လောကပါလတရားများ ပျက်သုဉ်းပျောက်ကွယ်စေခဲ့ခြင်း

လောကပါလတရားများ ပျက်သုဉ်းပျောက်ကွယ်စေခဲ့ခြင်း
Published 23 May 2022
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

လောကပါလတရားများနှင့် ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုကြရာတွင် ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည့် ရှုထောင့် အမျိုးမျိုးကို အခြေခံပြီး ရှင်းလင်း တင်ပြလေ့ရှိကြပါသည်။ စာရေးသူအနေဖြင့် တိုင်းပြည်နိုင်ငံတော် တည်ဆောက်ရေးနှင့် ပတ်သက်သည့် လောကပါလတရားများကိုသာ ဆွေးနွေးတင်ပြပါမည်။

စာဖတ်သူတို့အတွက် သတိပြု စေလိုသည့်အချက်မှာ မိမိတို့ တိုင်းပြည်နိုင်ငံတွင် ဘုရင်စနစ် ပျက်စီးပျောက်ကွယ်ပြီးနောက်ပိုင်း ကိုလိုနီအုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခဲ့သည့် ဗြိတိသျှ-အင်္ဂလိပ်တို့က တိုင်းပြည် နိုင်ငံတော်နှင့် ပတ်သက်သည့် လောကပါလတရားများကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။

စာရေးသူတို့အတွက် မေးခွန်းမှာ ကိုလိုနီ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဘယ်ကြောင့် လောကပါလတရားများကို ဖော်ထုတ်ပြီး အသုံးပြုခဲ့ကြပါသလဲဆိုသည့် မေးခွန်းဖြစ်ပါသည်။ ဖော်ပြပါ မေးခွန်းကို စာရေးသူ သိရှိလက်လှမ်းမီသမျှ လေ့လာထားရှိသည့် စာပေ အထောက်အထားများနှင့် စဉ်းစားချက်များ၊ သိမြင်နားလည်ထားသည်များကို အခြေခံကာ ရှင်းလင်းတင်ပြပါမည်။ စာရေးသူအနေဖြင့် ကိုလိုနီအုပ်ချုပ်သူများနေရာက ဝင်ပြီး စဉ်းစားတွေးခေါ်ကြည့်ရာတွင် စာရေး သူတို့၏ တိုင်းပြည်နိုင်ငံတွင် ဘုရင်စနစ်မရှိတော့သည့်အချိန် ဘုရင်စနစ်ကို အစားထိုးနိုင်စေမည့် တိုင်းရင်းသား ပြည်သူအားလုံးတို့က သဘောတူ လက်ခံနိုင်စေမည့် သဘောတရားစနစ်တစ်ရပ်ကို အစားထိုးနိုင်ရန် ဖြစ်ပါသည်။

ဘုရင်စနစ်ကို အစားထိုးမည့် အကြောင်းအရာကို စဉ်းစားတွေး ခေါ်ကြည့်ရာတွင် မိမိတို့တိုင်းပြည်နိုင်ငံ ကိုလိုနီစနစ်အုပ်ချုပ်ရေး မတိုင်မီ နှစ်ပေါင်းများစွာစောပြီး ဖြစ်ထွန်းပေါ်ပေါက်စေခဲ့သည့် အမေရိကန်ပြည်ထောင်စုသည် ဘုရင်စနစ်နေရာတွင် ဥပဒေကို အခြေခံသည့်စနစ်နှင့် အစားထိုးစေခဲ့ပါသည်။ ဥပဒေကို ဘုရင်စနစ်နေရာတွင် အစားထိုးကျင့်သုံးစေခြင်းသည် တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားများ၏ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို လုံးဝ အခြေခံခြင်းမပြုဘဲ တိုင်းပြည်နိုင်ငံကို တည်ဆောက်သည့် ဒီဇိုင်းမိုဒယ်ပုံစံ ဖြစ်ပါသည်။

