နိုင်ငံပိုင်မြန်မာအမျိုးသား လေကြောင်းလိုင်းက ပျံသန်းနေသည့် ပြည်ပခရီးစဉ်များ အားလုံးကို Boeing 737လေယာဉ် များဖြင့်သာ ပျံသန်းမည်ဖြစ်ပြီး ချန်ဒူး၊ ကူမင်းစသည့် တရုတ်ပြည် ခရီးစဉ်များကိုလည်း တိုးချဲ့ပျံသန်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်ပခရီးစဉ်များ တိုးချဲ့ပျံသန်းရန် ဒုတိယမြောက် Boeing 737-800 NG (XY-ALV) လေယာဉ်သည် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ မေ ၂၇ ရက်ညနေပိုင်းက ရောက်ရှိခဲ့သည်။
အဆိုပါ Boeing 737-800 NG (XY-ALV) လေယာဉ်အား Dubai Aerospace Enterprise မှငှားရမ်းထား ခြင်းဖြစ်ပြီး မြန်မာအမျိုးသားလေကြောင်းလိုင်း ပျံသန်းနေသည့် ပြည်ပခရီးစဉ်များတွင် အားဖြည့်တိုးချဲ့ပျံသန်းသွားမည်ဖြစ်သည်။
“မေလ ၂ရရက်နေ့က ရောက်ရှိခဲ့တဲ့ ဒုတိယမြောက် ဘိုးရင်းလေယာဉ်ကို ဇူလိုင် ၁ ရက်ကနေစပြီး ပြည်ပခရီးစဉ် စတင်ပျံသန်း နေပါပြီ။ ဆက်လက်ပြီး စင်ကာပူကိုတစ်ပတ် လေးကြိမ်ပျံသန်း နေရာကနေ နေ့စဉ်တိုးချဲ့ ပျံသန်းသွားမှာပါ။ နောက်ပြီး လက်ရှိနေ့စဉ် ပျံသန်းနေတဲ့ ဘန်ကောက်ခရီးစဉ်မှာလည်း ဘိုးရင်းနှစ်စီးကိုအလှည့်ကျအသုံးပြုသွားပါမယ်။ မြန်မာ အမျိုးသားလေကြောင်းလိုင်းရဲ့ တရုတ်ပြည်ကို ပျံသန်းနေတဲ့ ခရီးစဉ်တွေ ဖြစ်တဲ့ ချန်ဒူး၊ ကူမင်းခရီးစဉ်တွေကိုလည်း ပျံသန်းသွားမှာပါ ဖြစ်ပါတယ်။ အဓိက ပြောရင် ပြည်ပခရီးစဉ်တွေအကုန်လုံးကို ဘိုးရင်းလေယာဉ်တွေနဲ့ပဲ ပျံသန်းသွားမှာပါ” ဟု မြန်မာအမျိုးသားလေ ကြောင်းလိုင်း၏ စီးပွားရေးဌာနမှူး ဦးနိုင်စောလွင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းကို ၁၉၄၈ ခုနှစ်တွင် U.B.A 'မြန်မာနိုင်ငံလေကြောင်း သယ်ယူပို့ဆောင်ရေး’ အမည်ဖြင့် နိုင်ငံတော်ပိုင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် ယခုလေကြောင်းလိုင်းကို မြန်မာ့လေကြောင်းဟု အမည်ပြောင်းလဲခဲ့ပြီး ခရီးစဉ်ပေါင်း ၂၁ ခုကို ပျံသန်းခဲ့ခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ်တွင် မြန်မာအမျိုးသားလေကြောင်း အမည်ပြောင်း၍ ပြည်တွင်း ပြည်ပ ခရီးစဉ်များကို ပျံသန်းလျက်ရှိခြင်းဖြစ်သည်။ လက်ရှိတွင် မြန်မာအမျိုးသားလေကြောင်းမှ ပြည်တွင်းရှိ မြို့ပေါင်း ၂၈ မြို့ကို ပျံသန်းလျက်ရှိပြီး ပြည်တွင်းခရီးစဉ် အများဆုံးပျံသန်း နေသည့် လေကြောင်းလိုင်းတစ်ခုဖြစ်သည်။
ယင်းပြင် ပြည်ခရီးစဉ်များဖြစ်သော စင်ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်၊ ကွာလာလမ်ပူ၊ ကူမင်း၊ ချန်ဒူး၊ နယူးဒေလီ၊ ကာလ ကတ္တားနှင့် မနီလာမြို့များသို့ ပျံသန်းနေပြီး နိုင်ငံတကာခရီးစဉ်များကိုလည်း ဆက်လက်တိုးချဲ့ပျံသန်းရန် စီစဉ်နေကြောင်းလည်း သိရသည်။
နိုင်ငံပိုင်မြန်မာအမျိုးသား လေကြောင်းလိုင်း၏ လေယာဉ်များအား မြန်မာနိုင်ငံတွင်း နှင့် အာရှပစိဖိတ်ဒေသများသို့ စင်းလုံးငှားခရီးစဉ် ငှားရမ်းပျံသန်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
လေယာဉ်စင်းလုံးငှားခရီးစဉ်နှင့် ပတ်သက်သော အချက်အလက်များကို charter@flymna.com သို့ email ပေးပို့၍ အသေး စိတ်မေးမြန်းနိုင်ကြောင်း သိရသည်။
ရန်ကုန်-ထားဝယ်-ရန်ကုန် ခရီးစဉ်အား ပြည်တွင်းလေကြောင်းလိုင်းသုံးခု အကျိုးတူ ပူးပေါင်းဖွဲ့စည်းထားသည့် FLYALLIANCE အဖွဲ့ဝင်လေကြောင်းလိုင်း သုံးခုက နေ့စဉ်အလှည့်ကျပျံသန်းနေကြောင်း သိရသည်။
ပြည်တွင်းလေကြောင်းလိုင်းသုံးခု အကျိုးတူ ပူးပေါင်းဖွဲ့စည်းထားသည့် FLYALLIANCE အစီအစဉ်တွင် ခရီးသည်များ အနေဖြင့်တူညီသည့် ခရီးစဉ်များတွင် လေကြောင်း လိုင်းပြောင်းရွှေ့စီးနင်းနိုင်မည်ဖြစ်သည်။
နိုင်ငံတကာ လေကြောင်း ခရီးစဉ်များ ဆင်းသက်မှု ယာယီရပ်ဆိုင်းထားပြီး ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များသာ ပျံသန်း နေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Commercial Flight များအား ပြန်လည် စတင်နေပြီဖြစ်ပြီး နိုင်ငံပိုင်မြန်မာ အမျိုးသားလေကြောင်းလိုင်း၏ စင်ကာပူ၊ ဘန်ကောက်နှင့် ကွာလာလမ်ပူခရီး စဉ်များ ပုံမှန်ပျံသန်းနေပြီဖြစ်သည်။