မာရီယူပိုးလ်မြို့ သံမဏိစက်ရုံထဲမှ ယူကရိန်းစစ်သုံ့ပန်းတို့၏ ကံကြမ္မာ

မာရီယူပိုးလ်မြို့ သံမဏိစက်ရုံထဲမှ ယူကရိန်းစစ်သုံ့ပန်းတို့၏ ကံကြမ္မာ
Photo-BNE
Photo-BNE
Published 23 May 2022
ဖြိုးဟိန်းကျော်

ယူကရိန်းနိုင်ငံမာရီယူပိုးလ်မြို့ကို ရုရှားက အညှာအတာကင်းမဲ့စွာဖြင့် သုံးလကြာပိတ်ဆို့ဝန်းရံမှုအပြီးတွင် ရုရှားလက်သို့ စစ်သုံ့ပန်းများအဖြစ် ကျရောက်ခဲ့ရသော ယူကရိန်းတိုက်ခိုက်ရေးသမားများ၏ ကံကြမ္မာ အပေါ်စိုးရိမ်မှုများ တရိပ်ရိပ်မြင့်တက်လာခဲ့သည်။

မဟာဗျူဟာအရအရေးပါသော မာရီယူပိုးလ်၌ ရုရှားတပ်များကို ခုခံတွန်းလှန်နေသည့် ယူကရိန်းတို့၏ နောက်ဆုံးခြေကုပ်ဖြစ်သကဲ့သို့ ယူကရိန်းတို့၏ ကျားကုတ်ကျားခဲ ခုခံတွန်းလှန်မှု အမှတ်သညာဖြစ်သော Azovstal သံမဏိစက်ရုံကိုအပြည့်အဝ ထိန်းချုပ်နိုင်ပြီဟု ရုရှားက ကြေညာခဲ့သည်။ စစ်ပွဲဒဏ်ကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော မြို့၏အပျက်အစီးများကြားတွင် မြို့ခံနှစ်သောင်းကျော် သေဆုံးခဲ့ဖွယ်ရှိသည်။ တစ်ဖက်တွင်မူ ၎င်းမြို့ကို သိမ်းယူနိုင်ခဲ့ခြင်းသည် ယခုစစ်ပွဲတွင် ရုရှားသမ္မတဗလာဒီမာပူတင် အလွန်အမင်းတောင့်တနေသော အောင်ပွဲတစ်ခုကို ဆောင်ကြဉ်းပေးနိုင်ခဲ့ခြင်းဖြစ်သည်။

အနောက်နိုင်ငံများက ယူကရိန်းကို အကူအညီများ ပုံအောပေးအပ်လျက်ရှိရာ ပိုလန်သမ္မတအန်ဒရေဒူဒါသည် ယူကရိန်းသို့ ကြိုတင်ကြေညာခြင်းမရှိဘဲ ရောက်ရှိလာခဲ့ပြီး မေ ၂၂ ရက်က ယူကရိန်းလွှတ်တော်တွင် မိန့်ခွန်းပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားပြီးကတည်းကပင် သန်းနှင့်ချီသည့် ယူကရိန်းစစ်ရှောင်ဒုက္ခသည်များကို လက်ခံကြိုဆိုခဲ့သည့် ပိုလန်သည် ဥရောပသမဂ္ဂသို့ ဝင်ရောက်လိုသည့် ယူကရိန်းကို အခိုင်အမာထောက်ခံသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ ရုရှားက ယူကရိန်း၏ အဓိကပင်လယ်ဆိပ်ကမ်းများကို ပိတ်ဆို့ထားစဉ် ပိုလန်သည် အနောက်နိုင်ငံများ၏ လူသားချင်းစာနာထောက်ထားမှုအကူအညီများနှင့်  စစ်လက်နက်ပစ္စည်းအထောက်အပံ့များ ယူကရိန်းသို့  ပေးပို့နိုင်ရေးအတွက် ပင်မလမ်းကြောင်းတစ်ခု ဖြစ်လာသည့်အပြင် ယူကရိန်း၏ ဂျုံနှင့် ပြောင်းအပါအဝင် စိုက်ပျိုးရေးထွက်ကုန်များကို ကမ္ဘာ့စျေးကွက်သို့ တင်ပို့နိုင်ရန်လည်း ပိုလန်က အကူအညီပေးလျက်ရှိသည်။