သို့သော်လည်း မိမိတို့တိုင်းပြည်နိုင်ငံ အခြေအနေကို လေ့လာပါက တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းပေါင်းစုံ၊ အတွေးအခေါ် အယူအဆပေါင်းစုံ မတူကွဲပြားလျက် အမြစ်တွယ်ရှင်သန်လျက် တည်ရှိနေပါသဖြင့် ဘုရင်စနစ်အစား ဥပဒေနှင့် အစားထိုးနိုင်ရန်မှာ လွန်စွာခက်ခဲစေမည့် အခြေအနေ ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့ တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားအားလုံးတို့က သဘောတူ လက်ခံနိုင်စေမည့် သဘောတရား အယူအဆတစ်ရပ်နှင့် အစားထိုးကျင့်သုံးရန်ဖြစ်ပါသည်။

အဆိုပါ သဘောတရားသည် တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားအားလုံးတို့အတွက် ဆောင်ရွက်သမျှ ကိစ္စရပ်တိုင်းတွင် တိုင်းတာသုံးသပ် ဆုံးဖြတ်ရမည့် (Cross Cutting) “မူ” အဖြစ် ချမှတ် ပြဋ္ဌာန်းနိုင်ရန်ဖြစ်ပါသည်။ အဆိုပါ သဘောတရားမှာ “လောကပါလတရားများ” ပင် ဖြစ်ပါသည်။

ဗြိတိသျှ-အင်္ဂလိပ်တို့၏ ကိုလို နီအုပ်ချုပ်ရေးစနစ်တွင် လောကပါလတရားများကို အချိန်အတိအကျ မည်သည့် အချိန်က စတင်ပြီး အသုံးပြုခဲ့သည်ကို စာရေးသူအနေဖြင့် အထောက်အထားများ ရှာဖွေခြင်းကို မဆောင်ရွက်နိုင်ခဲ့ပါ။ သို့သော်လည်း ဆရာကြီးဦးချမ်းသာ၏စာအုပ် (Reference : 1) တွင် ၁၉၃၇ ခုနှစ်က အတွေ့အကြုံကို ရှင်းလင်းတင်ပြထားချက်များအရ လောကပါလတရားများကို အုပ်ချုပ်ရေးနှင့် အခွန်စည်းကြပ်ရာတွင် အသုံးပြုလျက်ရှိသည်ကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။

“တရားမျှတမှုသည် အုပ်ချုပ်ရေးတစ်ရပ်တွင် အရေးကြီးလှသကဲ့သို့ အခွန်စည်းကြပ်ရာတွင်လည်း အလွန် အရေးကြီးလှပေတော့သည်။ ရာခိုင်နှုန်းပြည့် တရားမျှတမှု (Absolute Justice)၊ ရာခိုင်နှုန်းပြည့် ညီမျှမှု (Absolute Equality)၊ ရာခိုင်နှုန်းပြည့် လွတ်လပ်မှု (Absolute Freedom) ဆိုသည့် သဘောတရားများသည် လူ့လောကတွင် မည်သည့် အခါမျှ မရှိနိုင်၊ စိတ်ကူးယဉ်မျှသာ ဖြစ်သည်။

ရာခိုင်နှုန်းပြည့်နှင့် အနီးကပ်ဆုံး တရားမှု၊ အနီးကပ်ဆုံး ညီမျှမှု၊ အနီးကပ်ဆုံး လွတ်လပ်မှုကိုရအောင်သာ လူတို့ ကြိုးစား၍ ရနိုင်ပေသည်။ သို့ဖြစ်၍ အခွန်စည်းကြပ်ရာတွင် ရာခိုင်နှုန်းပြည့်နှင့် တတ်နိုင်သရွေ့ အနီးကပ်ဆုံး မျှတမှု၊ ညီမျှမှုရအောင်သာ ကြိုးစား နိုင်ပေသည်။”(Reference : 1, pp-340).

