နိုင်ငံတကာ၏ယုံကြည်မှုနှင့် စိတ်ဝင်စားမှုကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုကဏ္ဍက ဆွဲဆောင်နိုင်ပါ့မလား

နိုင်ငံတကာ၏ယုံကြည်မှုနှင့် စိတ်ဝင်စားမှုကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုကဏ္ဍက ဆွဲဆောင်နိုင်ပါ့မလား
လှိုင်သာယာစက်မှုဇုန်မှ အလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
လှိုင်သာယာစက်မှုဇုန်မှ အလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 22 May 2022
နီလာ

မြန်မာ့စီးပွားရေးသည် နိုင်ငံရေး အပြောင်းအလဲဖြစ်ပွားမှုနှင့် ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ရောဂါကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်ခဲ့ခြင်းကြောင့် အပြင်းအထန် အစမ်းသပ်ခံနေရဆဲဖြစ်သည်။ လတ်တလော ရရှိထားသောညွှန်းကိန်းအချို့အရ လွန်ခဲ့သောလများအတွင်း  အနည်းငယ်မျှ တိုးတက်မှု ပြသနေခဲ့သော်လည်း ဖေဖော်ဝါရီလ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များမဖြစ်မီ စီးပွားရေးအခြေအနေထက် နိမ့်နေသေးကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်မှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကူးစက်ခံရမှုအရေအတွက် လျော့ကျလာသည်နှင့်အမျှ (၂၀၂၂ ခုနှစ် ဇန်နဝါရီလအစောပိုင်းတွင် အိုမီခရွန်ဗီဇပြောင်း ပိုးကူးစက်ခံမှု အနည်းငယ်ရှိကြောင်း ထုတ်ပြန်မှုများရှိခဲ့) ရွေ့လျားသွားလာမှုဆိုင်ရာ၊ ကုန်ထုတ်လုပ်မှုဆိုင်ရာနှင့် ပြည်ပတင်ပို့မှုဆိုင်ရာ ညွှန်းကိန်းများက စီးပွားရေးပြန်လည် လှုပ်ရှားလာသည့် အရိပ်လက္ခဏာများ ဖော်ပြနေသည်။

တစ်ဖက်တွင်မူ ယခင်က အတော်အတန်ငြိမ်းချမ်းခဲ့သည့်တိုင်းဒေသကြီးနှင့်ပြည်နယ်များအပါအဝင် မြန်မာနိုင်ငံနေရာများစွာတွင်  လုံခြုံရေးအခြေအနေ ပျက်ပြားလာကြောင်း တွေ့ရှိရသည်။ အဆိုပါမတည်ငြိမ်မှုများက စီးပွားရေးလုပ်ငန်းများ၏ ဆက်သွယ်လုပ်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ယုံကြည်မှုနှင့် စိတ်ပါဝင်စားမှုတို့ကို ထိခိုက်စေကြောင်းလည်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်မှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အခြေအနေ

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ခြောက်သန်းနီးပါးသာ ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် တရုတ်နိုင်ငံက ဒေါ်လာ ၂ ဒသမ ၇၈၂ သန်း၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာနှစ်သန်း၊  ဟောင်ကောင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၂၁၅ သန်းဖြင့် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၅ ဒသမ ၉၉၇ သန်းသာ ဝင်ရောက်ခဲ့သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ခြောက်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၆၄၇ ဒသမ ၁၂၇ သန်း ဝင်ရောက်ခဲ့သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ခြောက်လအတွင်း နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံမှုအနေဖြင့် စင်ကာပူက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၂၉၇ ဒသမ ၃၄၉ သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၁၄၂ ဒသမ ၁၃၇ သန်း၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၈ ဒသမ ၆၄၁ သန်း၊ ပြင်သစ်က ဒေါ်လာ သုည ဒသမ ၄၉၇ သန်း၊ ဟောင်ကောင်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၁၀၉ ဒသမ  ၁၄၀ သန်း၊အိန္ဒိယနိုင်ငံက ဒေါ်လာ သုည ဒသမ ၅၅၀ သန်း၊အင်ဒိုနီးရှား နိုင်ငံက ဒေါ်လာ ၅ ဒသမ ၁ သန်း၊ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၄ ဒသမ ၅၃၀ သန်း၊ မလေးရှားက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ သုည ဒသမ ၃၁၂ သန်း၊ R.O.K က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၆၂ ဒသမ ၆၉၃ သန်း၊ Samoa က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာနှစ်သန်း၊ Seychelles က ဒေါ်လာ ၁ ဒသမ ၃၄၃ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ခုနစ်သန်း၊ နယ်သာလန်က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာလေးသန်း၊ U.K က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ သုည ဒသမ ၃၃၅ သန်း၊ နီပေါက ဒေါ်လာ ၁ ဒသမ ၅ သန်း ဝင်ရောက်ခဲ့သည်။

