နစက ဥက္ကဋ္ဌနှင့် Rosatom State Corporations အထွေထွေညွှန်ကြားရေးမှူးချုပ်တို့ တွေ့ဆုံရာတွင် နျူးကလီးယားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုး

နစက ဥက္ကဋ္ဌနှင့် Rosatom State Corporations အထွေထွေညွှန်ကြားရေးမှူးချုပ်တို့ တွေ့ဆုံရာတွင် နျူးကလီးယားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုး
Published 12 July 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားနိုင် Rosatom State Corporations အထွေထွေညွှန်ကြားရေးမှူးချုပ်တို့ တွေ့ဆုံရာတွင် နျူကလီးယားစွမ်းအင် နည်းပညာပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် နှစ်နိုင်ငံပြည်သူလူထု အကျိုးရှိစေနိုင်မည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း Rosatom State Corporations သို့ သွားရောက်ပြီး Rosatom State Corporations ၏ အထွေထွေညွှန်ကြား ရေးမှူးချုပ် Mr. Alexey Likhachev ဦးဆောင်သည့် အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ နျူကလီးယားစွမ်းအင် နည်းပညာပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် နှစ်နိုင်ငံပြည်သူလူထု အကျိုးရှိစေနိုင်မည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြု၍ သိပ္ပံနှင့် သုတေသနစမ်းသပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍ၊ စားသောက်ကုန်ကဏ္ဍများတွင် အသုံးပြုဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေး​​နွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် မြန်မာနိုင်မှ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosatom State Corporations တို့အကြား နားလည်မှုစာချွန်လွှာတစ်ရပ်ကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း State Space Corporation “Roscosmos”သို့ သွားရောက်၍ ရုရှား၏ နိုင်ငံတကာအာကာသ ဆိုင်ရာ အထူးသံတမန်နှင့် “Roscosmos”၏ အထွေထွေညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Dr.Dmitry Rogozin (ဒီမီတရီ ရာဂိုဇင်) ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ သိပ္ပံနှင့်နည်းပညာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကိုလည်း တစ်ဖွဲ့ချင်းစီအလိုက် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌသည် ရုရှား-မြန်မာ ချစ်ကြည်​​ရေးအသင်း ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မော်စကိုမြို့ Metropol ဟိုတယ် ဧည့်ခန်းမဆောင်တွေ့ဆုံ၍ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတွင် စစ်ဘက်-အရပ်ဘက် သင်တန်သားများ စေလွှတ်ဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်း ဆွေး​​နွေးခဲ့ကြကြောင်း သိရသည်။