ထို့ကြောင့် စာရေးသူအနေဖြင့် ကောက်ချက်ချနိုင်သည့်အချက်မှာ ကိုလိုနီအုပ်ချုပ်သူ ဗြိတိသျှ-အင်္ဂလိပ်အစိုးရသည် လောကပါလတရားများကို ၁၉၃၇ ခုနှစ်မတိုင်မီ အစောပိုင်း အချိန်ကာလများက တည်းကပင် တွင်ကျယ်စွာ လက်ခံ ကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြောဆို နိုင်ပါသည်။ မိမိတို့တိုင်းပြည်နိုင်ငံတွင် ဘုရင်စနစ် ပျက်သုဉ်းပျောက်ကွယ်စေခဲ့သည့် ၁၈၈၆ ခုနှစ်နှင့် နှိုင်းယှဉ်စဉ်းစားနိုင်ပါသည်။

သို့သော်လည်း လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း အတိအကျအားဖြင့် ၁၉၆၂ ခုနှစ် နောက်ပိုင်းကာလ တိုင်းပြည်နိုင်ငံတော်နှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် လောကပါတရားများအား “မူ” အဖြစ်ချမှတ် အသုံးပြုခြင်းများမရှိတော့ဘဲ လုံးဝ ပျက်သုဉ်းပျောက်ကွယ်သွားစေခဲ့ပါသည်။ စာရေးသူက မိမိ၏စဉ်းစား တွေးခေါ်ထားချက်များကို အခြေခံကာ အလွန်ရင်းနှီးသည့် မိတ်ဆွေအချို့အား အဘယ့်ကြောင့် ဘုရင်စနစ်ကို အစားထိုးအသုံးပြုစေခဲ့သည့် လောကပါလတရားများကို လျစ်လျူရှု ပစ်ပယ်ခဲ့ကြပါသလဲဆိုသည့် မေးခွန်းကို မေးကြည့်မိပါသည်။

မိတ်ဆွေများထံက ရရှိသည့် အဖြေမှာ စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ ၁၉၆၂ ခုနှစ် နောက်ပိုင်း ကာလတွင် တိုင်းပြည်နိုင်ငံကို ဦးဆောင်ခဲ့ကြသူများမှာ တင်းကျပ်သည့် ဗဟိုဦးစီးစနစ် တစ်နည်းအားဖြင့် အာဏာရှင်စနစ်ကို ကျင့်သုံး အကောင်အထည်ဖော်ကြသဖြင့် ခေါင်းဆောင်လုပ်သူတို့သည် ရှင်ဘုရင် ဖြစ်လိုကြသဖြင့် ရှင်ဘုရင် ကိုယ်စား တည်ရှိနေသည့် လောကပါလတရားများကို ပယ်ဖျက်နိုင်စေရန် ကြိုးပမ်းအားထုတ်ခဲ့သည်ဟု ဖြေကြားသည်ကိုလည်း ကြားသိခဲ့ရပါသည်။ စာဖတ်သူများအနေဖြင့်လည်း တွေးခေါ်စဉ်းစားကြည့်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတော်ကြီး နိုင်ငံတကာအသိုင်း အဝိုင်းအလယ်တွင် ကမ္ဘာတည်နေသရွေ့ ဂုဏ်သိက္ခာရှိစွာ ရှင်သန်ရပ် တည်နိုင်စေရေးအလို့ငှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များကို အခြေခံပြီး ပြည်ထောင်စုတိုင်းပြည်နိုင်ငံတော်ကြီးကို တည်ဆောက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ကိုယ်စားပြုစေသည်သာမက နေထိုင်လျက်ရှိကြသည့် တိုင်းရင်းသားလူမျိုး အားလုံးတို့အား ကိုယ်စားပြုစေနိုင် သည့် “မူ” အနေနှင့် လောကပါလတရားများကို အခြေခံထားရှိပြီး လူအနေနှင့် “နိုင်ငံသား” များကို အခြေခံထားရှိစေကာ ငြိမ်းချမ်းသာယာဝပြောသော ပြည်ထောင်စုကြီး ဖြစ်ထွန်းပေါ်ပေါက် လာစေရေးကို ရည်ရွယ်ပါသည်။

