရေးလိုအပ်ချက်များ ကျဆင်းလာသည်နှင့်အမျှ လုပ်ငန်းများက ဇူလိုင်လအတွင်း ၎င်းတို့၏ ဝန်ထမ်းအင်အားကို လျှော့ချခဲ့ကြသည်။ အလုပ်အကိုင်လျှော့ချသည့်နှုန်းမှာ အသင့်အတင့်မျှသာဖြစ်သော်လည်း ၎င်းက ခုနစ်လဆက်တိုက်အလုပ်ခန့်ထားမှုနှုန်း မြင့်တက်လာခြင်းကို အဆုံးသတ်စေခဲ့သည်။

လုပ်ငန်းအများစု ဝန်ထမ်းအင်အား အပြောင်းအလဲမရှိကြောင်း အစီရင်ခံခဲ့ကြသော်လည်း ဝန်ထမ်းအင်အားလျော့သွားသည့်လုပ်ငန်းများက ယင်းမှာ ဝန်ထမ်းများအကြား လစာဆိုင်ရာမကျေနပ်မှုများနှင့် အော်ဒါမှာ ယူမှုပမာဏကျဆင်းမှုများနှင့် ဆက်စပ်ကြောင်း ဖော်ပြကြသည်။

“ဝယ်သူတွေရဲ့ ငွေကြေးဆိုင်ရာ ကန့်သတ်ချက်တွေ၊ ကုန်ပစ္စည်းပြတ်လပ်မှုတွေနဲ့ ပစ္စည်းပေးသွင်းသူတွေရဲ့ စရိတ်စကမြင့် တက်မှုတွေက ထုတ်လုပ်မှုနဲ့ အော်ဒါသစ်နှစ်ရပ်လုံး ပိုပြီးမြန်မြန်ဆန်ဆန်ကျဆင်းလာမှုနဲ့ ဆက်စပ်နေပါတယ်။ ဒါ့အပြင်ရှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် ဝန်ထမ်းဦးရေ လျော့ကျခဲ့ပြီး ဝယ်ယူရေးလုပ်ငန်းများလည်း ပိုပြီးမြန်ဆန်တဲ့နှုန်းနဲ့ ကျဆင်းလာခဲ့ပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားခဲ့သည်။

 

 

 

         

Most Read

Most Recent