မာရီယူပိုးလ်မြို့ သံမဏိစက်ရုံ၏ ကျယ်ပြန့်သော မြေအောက်ဥမင်များထဲမှ ယူကရိန်းတပ်ဖွဲ့ဝင်များ ခိုအောင်းနေသည့် နောက်ဆုံးခြေကုပ်နေရာများကို ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း ရုရှားက ကြေညာခဲ့ပြီးနောက်တွင်  ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖမ်းဆီးခံယူကရိန်းစစ်သားများ၏ ဗီဒီယိုကိုထုတ်ပြန်ခဲ့သည်။ ရုရှားကျောထောက်နောက်ခံပြုခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသော ရုရှားလိုလားသည့် ယူကရိန်းအရှေ့ပိုင်းဒေသတစ်ခု၏ ခေါင်းဆောင်ဖြစ်သူ ဒန်းနစ်ပူရှီလင်ကမူ ဖမ်းဆီးထိန်းသိမ်းခံ တိုက်ခိုက်ရေးသမား ၂၄၃၉ ဦးရှိသည်ဟု ဆိုသည်။ ထိုသို့ဖမ်းဆီးခံရသူများထဲတွင် ပြည်ပနိုင်ငံသားအချို့ ပါဝင်နေသည်ဟု ၎င်းက ရုရှားနိုင်ငံပိုင်ရုပ်သံသို့ ပြောကြားခဲ့သော်လည်းအသေးစိတ် ပြောကြားခဲ့ခြင်းမရှိပေ။

စစ်တပ်နှင့် ဥပဒေစိုးမိုးရေးဌာနအသီးသီးမှဖြစ်သော Azovstal သံမဏိစက်ရုံထဲမှ  ယူကရိန်းတိုက်ခိုက်ရေးသမားများကို စစ်သုံ့ပန်းများ ရသင့်ရထိုက်သော အခွင့်အရေးများပေးရန်နှင့် နောက်ဆုံးတွင် ယူကရိန်းသို့ ပြန်လည်ပို့ဆောင်ပေးရန် ၎င်းတို့၏ မိသားစုဝင်များက မေတ္တာရပ်ခံခဲ့သည်။ ယူကရိန်းဒုတိယဝန်ကြီးချုပ် အိုင်ရီနာဗယ်ရက်ရှုကမူ ယူကရိန်းအနေဖြင့် အဆိုပါယူကရိန်းစစ်သားအားလုံးကို ပြန်ခေါ်နိုင်ရေးအတွက် တိုက်ပွဲဝင်သွားမည်ဟု ပြောကြားခဲ့သည်။

မေ ၂၀ ရက်တွင် ရုရှားသံချပ်ကာယာဉ်များ၏ စောင့်ကြပ်မှုနှင့်အတူ ဘတ်စ်ကားယာဉ်တန်းများသည် အဆိုပါသံမဏိစက်ရုံမှ ထွက်ခွာသွားခဲ့ပြီး ယူကရိန်းအချို့ကို ယခင်အကျဉ်းထောင် အဆောက်အအုံများဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ အချို့ကိုမူ ဆေးရုံသို့ပို့ဆောင်ထားသည်ဟု ရုရှားတာဝန်ရှိသူများက ဆိုသည်။

ဖမ်းမိထားသော ယူကရိန်းစစ်သားများသည် ခုံရုံးတင် စစ်ဆေးမှုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ရုရှားလိုလားသည့် ယူကရိန်းအရှေ့ပိုင်းဒေသတစ်ခု၏ ခေါင်းဆောင်ဖြစ်သူ ဒန်းနစ်ပူရှီလင်က ဆိုသည်။ ရုရှားအစိုးရ  တာဝန်ရှိသူများနှင့် နိုင်ငံပိုင်မီဒီယာတို့ကလည်း ယူကရိန်းတိုက်ခိုက်ရေးသမားများကို နာဇီလက်သစ်ဝါဒီများ၊ ရာဇဝတ်သားများအဖြစ် ပုံဖော်ရန် ကြိုးပမ်းလျက်ရှိသည်။

ယူကရိန်းကာကွယ်ရေးတပ်ဖွဲ့ဝင်များထဲတွင် လက်ယာစွန်းအယူအဆ လွှမ်းမိုးသောနောက်ခံသမိုင်းရှိခဲ့သည့် အဇော့တပ်ရင်းကြီးမှတပ်ဖွဲ့ဝင်များ ပါဝင်လျက်ရှိရာ ရုရှားအစိုးရက ယင်းအခြေအနေကိုအသုံးချလျက် ယူကရိန်းအား ကျူးကျော်မှုကို နာဇီဝါဒလွှမ်းမိုးမှုဖယ်ရှားသည့် စစ်ဆင်ရေးအဖြစ်အကြောင်း ပြချက်ပေးခဲ့သည်။

ပိုမိုကျယ်ပြန့်လာသည့် စစ်ပွဲ၏ သက်ရောက်မှုများသည် မရေမရာရှိနေဆဲဖြစ်ပြီး မာရီယူပိုးလ်တွင် တပ်စွဲထားသည့် ရုရှားတပ်ဖွဲ့ဝင်အများအပြားကို ယူကရိန်းစစ်မြေပြင်ရှိ အခြားနေရာများသို့ ပြောင်းရွှေ့တပ်ဖြန့်မှုများ လုပ်ဆောင်ထားသည်။