ပထမဦးစွာ လောကပါလတရားများနှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်အချို့ကို တင်ပြပါမည်။ လောကပါလတရားဆိုသည်မှာ “လောက သို့မဟုတ် လူ့အဖွဲ့အစည်းကို စာရိတ္တ/အကျင့် အရ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ထားသောတရားကို လောကပါလတရားဟု ခေါ်သည်။”  (Reference : 2). 

ဖော်ပြပါ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ လောကပါလတရားများအဖြစ် သတ်မှတ်ထားရှိသည်များကို ထိန်းသိမ်းစောင့်ရှောက်စေခြင်း၊ မပြုလုပ်ရန် တားမြစ်ခြင်းနှင့် ဟန့်တားခြင်း သဘောတရားများ ဖြစ်ပါသည်။ လောကပါလတရားများအဖြစ် ပါဠိဘာသာစကား ဟီရိနှင့် သြတ္တပ္ပ ဟူ၍ သတ်မှတ်ပြဋ္ဌာန်းထားရှိပြီး မြန်မာဘာသာသို့ ပြန်ဆိုတင်ပြရပါလျှင် ဟီရိသည် မကောင်းမှုပြုရ မည်ကို ရှက်ခြင်းဖြစ်ပြီး သြတ္တပ္ပသည် မကောင်းမှုပြုရမည်ကို ကြောက်လန့်ခြင်း ဖြစ်ပါသည်။

အလျဉ်းသင့်သဖြင့် တင်ပြလိုသည့်အချက်မှာ မြန်မာ့လူ့အဖွဲ့အစည်း၏ ဦးစားပေးထားရှိသည့် တန်ဖိုးစံချိန်စံနှုန်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံကျင့်သုံးလျက်ရှိသည့် တန်ဖိုးစံချိန်စံနှုန်း ကွာခြားချက်ဖြစ်ပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းသည် ထိန်းသိမ်းခြင်း၊ တားမြစ်ခြင်း၊ ဟန့်တားခြင်း သဘောတရားများကို ဦးစားပေးထားရှိပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့်မူ လုပ်ဆောင်ခြင်း၊ ဆောင်ရွက်ခြင်း၊ အကောင်အထည်ဖော်ခြင်း သဘောတရားများကို ဦးစားပေးသည့် အခြေအနေဖြစ်ပါသည်။ ဥပမာအနေဖြင့် တင်ပြရပါ လျှင် မြန်မာ့လူ့အဖွဲ့အစည်းတွင်

“သူ့အသက် မသတ်ရ” ဆိုသည့် ထိန်းသိမ်းတားမြစ်သည့်သဘောတရားကို တွေ့ရှိရမည်ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့်မူ “လူတို့၏အသက်ကို ကယ်တင်ရမည်” ဆိုသည့် သဘောတရားကို အခြေခံထားရှိသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံထားရှိသည့် လောကပါတရားများ၏ အဓိပ္ပာယ်သတ်မှတ်ချက်မှာ အထက်တွင် ဖော်ပြထားသည့် အဓိပ္ပာယ် သတ်မှတ်ချက်နှင့် ကွာခြားလျက်ရှိသည်ကို တွေ့မြင်နိုင်ပါသည်။ စာရေးသူအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အများသဘောတူ သတ်မှတ်ထားရှိသည့် လောကပါလတရားများနှင့် ထပ်တူညီသည့် အဓိပ္ပာယ်သတ်မှတ်ထားချက်ကို ရှာဖွေတွေ့ရှိနိုင်သည့်အထိ သုတေသနများကို မပြုလုပ်မဆောင်ရွက်နိုင်ခဲ့ပါ။