နှစ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ဒေါ်လာ ၄၀၆၉၃ ဒသမ ၆၈၇ သန်း၊ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၄၁၉ ဒသမ ၄၆၇ သန်း၊ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၁၀၃ ဒသမ ၉၅၇ သန်း၊၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၈၀၁၀ ဒသမ ၅၃၃ သန်း၊ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၉၄၈၆ ဒသမ  ၁၂၃ သန်းဖြင့် သမိုင်းတစ်လျှောက် စံချိန်တင်အများဆုံး ဝင်ရောက်ခဲ့သည့်နှစ်ဖြစ်သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်  ဒေါ်လာ ၆၆၄၉ ဒသမ ၈၁၂ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၅၇၁၃ ဒသမ ၀၈၆ သန်း၊ ၂၀၁၈ ခု နှစ် ဧပြီမှစက်တင်ဘာလကုန်အထိ Mini Budget ခြောက်လအတွင်း ဒေါ်လာ ၁၇၆၄ ဒသမ ၇၀၁ သန်း ဝင်ရောက်ခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၁၅၈ ဒသမ၄၇၄ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဒေါ် လာ ၄၈၈၀ ဒသမ ၉၇၃ သန်း၊ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၇၉၁ ဒသမ ၃၉၈ သန်း၊ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်အထိ Mini Budget ခြောက် လအတွင်း ဒေါ်လာ ၆၄၇ ဒသမ  ၁၂၇ သန်းသာ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ သတ္တုကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ စက်မှုဇုန်ကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍ စသည်ဖြင့် စီးပွားရေးကဏ္ဍ ၁၂ ခု တွင် ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးနေခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် ဧပြီလအတွင်း ဒေါ်လာ ၅ ဒသမ ၉၉၇ သန်းသာ ဝင်ရောက်မှုတွင်  နိုင်ငံအနေဖြင့် တရုတ်က ဒေါ်လာ၂ ဒသမ ၇၈၂ သန်း၊ တိုင်ပေက ဒေါ်လာနှစ်သန်းနှင့် ဟောင်ကောင်က ဒေါ်လာ ၁ ဒသမ ၂၁၅ သန်း မြှုပ်နှံခဲ့ခြင်းဖြစ်သည်။ ကဏ္ဍအနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတစ်ခုတည်းတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ  ၅ ဒသမ  ၉၉၇ သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ကျန်ကဏ္ဍများတွင် FDI ဝင်ရောက်မှုမရှိခဲ့ပေ။

FDI ဝင်ရောက်မှုအပေါ် သက်ရောက်သည့် အကြောင်းခြင်းရာများ

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်  စီးပွားရေးကြီးထွားမှုနှုန်း မြင့်တက်လာရန် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကြီးကြီးမားမား ဝင်ရောက်လာရန် လိုအပ်သည်။ FDI ဟူသည် ကုမ္ပဏီများက နိုင်ငံခြားတိုင်းပြည်တစ်ခု၌ အရင်းအနှီး ဝယ်ယူခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန်၌ အခြေစိုက်သော်လည်း နိုင်ငံပေါင်းစုံ၌ လုပ်ကိုင်နေသော Nike ကုမ္ပဏီသည် အားကစားဖိနပ်ထုတ်လုပ်ရန်အတွက် ပါကစ္စတန်နိုင်ငံတွင် စက်ရုံတစ်ရုံ တည်ဆောက်ခြင်းမျိုးကို FDI ဟု ခေါ်သည်။ FDI ဝင်ရောက်မှုအပေါ် သက်ရောက်သည့် အကြောင်းခြင်းရာ များစွာရှိသည့်အနက် အရေးကြီးသည့် အချက်အချို့ကို သုံးသပ်ကြည့်ရန် လုုိသည်။