ယူကရိန်း၏ အဓိကပင်လယ်နက်ဆိပ်ကမ်းမြို့ဖြစ်သော အိုဒက်ဆာအနီးရှိ ယူကရိန်းစစ်တပ်၏ အထူးစစ်ဆင်ရေးကွပ်ကဲမှုဌာနတစ်ခုနှင့် ယူကရိန်းမြောက်ပိုင်း ဇီတိုမီယာဒေသရှိ အနောက်နိုင်ငံများက ထောက်ပ့ံထားသော စစ်လက်နက်ပစ္စည်းအများအပြား သိုဝှက်ထားသည့် နေရာတစ်ခုကို ဖျက်ဆီးပစ်နိုင်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရ အီဂေါကိုနာရှန်ကော့ဗ်က ပြောကြားခဲ့သည်။ ယူကရိန်းဘက်ကမူ ယင်းနှင့်ပတ်သက်၍ အတည်ပြုခြင်းမရှိသေးပေ။

ယူကရိန်းအရှေ့ပိုင်းဒွန်းဘတ်စ်ဒေသ၏ နေရာအများအပြားတွင် တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေသည်ဟု ယူကရိန်းစစ်တပ်က ဆိုသည်။ “ဒွန်းဘတ်စ်ဒေသရဲ့ အခြေအနေဟာ အလွန်အမင်းခက်ခဲနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ရုရှားစစ်တပ်က ဆလိုဗီယန့်စ်နဲ့ ဆီဗယ်ရိုဒိုးနက်မြို့တွေကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ကြိုးပမ်းလာတာကြောင့် ယူကရိန်းတပ်ဖွဲ့ဝင်တွေက နေ့စဉ်နဲ့အမျှ ခုခံတွန်းလှန်နေရပါတယ်” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးက ပြောကြားသည်။

ဆီဗယ်ရိုဒိုးနက်သည် လူဟန့်ဒေသတွင် ယူကရိန်း၏ထိန်းချုပ်မှုအောက်၌ ဆက်ရှိနေသည့်အဓိက မြို့တစ်မြို့ဖြစ်ပြီး ၎င်းမြို့ရှိတစ်ခုတည်းသော ဖွင့်လှစ်လည်ပတ်နေဆဲဆေးရုံတွင် ဆရာဝန်သုံးဦးနှင့် ၁၀ ရက်စာ ဆေးဝါးအသုံးအဆောင်များသာ ကျန်ရှိတော့သည်ဟု ဒေသန္တရအုပ်ချုပ်ရေးမှူး၏ အဆိုအရ သိရသည်။

ဒိုးနက်ဒေသရှိ ဆလိုဗီယန့်စ်မြို့သည် ယူကရိန်းအရှေ့ပိုင်းကို အလုံးစုံသိမ်းယူရန် ပစ်မှတ်ထားနေသည့် ရုရှား၏ စစ်ရေးရည်မှန်းချက်အတွက် အလွန်အရေးပါသည့် နေရာတစ်ခုဖြစ်ကာ မြို့တော်ကိယက်ဗ်မှ ရုရှားတပ်များ ပြန်ဆုတ်လာပြီးနောက် လွန်ခဲ့သည့်လအတွင်း ထိုမြို့တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။

သမ္မတဇယ်လန်စကီးကမူ ဒွန်းဘတ်စ်ဒေသသည် ယူကရိန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်ရှိနေကြောင်းနှင့် မိမိတို့တပ်ဖွဲ့ဝင်များသည် ၎င်းဒေသလွတ်မြောက်ရေးအတွက် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်နေသည်ဟု  အလေးအနက်ပြောဆိုထားသည်။

ထို့အပြင် ပေါ်တူဂီဝန်ကြီးချုပ် အန်တိုနီယိုကော်စတာနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်အတွင်း သမ္မတဇယ်လန်စကီးက အတွဲလိုက်ပစ် ဒုံးပစ်လောင်ချာများ ပေးပို့ပေးရန် အနောက်နိုင်ငံများကို တောင်းဆိုခဲ့သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ယူကရိန်းအတွက် ဒေါ်လာဘီလျံ ၄၀ ထပ်မံ အကူအညီပေးမည့်အမိန့်ကြေညာချက်တစ်ရပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ထိုပမာဏထဲမှ ထက်ဝက်ခန့်သည် စစ်ရေးအကူအညီအတွက်ဖြစ်သည်။ ပေါ်တူဂီအစိုးရကလည်း ယူကရိန်းအား ယူရိုသန်း ၂၅၀ ကူညီထောက်ပံ့မည်ဖြစ်သကဲ့သို့ စစ်လက်နက်ပစ္စည်းများကိုလည်း အဆက်မပြတ် ပေးပို့သွားမည်ဟု ကတိပြုထားသည်။

