အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုခံခဲ့ရသည့် မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အောင် အမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုခံခဲ့ရသည့် မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အောင် အမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်
Published 12 July 2022

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုခံခဲ့ရသည့် မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အောင်မှာ ဇူလိုင် ၁၁ ရက်က အမှုမှ ကွင်းလုံးကျွတ်ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ၎င်း၏မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

မော်လမြိုင်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌနှင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ၌ မော်လမြိုင်မြို့နယ်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) မှ အနိုင်ရကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်နွယ်နွယ်အောင်မှာ အကြမ်းဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်း စသည့်စွပ်စွဲချက်များဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က ၎င်း၏နေအိမ်တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က)ဖြင့် အမှုဖွင့်တရားစွဲဆိုခံခဲ့ရကြောင်းနှင့် ဇူလိုင် ၁၁ ရက်က ၎င်းအပေါ်တရားစွဲဆိုထားသောအမှုနှင့်ပတ်သက်ပြီး သက်သေအထောက်အထားတစ်စုံတစ်ရာမပါရှိသည့်အတွက် မော်လမြိုင်မြို့နယ်တရားရုံးက အပြစ်မရှိကြောင်း အမိန့်ချမှတ်ခဲ့ပြီးနောက် ယင်းအမှုမှ ကွင်းလုံးကျွတ်ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ (ဇူလိုင် ၁၁ ရက်)က တရားရုံးက အပြစ်မရှိကြောင်းအမိန့်ချမှတ်လိုက်တဲ့အတွက် ကျိုက်မရောအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါပြီ။ သူက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှာ ဖမ်းဆီးခံခဲ့ရတာဆိုတော့ ထောင်ထဲမှာ ခုနစ်လကျော်ကျော်နေခဲ့ရတာပါ။ ကျန်းမာရေးအခြေအနေကောင်းတယ်လို့ သိရပါတယ်” ဟု ဒေါ်နွယ်နွယ်အောင်၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ဒေါ်နွယ်နွယ်အောင်မှာ CRPH၊ NUG၊ PDF အဖွဲ့များနှင့် ထိတွေ့ဆက်ဆံခြင်းမရှိကြောင်း ခံဝန်ရေးထိုးခဲ့သူတစ်ဦးဖြစ်သော်လည်း ယင်းသို့ခံဝန်ရေးထိုးပြီးမှ ဖမ်းဆီးခံခဲ့ရသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ဒေါ်နွယ်နွယ်အောင်မှာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း မော်လမြိုင်မြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေအမှတ်(၂) တွင် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသူတစ်ဦးဖြစ်ပြီး၊ ၂၀၁၆ ခုနှစ်တွင် အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် အမျိုးသားလွှတ်တော်တိုင်း ရင်းသားရေးရကော်မတီဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းတာဝန်ပေးအပ်သော မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပြင်ဆင်ရေးပူးပေါင်းကော်မတီ (၄၅ ဦးကော်မတီ)တွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာစိစစ်ရေးပူးပေါင်းကော်မတီ (၃၀ ဦးကော်မတီ) တွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကြောင်း တာဝန်ယူဆောင်ရွက်ခဲ့သည်။     ဘိုဘိုမြင့်

Most Read

Most Recent