မူရင်းသဘောတရားများအရ တင်ပြရပါလျှင် ချမှတ်ထားရှိသည့် “မူများ” (Priciples) ပင်ဖြစ်ပါသည်။ စာရေးသူအနေဖြင့် စာဖတ်သူများ အလွယ်တကူ သိမြင်နားလည်စေနိုင်စေရေးအလို့ငှာ အဓိပ္ပာယ်ဖွင့်ဆိုပါမည်။ “လောကပါလ တရားများဆိုသည်မှာ လောက သို့မဟုတ် လူ့အဖွဲ့အစည်း၏ ကောင်းကျိုးချမ်းသာကို ဆောင်ကြဉ်းပေးနိုင်စေမည့် “မူများ” ပင် ဖြစ်ပါသည်။ “လောကပါတရားများနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပုံတွင် ဖော်ပြထားပါသည်။

“ဒုတိယအနေဖြင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မိမိတို့ တိုင်းပြည်နိုင်ငံက တိုင်းပြည်နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် လောကပါလတရားများအား ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်မှုများကို တင်ပြပါမည်။ စာရေးသူအနေဖြင့် လက်လှမ်းမီသည့် အထောက်အထားအဖြစ် တရားဝင် သတ်မှတ်ဖော်ပြနိုင်သည့် အောက်ဖော်ပြပါ ဖွဲ့စည်းပုံ အခြေခံဥပဒေများအပေါ်တွင်အကျဉ်းချုံးတင်ပြပါမည်။

(က) ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇ ခုနှစ်)၊

(ခ) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊

(ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊

ဖော်ပြပါ စာအုပ်စာတမ်းများသည် အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်ပါသဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခြင်း မပြုတော့ပါ။ ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိကာလနှင့် ၁၉၈၈ ခုနှစ်မှာ ၂၀၁၁ ခုနှစ်အထိ ကာလများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေမရှိဘဲ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို စစ်အုပ်ချုပ်ရေး အသုံးပြု အုပ်ချုပ်ခဲ့သည့်ကာလများ ဖြစ်ပါသည်။

အာဏာရှင်စနစ်နှင့် စစ်အုပ်ချုပ်ရေးကို ကျင့်သုံးသည့်အချိန်ကာလများတွင် လောကပါတရားများ ပျက်သုဉ်းပျောက်ကွယ်စေသည်မှာ သဘာဝပင် ဖြစ်ပါသည်။ လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကျင့်သုံးအကောင်အထည်ဖော်ဆောင်သည့် အချိန်ကာလများတွင်သော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိဘဲ စစ်အုပ်ချုပ်ရေးကို အသုံးပြုသည့်အချိန်ကာလများ တွင်သော်လည်းကောင်း တိုင်းသူပြည်သား များအတွက် လောကပါလတရားများကို အမြဲသိရှိသတိရစေရန် အထောက်အပံ့ဖြစ်စေခဲ့သည်မှာ နိုင်ငံတော်သီချင်းတွင် ပါဝင်နေသည့် စာသားကလေးများပင် ဖြစ်ပါသည်။ စာဖတ်သူများ သတိပြုနိုင်စေရန် ထုတ်နုတ်တင်ပြပါသည်။

“တရားမျှတ-လွတ်လပ်ခြင်းနဲ့ မသွေ -တို့ပြည်-တို့မြေ-များလူခပ်သိမ်း- ငြိမ်းချမ်းစေဖို့-ခွင့်တူညီမျှ-၀ါဒ ဖြူစင်တဲ့ပြည်-တို့ပြည်-တို့မြေ-“

ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် လောကပါလတရားများကို တရားဝင်အသုံးပြုစေရန် စာအုပ် (က) တွင် အသေးစိတ် ဖော်ပြရှင်းလင်း တင်ပြထားရှိပြီး စာအုပ် (ခ) တွင်မူ လုံးဝဖော်ပြရှင်းလင်းထားခြင်း မရှိခဲ့ပါ။ စာအုပ် (ဂ) တွင်မူ အခန်း (၁) နိုင်ငံတော်အခြေခံမူများအခန်း တွင် အခြေခံမူများ ပုဒ်မ (၆) ပုဒ်မခွဲ (င)တွင် “နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါတရားများ ပိုမိုထွန်းကားရေးနှင့်”ဆိုပြီး ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ စာရေးသူသည် အထက်ဖော်ပြပါ ဖွဲ့စည်းပုံ အခြေခံဥပဒေများကို အခြေခံကာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် ထုတ်ဝေသည့် WEEKLY ELEVEN News, No. 30, Vol. 16  တွင် “တစ်ပြည်ထောင်စနစ် (Unitary System) လိုလို၊ ပြည်ထောင်စုစနစ် (Federal System) လိုလို” ခေါင်းစဉ်နှင့် တင်ပြခဲ့ပြီး ဖြစ်ပါသည်။

ယခုတင်ပြသည့် ဆောင်းပါးနှင့် တွဲဖက်ပြီး ဖတ်ရှုလေ့လာပါရန် အကြံပြုပါသည်။

ဤတွင် စာရေးသူ သာမန်နိုင်ငံသား တစ်ဦး၏ အသိအမြင် လေ့လာတွေ့ရှိချက်ကို တင်ပြပါမည်။ စာရေးသူ တစ်ဦးတည်း၏ ကိုယ်ပိုင်သိမြင်မှု သက်သက်အနေဖြင့် တင်ပြရပါလျှင် တိုင်းပြည်နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများအတွက် မူ၊ မူဝါဒများနှင့် ပတ်သက်ပြီး ဒီဇိုင်း မိုဒယ်ပုံစံ တည်ဆောက်ဖော်ဆောင်ထားသည်များမှာ အတော်ပင် အဆင်မပြေလှပါ။ ဆရာကြီး တစ်ဦးက စာရေးသူအား ပြောပြရာတွင် “မင်းက ဒီအကြောင်းအရာအပေါ်မှာ အာဏာ၊ ရာထူး၊ ငွေကြေး၊ အခွင့်အရေး စသည်တို့ကို ရရှိစေရန် ကြည့်မြင်ခြင်းမရှိဘဲနဲ့ မှန်မှန်ကန်ကန် သိမြင်နိုင်စေရန် လေ့လာတာကိုးကွ” ဟု ပြောပြပါသည်။ အဓိကမှာ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဆရာကြီး၊ ဆရာမကြီးများ အနေဖြင့် “မူ” နှင့် “မူဝါဒ” ကို စနစ်တကျ ကွဲပြား၊ ခွဲခြားနိုင်စေရန်အပတ်တကုတ် လေ့လာ ကြိုးပမ်းအားထုတ်မှုမရှိခဲ့ခြင်းပင် ဖြစ်ပါသည်။ အဆင်ပြေ သင့်တော်သည့်အချိန်တွင် “မူ နှင့် မူဝါဒ” ခေါင်းစဉ်ဖြင့် မူနှင့် မူဝါဒ များ လက်တွေ့အသုံးပြုပုံများကို သီးခြားဆောင်းပါးတစ်ပုဒ် ရေးသားတင်ပြပါမည်။

ထူးခြားသည့် အခြေအနေတစ်ရပ်မှာ တိုင်းပြည်နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားသူများက လောကပါလတရားများကို လျစ်လျူရှု ပစ်ပယ်ထားခဲ့ကြပါသော်လည်း စာရေးသူတို့ နေထိုင်ကြီးပြင်းခဲ့ရသည့် ကျေးရွာများတွင် ကျေးရွာလူကြီးသူမများ၊ ဆရာတော်ကြီးများနှင့် ဘာသာ သာသနာ၏ အဆုံးအမများကြောင့် ရွာသားများ အချင်းချင်း ဆက်သွယ်မှုပြုလုပ် ဆောင်ရွက်ကြသည့် လုပ်ငန်းရပ်များတွင် တရားမျှတခြင်းနှင့် အခွင့်အရေး တန်းတူညီမျှခြင်းကို မြတ်နိုး တန်ဖိုးထားရှိပြီး ထိန်းသိမ်းဆောင်ရွက်လျက် ရှိနေကြသည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။

တတိယအနေဖြင့် ယနေ့အချိန်အခါတွင် တိုင်းပြည် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းရပ်များ၌ ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် အဆိုပြုချက်များကို တင်ပြပါမည်။ အဓိကမှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူမည့်သူများအနေနှင့် “မူနှင့် မူဝါဒ” များကို စနစ်တကျ လေ့လာပြီး  လက်တွေ့မည်ကဲ့သို့ အသုံးပြုအကောင် အထည်ဖော်ရမည်ကို ကျွမ်းကျွမ်း ကျင်ကျင် တတ်မြောက်စေသည်အထိ ကြိုးပမ်းအားထုတ်ကြစေလိုပါသည်။ ထို့ပြင် မည်သို့သော အခြေအနေ အချိန်အခါတွင်ဖြစ်စေ မိမိတို့ တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများ၏အကျိုးကို မျှော်ကိုးလျက် လောကပါလတရားများကို  “မူများ” အဖြစ် အမြဲတစေ လက်စွဲကျင့်သုံးကြစေလိုပါသည်။

စာရေးသူ လေ့လာတွေ့ရှိချက်များအရ လောကပါလတရားများကို တွင်ကျယ်စွာ အသုံးပြုလာသည့် အချိန်သို့ ရောက်ရှိခဲ့ပါက ထိန်းကျောင်း ထိန်းညှိနိုင်မှု စွမ်းအားအင်အားမှာ အလွန်အရေးကြီးလှပါသည်။ တစ်ခါတစ်ရံ လောကပါတရားများတွင် ပါဝင်သည့်အကြောင်းအရာ အချင်းချင်းအတွင်းမှာပင် ထိန်းညှိခြင်းများပြုလုပ်ရပါသည်။ ဥပမာအားဖြင့် လွတ်လပ်မှုကို ဦးစားပေးလွန်းပါက တရားမျှတမှုနှင့် အခွင့်အရေးတန်းတူညီမျှမှုကို ထိခိုက်စေမည့် အခြေအနေမျိုးလည်း ဖြစ်ပေါ်စေတတ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတော်ကြီး နိုင်ငံတကာအသိုင်း အဝိုင်းအလယ်တွင် ကမ္ဘာတည်နေသရွေ့ ဂုဏ်သိက္ခာရှိစွာ ရှင်သန်ရပ်တည်နိုင်စေရေးအလို့ငှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များကို အခြေခံပြီး ပြည်ထောင်စုတိုင်းပြည် နိုင်ငံတော်ကြီးကို တည်ဆောက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ကိုယ်စားပြုစေသည်သာမက နေထိုင်လျက်ရှိကြသည့် တိုင်းရင်းသားလူမျိုးအားလုံးတို့အား ကိုယ်စားပြုစေနိုင်သည့် “မူ” အနေဖြင့် လောကပါလတရားများကို အခြေခံထားရှိပြီး လူအနေဖြင့် “နိုင်ငံသား” များကို အခြေခံထားရှိစေကာ ငြိမ်းချမ်းသာယာဝပြောသော ပြည်ထောင်စုကြီး ဖြစ်ထွန်းပေါ်ပေါက်လာစေရေးကို အစွမ်းကုန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

Reference :

၁။ ဦးချမ်းသာ (၂၀၁၁) “ကျွန်တော် အိုင်စီအက်စ်”။ ဒုတိယအကြိမ်၊ စာအုပ်စျေး စာအုပ်တိုက်။

၂။ “ဒုစရိုက်၊ သုစရိုက်နှင့် လောကပါတရား”။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်။

Most Read

Most Recent