၁၁ စတုရန်းကီလိုမီတာခန့် ဧရိယာရှိသည့် Azovstal သံမဏိစက်ရုံသည် သီတင်းပတ်များစွာတိုင်အောင် စစ်တလင်းဖြစ်ခဲ့ရသည်။ ရုရှားစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ တင့်ကားများဖြင့် ပစ်ခတ်မှုတို့ကို အလူးအလဲခံခဲ့ရပြီး တစ်စတစ်စအင်အားယုတ်လျော့လာသည့်တိုင် ထိုစက်ရုံထဲမှ ယူကရိန်းကာကွယ်ရေးတပ်များသည် လေကြောင်းမှချပေးသည့် ရိက္ခာ၊ လက်နက်များဖြင့် အသက်ဆက်ကာ အချိန်ကြာမြင့်စွာ တောင့်ခံထားခဲ့ခြင်းဖြစ်သည်။

ယူကရိန်းရဟတ်ယာဉ်မှူးများသည် ရုရှား၏ လေယာဉ်ပစ်လက်နက်များ၏ အန္တရာယ်ကြား၌ပင် ဆေးဝါး၊ ရိက္ခာ၊ ရေတို့ကို စွန့်လွှတ်စွန့်စား သွားရောက်ပို့ဆောင်ခဲ့သည့်အပြင် အလောင်းများကိုသယ်ယူခြင်းနှင့် ဒဏ်ရာရစစ်သည်များကို ကယ်ဆယ်ခြင်းတို့ကိုလည်း စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့ပြီး ထိုမစ်ရှင်များအတွင်း လေသူရဲအတော်များများ ကျဆုံးခဲ့သည်။

ရုရှားလက်သို့ မာရီယူပိုးလ်မြို့ ကျသွားသဖြင့် သားဖွားဆေးရုံတစ်ရုံကို ဗုံးကြဲတိုက်ခိုက်မှုနှင့် အရပ်သားရာနှင့်ချီ ပုန်းအောင်းနေသည့် ပြဇာတ်ရုံတစ်ရုံအား တိုက်ခိုက်မှုအပါအဝင် ၎င်းမြို့တွင် ရုရှားတို့ ကျူးလွန်ခဲ့သည်ဟုဆိုသော ရက်စက်ကြမ်းကြုတ်မှုများကို မှတ်တမ်းတင်နေသည့် ယူကရိန်းအာဏာပိုင်များ၏ ကြိုးပမ်းမှုများကို နှောင့်နှေးကြန့်ကြာစေလိမ့်မည်ဖြစ်သည်။ ဧပြီလထဲတွင် ထုတ်ပြန်ခဲ့သည့် ဂြိုဟ်တုမှ ရိုက်ကူးထားသော ဓာတ်ပုံများတွင် မာရီယူပိုးလ်မြို့ပြင်၌ လူအစုလိုက်အပြုံလိုက် မြှုပ်နှံထားသည်ဟု ယူဆရသောနေရာများကို မြင်တွေ့ရပြီး ရုရှားသည် အရပ်သား ၉၀၀၀ ခန့်အထိ သတ်ဖြတ်ခဲ့မှုကို ဖုံးကွယ်ရန် ကြိုးပမ်းနေသည်ဟု မာရီယူပိုးလ် ဒေသန္တရအာဏာပိုင်များက စွပ်စွဲထားသည်။

စစ်ပွဲမတိုင်မီက အဆိုပါမြို့၏ လူဦးရေ လေးသိန်းခွဲထဲမှ တစ်သိန်းခန့်သည် မြို့ထဲတွင် ဆက်ရှိနေကာ ရုရှား၏ ပိတ်ဆို့ဝန်းရံမှုကြောင့် မြို့ခံအများအပြားသည် ရေ၊ အစားအသောက်နှင့် လျှပ်စစ်မီး မရရှိသည့် ဆိုးရွားသော အခြေအနေအောက်တွင် ရှင်သန်နေ ရသည်။

မာရီယူပိုးလ်မြို့သည် လူသားချင်းစာနာမှု အကျပ်အတည်းကြီးနှင့် ရင်ဆိုင်နေရသည့်အပြင် ကူးစက်ရောဂါများ ပျံ့နှံ့ဖြစ်ပွားလုနီးပါးအခြေအနေနှင့်ပါ ရင်ဆိုင်နေရသည်ဟု မာရီယူပိုးလ်မြို့တော်ဝန်က စာပို့အက်ပလီကေးရှင်းတစ်ခုဖြစ်သည့် Telegram မှတစ်ဆင့် ပြောကြားခဲ့သည်။

Most Read

Most Recent