၃၉ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီစာအုပ် ၃၀၄၀၉၀ အုပ်ရောင်းချနိုင်ခဲ့ပြီး ယခင်လရောင်းချရမှုထက် ထီစာအုပ် နှစ်သောင်းကျော် ပိုမိုရောင်းချနိုင်

၃၉ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီစာအုပ် ၃၀၄၀၉၀ အုပ်ရောင်းချနိုင်ခဲ့ပြီး ယခင်လရောင်းချရမှုထက် ထီစာအုပ် နှစ်သောင်းကျော် ပိုမိုရောင်းချနိုင်
Published 31 May 2022

၂၀၂၂ ခုနှစ် ဇွန် ၁ ရက်တွင် ဖွင့်လှစ်မည့် ၃၉ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီစာအုပ် ၃၀၄၀၉၀ အုပ်ရောင်းချနိုင်ခဲ့ပြီး ယခင်လရောင်းချရမှုထက် ထီစာအုပ်နှစ်သောင်းကျော် (၂၄၂၉၂) ပိုမိုရောင်းချနိုင်ခဲ့ကြောင်း မေ ၃၁ ရက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

မေ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သည့် ၃၈ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ထီစာအုပ် ၂၇၉၇၉၈ အုပ်သာရောင်းချနိုင်ခဲ့ပြီး ဇွန် ၁ ရက်တွင် ဖွင့်လှစ်မည့် ၃၉ ကြိမ်မြောက် ထီဖွင့်ပွဲအတွက် ထီစာအုပ် ၃၀၄၀၉၀ အုပ် ရောင်းချနိုင်ခဲ့သဖြင့် ထီစာအုပ် နှစ်သောင်း ကျော် ပိုမိုရောင်းချနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် ဇွန် ၁ ရက်တွင် ကျင်းပမည့် ၃၉ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို က အက္ခရာမှ အစဉ်လိုက် ည ထိ စုစုပေါင်းအက္ခရာ ၁၀ လုံးနှင့် ထီစာအုပ် ၃၀၄၀၉၀ အုပ်ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

ထီလက်မှတ်များရောင်းချရငွေမှာ ကျပ်သန်း ၃၀၄၀ ဒသမ ၉၀၀ ဖြစ်သဖြင့် ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်မည့် ထီဆုငွေမှာ ကျပ်သန်း ၂၁၂၈ ဒသမ ၆၃၀ ဖြစ်ကြောင်း၊ အဆိုပါခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှာ အထူးဆုကြီးစနစ်တွင် ကျပ်သိန်းငါးထောင် တစ်ဆုနှင့် ကျပ်သိန်းတစ်ထောင် တစ်ဆုသာပါဝင်ပြီး ဆုတစ်ဆုချင်းစနစ်တွင် ကျပ်သိန်းငါးရာ နှစ်ဆု၊ ကျပ်သိန်းနှစ်ရာ ခြောက်ဆု၊ ကျပ်သိန်းတစ်ရာ ခုနစ်ဆု၊ ကျပ်သိန်းငါးဆယ် ၁ဝဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၃ဆု၊ ကျပ်ဆယ်သိန်း ၁၃ဆုနှင့် ဝေဝေဆာဆာပဒေသာဆုမဲစနစ်တွင် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၂၀၀ ဆု၊ ကျပ်တစ်သိန်း ၁၁၀၀၀ ဆု စသည့်ဆုမဲများ ချီးမြှင့်မည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၁၁၉ ဒသမ ၉၅ ကိုလည်း ကျပ် ၁၀ သိန်း လေးဆု၊ ကျပ်သုံးသိန်း ၅ဝဆု၊ ကျပ်နှစ်သိန်း ၅၀၀ ဆုကိုလည်း ထပ်မံချီးမြှင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ၃၉ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ၂၀၂၂ ခုနှစ် ဇွန် ၁ ရက် ဗုဒ္ဓဘူးနေ့ နံနက် ၈ နာရီတွင် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလမ်းနှင့် ၃၇ လမ်းထောင့်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent