စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းစျေး တစ်ပိဿာလျှင် ၃၆၆၅ ကျပ်သာ ထုတ်ပြန်ထားသော်လည်း စျေးကွက်အတွင်း လက်လီစျေးတစ်ပိဿာလျှင် ကျပ် ၈၀၀၀ ဝန်းကျင်အထိရှိနေ

စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းစျေး တစ်ပိဿာလျှင် ၃၆၆၅ ကျပ်သာ ထုတ်ပြန်ထားသော်လည်း စျေးကွက်အတွင်း လက်လီစျေးတစ်ပိဿာလျှင် ကျပ် ၈၀၀၀ ဝန်းကျင်အထိရှိနေ
စားသုံးဆီလက်လီစျေး တစ်ပိဿာ ကျပ် ၃၈၀၀ ဖြင့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ရောင်းချပေးနေသည်ကို တွေ့ရစဉ်
စားသုံးဆီလက်လီစျေး တစ်ပိဿာ ကျပ် ၃၈၀၀ ဖြင့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ရောင်းချပေးနေသည်ကို တွေ့ရစဉ်
Published 26 July 2022

စားအုန်းဆီအခြေခံလက်ကားရည် ညွှန်းစျေးတစ်ပိဿာလျှင် ၃၆၆၅ ကျပ်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသော်လည်း စျေးကွက်အတွင်း လက်လီစျေးတစ်ပိဿာလျှင် ကျပ် ၈၀၀၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့စျေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB စျေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းစျေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ယခုတပတ်အတွင်း ကမ္ဘာ့စားအုန်းဆိ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများ၌ စျေးနှုန်းတည်ငြိမ်နေသဖြင့် ဇူလိုင် ၂၅ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ရန်ကုန်အထိုင်စျေးအခြေခံလက်ကားရည်ညွှန်းစျေးနှုန်းမှာ ယခင်ရက်သတ္တပတ်စျေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၃၆၆၅ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ပုဂ္ဂလိကကုမ္ပဏီအချို့က စားဆီတစ်ပိဿာလျှင် ကျပ် ၃၈၀၀ စျေးဖြင့် မြို့နယ်အလိုက် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

“ရပ်ကွက်ထဲမှာ လာရောင်းတာက မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်ကြီးကြပ်မှုဖြင့်တဲ့၊ ကုမ္ပဏီတွေက လာရောင်းနေတာက တစ်ပိဿာ ကျပ် ၃၈၀၀ စျေးနဲ့။ တော်တော်သက်သာတယ်။ အပြင်ဆိုင်တွေမှာ သွားဝယ်ရင် တစ်ပိဿာကို ၈၀၀၀ ပေးရတဲ့နေ့ရှိတယ်။  ၇၉၀၀ ပေးရတဲ့နေ့ရှိတယ်။ ဒီမနက်တော့ ၈၀၀၀ ပေးခဲ့ရတယ်” ဟု တောင်ဥက္ကလာမြို့ နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်တွင်းစျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအခြေခံလက်ကားရည်ညွှန်းစျေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ website:www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Most Read

Most Recent