စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ ဒေါ်လာငါးသိန်းခွဲ လာဘ်ယူခဲ့သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် စွဲချက်တင်ထားသည့် အမှုနှစ်မှုအတွက် ပြန်ခေါ်သက်သေ စစ်ဆေး

စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ ဒေါ်လာငါးသိန်းခွဲ လာဘ်ယူခဲ့သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် စွဲချက်တင်ထားသည့် အမှုနှစ်မှုအတွက် ပြန်ခေါ်သက်သေ စစ်ဆေး
Published 27 July 2022

စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ အမေရိကန်ဒေါ်လာငါးသိန်းခွဲ လာဘ်ယူခဲ့သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆို၍ စွဲချက်တင်ထားသည့်အမှုနှစ်မှုအတွက် ပြန်ခေါ်သက်သေ ဦးရဲထက်အား စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

ဇူလိုင်၂၆ ရက်က နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဇူလိုင်၂၆ ရက် ရုံးချိန်းတွင် စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ အမေရိကန်ဒေါ်လာ ငါးသိန်းခွဲလာဘ်ယူခဲ့သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၂၂ နှင့် ၄/၂၀၂၂ တို့အတွက် ပြန်ခေါ်သက်သေအဖြစ် စွပ်စွဲခံရသူ၏ ရှေ့နေများက တင်ပြထားသော တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဦးရဲထက်အား စစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်တွင် စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပြီးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ဝင်များကို ငွေကြေးကူညီခြင်း၊ လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး၂၀၁၇ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ အလုပ်လုပ်နေသည့် ဒေါ်ခင်ခင်ဦးနှင့် ရင်းနှီးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် မေလခန့်တွင်  ဒေါ်ခင်ခင်ဦး၏အကူအညီဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ကန်တော့ခဲ့ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အမေရိကန်ဒေါ်လာတစ်သိန်းကို စက္ကူလက်ဆောင် အိတ်အနက်ထဲသို့ ထည့်သွင်း၍ ဦးရှောက်စန်းနှင့် ဦးလှမျိုးတို့ရှေ့၌ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ပေးအပ်ခဲ့ကြောင်း ထွက်ဆိုထားသည့် ဦးမောင်ဝိတ်၏ရုပ်သံဖိုင်အား၂၀၂၁ ခုနှစ် မတ် ၁၇ ရက် ည ၈ နာရီတွင် MWD ရုပ်သံက သတင်းကြေညာထားသည်။

MWD ရုပ်သံက သတင်းကြေညာထားသည့်ရုပ်သံဖိုင်တွင် ၂ ၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာတစ်သိန်းခွဲကို စက္ကူလက်ဆောင်အိတ်အနက်ထဲသို့ထည့်၍ ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်တိုင်ပေးအပ်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင်လည်း အမေရိကန်ဒေါ်လာ ငါးသောင်းကို ဒေါ်အောင်ဆန်းစုကြည်အိမ်၌ ထပ်မံပေးအပ်ခဲ့ကြောင်း၊ ဧပြီလတွင်လည်း အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲအား ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ပေးအပ်ခဲ့ကြောင်းနှင့် ယင်းသို့ပေးအပ်ချိန်တွင် အနားတွင် မည်သူမျှရှိမနေကြောင်းလည်း ဦးမောင်ဝိတ်က ထည့်သွင်းထွက်ဆိုထားသည်။

စေပိုင်ကုမ္ပဏီပိုင်ရှင်ဦးမောင်ဝိတ်၏ ထွက်ဆိုချက်များအရ ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ထားသည့် ရာဇဝတ်ကြီး အမှုအမှတ် ၃/၂၀၂၂ နှင့် ၄/၂၀၂၂ တို့အား သြဂုတ် ၁ ရက်တွင် ထပ်မံရုံးထုတ်စစ်ဆေး ရန်ချိန်းဆိုထားပြီး စစ်ဆေးရန် ကျန်ရှိနေသည့် သက်သေများအား စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားသည့်အမှုများအနက် စစ်ဆေးပြီးစီးသွားသည့်အမှုများအတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ထားပြီး နေပြည်တော်အချုပ်ထောင်တွင် သီးခြားထားရှိကြောင်း သိရသည်။

Most Read

Most Recent