ရှမ်းပြည်နယ် မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် မင်္ဂလာမူဆယ်လမ်းမကြီး Top One KTV ကပ်လျက်တွင် မေ ၂၉ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်က ယခင်ကနွားများ ခေတ္တခဏထားရှိရာ ခြံဝင်းအတွင်းရှိ အဆောက်အအုံ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ရာနေရာသည် ယခင်က နွားများ ခေတ္တခဏထားရှိရာနေရာဖြစ်ပြီး သိပ်မိုးသွပ်ပြားဖော့ကာပါသည့် အကာများဖြင့် တည်ဆောက်ထားသည့် ပေ ၁၀၀ ခန့်ရှိ မြေစိုက်နှစ်ထပ်အဆောက်အအုံဖြစ်ကာ မီးလောင်မှုမှထွက်ရှိလာသော မီးညွှန့်မီးလျှံများကို မူဆယ်မြို့ နေရာအချို့မှ တွေ့မြင်ခဲ့ရပြီး မူဆယ်မြို့ရှိ မြို့နေလူထုများ၊ ပရဟိတအသင်းအဖွဲ့များ မူဆယ်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ အရန်မီးသတ်တပ်ဖွဲ့၊ မူဆယ်ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းမီးငြှိမ်းသတ်မှုကြောင့် ဘေးပတ်ဝန်းကျင်သို့ မီးကူးစက်ပျံ့နှံ့ခဲ့ခြင်းမရှိကြောင်း သိရသည်။
မီးသတ်တပ်ဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက်အရ အဆိုပါမီးလောင်မှုသည် ရေနွေးအိုးတည်ထားသည့် ဝိုင်ယာကြိုးမှတစ်ဆင့် ဘေးရှိအိပ်ရာများသို့ ကူးစက်ကာ မီးလောင်ခြင်းဖြစ်ကြောင်း၊ ည ၈ နာရီ မိနစ်၄၀ တွင် မီးထိန်းနိုင်ခဲ့ကာ ၈ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိှမ်းသတ်နိုင်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှုမရှိဘဲ ခန့်မှန်းတွက်ချက်မှုအရ ကျပ် ၁၂ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း မူဆယ်ခရိုင်မီးသတ်တပ်ဖွဲ့မှ သိရသည်။
အဆိုပါမီးလောင်ရာနေရာသို့ မူဆယ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်ခြောက်စီး၊ ရေသယ်ယာဉ်ငါးစီး၊ အုပ်ချုပ်မှုယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၀၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ဖြင့် ရေဂါလန် ၁၀၀၀၀ ကျော်ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
“မီးဘေးအန္တရာယ်ကင်းဖို့ဆိုရင် မြို့နေလူထုက အမြဲပူးပေါင်းပါဝင်မှုက ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ၁၉၈၉ မတ် ၁၈ ရက်က မူဆယ်တောင်ပေါ်မီးကြောင့် တစ်မြို့လုံးနီးပါး ပြာကျဖူးတယ်။ ဒါကြောင့် မီးဘေးအတွက်ဆို ဒီလိုမြို့နေလူထုက ပါဝင်သလို ပြည်သူ့စစ်ပိုင်အဆောက်အအုံနဲ့ ဝိုင်းတွေကလည်း မီးသတ်တပ်ဖွဲ့ရဲ့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုအပိုင်းတွေမှာ ပူးပေါင်းပါဝင် စစ်ဆေးခွင့်အပြည့်အဝရရှိဖို့လည်း လိုအပ်တယ်” ဟု မူဆယ်မြို့ခံတစ်ဦးက ဆိုသည်။















