မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားစမ်းသပ်မှုပြုလုပ်မည်ဆိုပါက ပိတ်ဆို့မှုအသစ်များ ချမှတ်သွားမည်ဟု အမေရိကန် သတိပေး

မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားစမ်းသပ်မှုပြုလုပ်မည်ဆိုပါက ပိတ်ဆို့မှုအသစ်များ ချမှတ်သွားမည်ဟု အမေရိကန် သတိပေး
Photo:AFP မေ ၁၇ ရက်က ပြုံယမ်းမြို့တော်တွင် အလုပ်သမားပါတီ၏ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အစည်းအဝေးကို တက်ရောက်နေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (လယ်) ကို တွေ့ရစဉ်
Photo:AFP မေ ၁၇ ရက်က ပြုံယမ်းမြို့တော်တွင် အလုပ်သမားပါတီ၏ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အစည်းအဝေးကို တက်ရောက်နေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (လယ်) ကို တွေ့ရစဉ်
Published 1 June 2022
Ref: AFP

မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများ ထပ်မံချမှတ်ရေးအတွက် ပြီးခဲ့သည့် သီတင်းပတ်က ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် ပြုလုပ်ခဲ့သည့် မဲခွဲဆုံးဖြတ်မှုတွင် တရုတ်နှင့် ရုရှားတို့က ဗီတိုအာဏာဖြင့် ပယ်ချခဲ့ပြီးနောက် မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက်စမ်းသပ်မှု ပြုလုပ်မည်ဆိုလျှင် ကုလ၏ ပိတ်ဆို့မှုများကို ပိုမိုတင်းကျပ်ရန် ကြိုးပမ်းသွားမည်ဟု အမေရိကန်က မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ထိတ်လန့်ဖွယ် နျူကလီးယားစမ်းသပ်မှုကို ဆက်လက်လုပ်ဆောင်မည်ဆိုပါက အမေရိကန်အနေဖြင့် လုံခြုံရေးကောင်စီတွင် နောက်ထပ်တစ်ကြိမ် ကြိုးပမ်းမည်ဟုတ်မဟုတ် မေးမြန်းခံရချိန်တွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်ဂရင်းဖီးလ်က “ကျွန်မတို့ လုပ်ဆောင်သွားမှာ သေချာပါတယ်” ဟု ဖြေကြားခဲ့သည်။

“ပထမအနေနဲ့ ကျွန်မတို့ဟာ ပိတ်ဆို့မှုတွေကို ပြဋ္ဌာန်းဖို့ လိုအပ်ပြီး အဲဒီပိတ်ဆို့မှုတွေ ပြဋ္ဌာန်းရေးအတွက် ကျွန်မတို့မှာ အခွင့်အာဏာရှိပြီး ဖြစ်ပါတယ်။ ပြီးတော့ ပိတ်ဆို့မှုတွေ ထပ်မံချမှတ်ဖို့အတွက် နောက်ဆုံးအ ကြိမ်က ကြိုးပမ်းခဲ့တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို နောက်တစ်ကြိမ်ထပ်မံကြိုးပမ်းသွားမှာ သေချာပါတယ်” ဟု ဂရင်းဖီးလ်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် မေလအတွင်းက အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ အာရှ ခရီးစဉ်အတွင်း နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့ခြင်းမရှိသည့်တိုင် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နျူကလီးယား စမ်းသပ်ရန် ပြင်ဆင်နေဖွယ်ရှိသည်ဟု အမေရိကန် ထောက်လှမ်းရေးများက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် မေ ၂၅ ရက်က  တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းအပါအဝင် ဒုံးကျည်သုံးစင်း စမ်းသပ်ခဲ့သည်ဟု အမေရိကန်နှင့် တောင်ကိုရီးယားတို့က ပြောကြားခဲ့ ပြီး ယင်းပစ်လွှတ်မှုများကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများတင်းကျပ်ရေးအတွက် မဲ ခွဲဆုံးဖြတ်ရန် အမေရိကန်က မေ ၂၆ ရက် တွင် တွန်းအားပေးလုပ်ဆောင်ခဲ့သည်။

ယင်းစမ်းသပ်မှုသည် နောက်ထပ် လက်နက်စမ်းသပ်မှုများပြုလုပ်ပါက အကျိုးဆက်များခံစားရမည်ဟု သတိပေးခဲ့သည့် ၂၀၁၇ ကုလပြဋ္ဌာန်းချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု အမေရိကန်က ပြောကြားခဲ့သည်။

သို့သော်လည်း ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ယိုယွင်းနေသည့် ရုရှားနှင့် တရုတ်နိုင်ငံတို့က အမေရိကန်က အဆိုပြုတင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်မူကြမ်းကို ဗီတိုအာဏာဖြင့်ပယ်ချခဲ့ပြီး ပိတ်ဆို့မှုများသည်သည် တင်းမာမှုများကို မြင့်တက်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။

မေ ၂၆ ရက်က ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင်ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများချမှတ်ရေးအတွက် မဲခွဲဆုံးဖြတ်မှုတွင် တရုတ်နှင့် ရုရှားတို့က ဗီတို အာဏာများဖြင့် ပယ်ချခဲ့ပြီးနောက် အမေရိကန် က မေ ၂၇ ရက်တွင် ရုရှားဘဏ်နှစ်ဘဏ် အပါအဝင် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်ခဲ့သည်။

မြောက်ကိုရီးယားသည် ၂၀၀၆ ခုနှစ်က တည်းက ကုလသမဂ္ဂ၏ ဒဏ်ခတ်အရေးယူမှုများ တဖြည်းဖြည်း တိုးမြှင့်ချထားမှုကို ခံခဲ့ရသည်။

 

Most Read

Most Recent