၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်လခွဲအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍ၌ ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁၄၂ သန်းနီးပါး ဖြစ်ပေါ်

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်လခွဲအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍ၌ ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁၄၂ သန်းနီးပါး ဖြစ်ပေါ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ- ကြည်နိုင်)
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ- ကြည်နိုင်)
Published 28 June 2022

၂၀၂၂-၂၃ ဘဏ္ဍာနှစ် နှစ်လခွဲအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍ၌ ကုန်သွယ်ရေးလိုငွေဒေါ်လာ ၁၄၂ သန်းနီးပါး ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ကုန်သွယ်ရေးလိုငွေဆိုသည်မှာ မိမိနိုင်ငံက တင်ပို့သည့်ပို့ကုန်ပမာဏထက် အခြားနိုင်ငံများမှ တင်သွင်းသည့် သွင်းကုန်ပမာဏက ပို၍များနေခြင်းကို ဆိုလိုသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်ရေးဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှု နှစ်ခုလုံးဖြင့် ကုန်သွယ်ရေးဆောင်ရွက်နေခြင်းဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန် ၁၇ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု စုစုပေါင်းပမာဏ ဒေါ်လာ ၆၉၅၈ ဒသမ ၉၃၆ သန်းရရှိထားသည်။

အဆိုပါကာလအတွင်း စုစုပေါင်းပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၃၄၀၈ဒသမ ၆၄၁ သန်းရှိပြီး သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၃၅၅၀ ဒသမ၂၉၅ သန်းအထိရှိသည်။

လက်ရှိဘဏ္ဍာနှစ် ဇွန် ၁၇ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု၌ ပို့ကုန်တင်ပို့မှုပမာဏသည် သွင်းကုန်တင်သွင်းမှုထက် ဒေါ်လာ၁၄၁ ဒသမ ၆၅၄ သန်း လျော့ကျခဲ့သည်။ ထို့ကြောင့် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁၄၁ ဒသမ ၆၅၄ သန်းဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် ဇွန် ၁၇ ရက်အထိ ပင်လယ်ရေကြောင်းကုန်သွယ်မှု ဒေါ်လာ ၅၃၈၂ ဒသမ ၅၄၆ သန်းရရှိသည်။ ယင်းအနက် ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ၂၂၃၉ ဒသမ ၇၁၅ သန်းသာရှိပြီး သွင်းကုန်တင်သွင်းမှု ဒေါ် လာ ၁၈၀၄ ဒသမ ၄၁၄ သန်းရှိသည်။

နယ်စပ်ကုန်သွယ်မှုတွင် ဒေါ်လာ ၁၅၇၆ ဒသမ ၃၉၀ သန်းရှိပြီး ယင်းအနက် ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၁၁၆၈ ဒသမ ၉၂၆ သန်းအထိရှိပြီး သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၁၁၆၆ ဒသမ ၆၀၇ သန်းသာရှိသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်အလိုက် ကုန်သွယ်ရေးလိုငွေ/ပိုငွေဖြစ်ပေါ်မှုများကို လေ့လာကြည့်ပါက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာငါးဘီလျံကျော်ရှိခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော်၊ ၂၀၁၈ ခုနှစ်ကြားကာလ ခြောက်လတွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာတစ်ဘီလျံကျော်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ  ဒေါ်လာတစ်ဘီလျံကျော်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော်ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent