မြိတ်နှင့်ကော့သောင်းတွင် လိုင်စင်မဲ့ ဆီဆိုင်များ အရေးယူမည့်သတင်းကြောင့် ဆီဆိုင် ကြီးများတွင် လူများ တိုးဝှေ့ဝယ်ယူ နေကြကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နှင့်ကော့သောင်းမြို့များတွင် လိုင်စင်မဲ့ စက်သုံး ဆီဆိုင်များ အရေးယူမည်ဆိုသည့် သတင်း ကြောင့်ဆီဆိုင်ကြီးများတွင် ကားနှင့်ဆိုင် ကယ်များ တိုးဝှေ့ဝယ်ယူမှုများ ဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။
ဇွန်လ ၉ ရက် နံနက်ပိုင်းတွင် ယခုကဲ့သို့ လူအများအပြားမှာဆီ ဆိုင်ကြီးများသို့ရောက် လာပြီး လောင်စာဆီ တိုးဝှေ့ဝယ်ယူနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“မြိတ်မှာ မနက်အစောကြီးပိုင်းအထိ ဒီသတင်းမထွက်လာသေးဘူး။ နောက်တော့ ဒီလိုသတင်းတွေထွက်လာတယ်။ အဲဒီမှာ လိုင်စင်ရစက်သုံးဆီ အရောင်းဆိုင်ကြီးတွေမှာ ကားတွေ ဆိုင်ကယ်တွေ ပြည့်ကျပ်နေအောင် လာရောက် ဝယ်ယူနေကြတယ်၊တချို့ ဆိုင်တွေလည်းမထိန်းထားနိုင်တော့လို့ပိတ်လိုက်ရတယ်။ မီးဘေးနှင့် တခြားအန္တရာယ်တွေလည်း စိုးရိမ်ရလို့ ပိတ်လိုက်ကြတာ။ တချို့ လည်းဆိုင်ပိတ်လိုက်တာတောင်အပြင်မှာ တန်းစီစောင့်ဆိုင်းပြီး ဝယ်ဖို့စောင့်နေ ကြတယ်” ဟု မြိတ်မြို့မှဒေသခံတစ်ဦးကပြော ကြားသည်။
မြိတ်မြို့နှင့် ကော့သောင်းမြို့များတွင် လောင်စာဆီများကို ထိုင်းနိုင်ငံမှအဓိကမှာယူတင်သွင်းကြပြီး လောင်စာဆီအရည်အ သွေးကောင်းမွန်မှုနှင့် သယ်ယူစရိတ်သက်သာမှုများရှိကြောင်းသိရသည်။
လိုင်စင်မရှိသည့် ဆီဆိုင်ငယ်များနှင့်တရားမဝင်တင်သွင်းမှုများအတွက် ဆောင်ရွက်နေကြောင်း ကြားသိရသည်ဟု ကုန်သည်တစ်ဦးက ဆို သည်။
“မြိတ်နှင့်ကော့သောင်းမှာက ကုန်းပေါ်မှာ သွားလာနေတဲ့ ကားဆိုင်ကယ်တွေ အပြင်ပင်လယ်ပြင်ထဲမှာလုပ်ငန်းခွင်ဝင်နေတဲ့ငါးဖမ်းလှေမျိုးစုံအတွက်လည်း လောင်စာဆီကအရေးကြီး ပါတယ်။ လောင်စာဆီ ပြတ်လပ်ဖို့မဖြစ်ပါဘူး။ လျှပ်စစ်မီးကိုလည်း လောင်စာဆီကိုပဲသုံးပြီးဖြန့်ဝေပေးနေရ တာ ပါ၊ကမ်းရိုးဒေသအတွက် လောင်စာဆီကဏ္ဍကအရမ်းအရေးကြီးပါတယ်။ အခုဖြစ်ပေါ် နေတဲ့သတင်းကလိုင်စင်မဲ့လောင်စာဆီ ဆိုင်တွေကိုစိစစ်နေတာလို့သိရတဲ့အတွက် မကြာ ခင်အဆင်ပြေသွားမယ်လို့တော့ မျှော်လင့်ပါတယ်” ဟု ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။
ဒီဇယ်ဆီစျေးနှုန်းများ မှာတစ်ပီပါလျှင် ကျပ် ၅ သိန်းကျော်နေပြီး ယခုထက် ပိုမိုစျေး တက်လာပါက လုပ်ငန်းများတွင် အခက်အခဲ များစွာရှိလာနိုင်ကြောင်းသိရသည်။
“ဓာတ်ဆီတစ်လီတာကို ၂၇၀၀ ကျပ်နှင့် နီးတဲ့ဆိုင်ကနေ ဝယ်ယူ လိုက်ရတယ်၊ဆိုင်ကြီး တေ ွမှာ လူတွေစုပြုံတိုးဝှေ့နေကြတော့ နီးတဲ့ ဆိုင်ငယ်တစ်ဆိုင်မှာ ဝယ်လိုက်ရတယ်။ ဆိုင်မှာလည်းဆီတွေကုန်နေကြပြီ။ဆိုင်ကြီးတွေမှာတော့ တချို့ထိန်းပြီးရောင်းနေသေးတယ်လို့ကြား ရတယ်” ဟု ဓာတ်ဆီဝယ်ယူလာ သူတစ်ဦးက ပြောကြားသည်။
မြိတ်နှင့်ကော့သောင်းမြို့များတွင် ထိုင်းနိုင်ငံမှလောင်စာဆီများ တင်သွင်းရာတွင် ရေလမ်းခရီးဖြင့် တင်သွင်းမှုများ ရှိသလို မြဝတီဘက်မှ ဆီဘောက်ဆာကားကြီးများဖြင့် တင်သွင်းမှုများလည်း ရှိကြောင်းသိရ သည်။















