တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးအခြေအနေကြောင့် မဖြစ်မနေဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပါအဝင် လေးဦး သေဒဏ်စီရင်ချက်နှင့်ပတ်သက်၍ နစက ပြောကြား

တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးအခြေအနေကြောင့် မဖြစ်မနေဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပါအဝင် လေးဦး သေဒဏ်စီရင်ချက်နှင့်ပတ်သက်၍ နစက ပြောကြား
ဇူလိုင် ၂၆ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
ဇူလိုင် ၂၆ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
Published 27 July 2022

တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးအခြအနေအရ မဖြစ်မနေဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပါအဝင် လေးဦး သေဒဏ်စီရင်ချက်နှင့်ပတ်သတ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နေပြည်တော်တွင် ဇူလိုင် ၂၆ ရက်၊ မွန်းလွဲပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သေဒဏ်ချမှတ်မှုနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“ပြည်တွင်းတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးအရ မဖြစ်မနေ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ ထပ်ပြီးပြောချင်တာက သူတို့စွပ်စွဲနေသလို ဒါပုဂ္ဂိုလ်ရေးအရ ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး” ဟု နစကပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

အပြစ်မဲ့ပြည်သူများကို ဥပဒေမဲ့အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသော၊ နစ်နာခဲ့ရသော ပြည်သူများကိုယ်စား တရားရုံးအဆင့်ဆင့်က လုပ်ထုံးလုပ်နည်း ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ တရားခံများကို ခုခံချေပခွင့်ပေးခဲ့ကြောင်း နစကပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

“နံပါတ်(၁) ဒါ ကျွန်တော်တို့ ခုခံချေပခွင့်ပေးခဲ့ပါတယ်။ ပြီးရင် သက်သေအထောက်အထား အပြည့်အစုံအပေါ် အခြေပြုဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဒါပြည်တွင်းဥပဒေ ပြဋ္ဌာန်းချက်များနဲ့အညီ စစ်ဆေးစီရင်ပြီး ပြစ်ဒဏ်အတည်ပြု ချမှတ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ၊ ကန့်ကွက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်” ဟု နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထိုသို့ ဝေဖန်ကန့်ကွက်မှုများ ဖြစ်ပေါ်လာနိုင်သော်လည်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးတို့အတွက် တရားဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်အပါအဝင် သေဒဏ်ချမှတ်ခံရသူလေးဦး၏ ရုပ်အလောင်းများအား သက်ဆိုင်ရာ မိသားစုများထံ ပြန်ပေးခြင်း၊ မပေးခြင်းသည် ထောင်အာဏာပိုင်များ၏ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

“ဒီကိစ္စမှာ ကျွန်တော်တို့ သေဆုံးသူတွေရဲ့ အလောင်းနဲ့ပတ်သက်လို့ ပြောတာတွေရှိတယ်။ အကျဉ်းထောင် လက်စွဲစာစောင်ထဲမှာပါပြီး ဖြစ်တယ်။ သေဆုံးသူတွေနဲ့ ပတ်သက်ပြီးတော့ကျ ကျွန်တော်တို့ ရုပ်အလောင်းပြန်ပေးခြင်း၊ မပေးခြင်းသည် ထောင်မှူးရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်တယ်။ ထောင်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်တယ်။ အဲဒီထဲမှာ ပါပြီးသားပဲ” ဟု နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

သေဒဏ်ကျခံရသူများ၏ ရုပ်အလောင်းအား ပြန်ပေးခြင်း၊ မပေးခြင်းနှင့်ပတ်သက်၍ အဓိကရုဏ်း သို့မဟုတ် ဆန္ဒပြမှုတစ်ခုခု ဖြစ်ပေါ်လာနိုင်သည်ဟု ယူဆရပါက အကျဉ်းထောင်၏ စီရင်မှုအောက်တွင် သင်္ဂြိုဟ်ခွင့်ရှိကြောင်း အကျဉ်းထောင်လက်စွဲစာစောင်၌ ပါရှိသည်ဟု ၎င်းက ဆိုသည်။

သေဒဏ်နှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်သည် ပြည်သူအများအပြား တရားမျှတမှု ရရှိစေရေး၊ ပြည်သူနှင့် နိုင်ငံတော်အကြားတွင် တရားမျှတမှုရရှိစေရေးတို့အတွက်ဖြစ်ကြောင်းလည်း အဆိုပါသတင်းစာရှင်းလင်းပွဲတွင် နစက ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ဦးဂျင်မီနှင့်ဦးဖြိုးဇေယျာသော်အပါအဝင် သေဒဏ်ချမှတ်ခံထားရသည့်လေးဦးအား ပြစ်ဒဏ်စီရင်‌ဆောင်ရွက်ပြီးစီးခြင်းနှင့်ပတ်သက်၍ နိုင်ငံပိုင်သတင်းစာများတွင် ဇူလိုင် ၂၅ ရက်က ဖော်ပြခဲ့သည်။      

Most Read

Most Recent