(၁) လုပ်အားခနှုန်းထား - လုပ်အားခနှုန်းထား လျော့နည်းခြင်းသည် FDI ကို ဆွဲဆောင်နိုင်သည့် အဓိကမက်လုံးထဲ၌ ပါဝင်သည်။ ပျမ်းမျှအားဖြင့် အမေရိကန်တွင် တစ်နာရီ လုပ်ခ  ၁၅ ဒေါ်လာရှိသော်လည်း အိန္ဒိယတိုက်ငယ်တွင် တစ်နာရီ တစ်ဒေါ်လာသာ ရှိသည်။ (မြန်မာနိုင်ငံတွင် တစ်နာရီ လုပ်အားခသည် လက်ရှိဒေါ်လာစျေး အရ တစ်ဒေါ် လာ၏ သုံးပုံတစ်ပုံခန့်သာ ရှိသည်)။ ထို့ကြောင့် အနောက်တိုင်းကုမ္ပဏီများသည် အထည်ချုပ်စက်ရုံများကို အိန္ဒိယတိုက်ငယ်၌ ဝင်ရောက်လုပ် ကိုင်ကြခြင်းဖြစ်သည်။

သို့သော် လုပ်အားခနှုန်းထား သက်သက်က FDI ကို ဆုံးဖြတ်ခြင်း မဟုတ်ပေ။ ဆာဟာရ အောက်ပိုင်း အာဖရိကဒေသကဲ့သို့သော နေရာ၌ လုပ်အားခ စျေးပေါသော်လည်း အခြား ကုန်ကျစရိတ်များနှင့် မကာမိသောကြောင့် ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံရန် နောက်တွန့်ကြသည်။

(၂) ကျွမ်းကျင်လုပ်သား -  အချို့သော လုပ်ငန်းများ (ဥပမာ- ဆေးဝါးထုတ်လုပ်ရေးနှင့် အီလက်ထရွန်နစ်) တို့အတွက် ကျွမ်းကျင်လုပ်သားများ လိုအပ်သည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံတွင် အင်္ဂလိပ်စကား ကျွမ်းကျင်စွာ ပြောတတ်သူများ ပေါများပြီး လုပ်ခနှုန်း နိမ့်ပါးသောကြောင့် ဖုန်းခေါ်ဆိုမှုများကို ဖြေဆိုရသော ဝန်ဆောင်မှုလုပ်ငန်းများက အိန္ဒိယ၌ လာရောက်ရင်းနှီးမြှုပ်နှံကြသည်။

(၃) အခွန်ကောက်ခံမှု - Apple၊ Google နှင့် Microsoft ကဲ့သို့သော ကုမ္ပဏီကြီးများသည် အခွန်ကောက်ခံမှု နိမ့်ပါးသည့် နိုင်ငံများ၌ ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းကြသည်။ ဥပမာ အားဖြင့် အိုင်ယာလန်နိုင်ငံသည် အခွန်ကောက်ခံမှုနှုန်းထားအရ  Google နှင့် Microsoft ကုမ္ပဏီတို့ကို  ဆွဲဆောင်နိုင်ခဲ့သည်။ သို့သော် အငြင်းပွားဖွယ်ရာအချို့ကို ဖြစ်ပေါ်စေသည်။ Google ကုမ္ပဏီသည် ဥရောပနိုင်ငံအားလုံးနီးပါး၌ လုပ်ငန်းများ လုပ်ကိုင်သော်လည်း အကျိုးအမြတ်အားလုံးကို အိုင်ယာလန်မှတစ်ဆင့် လွှဲပြောင်းရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

(၄) သယ်ယူပို့ဆောင်ရေးနှင့်အခြေခံအဆောက်အအုံ - အလွန်အဓိကကျသည့် အကြောင်းခြင်းရာ တစ်ရပ်မှာ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များနှင့် အခြေခံအ ဆောက်အအုံအဆင့်အတန်း ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၌ လုပ်အားခ စျေးပေါနိုင်သော်လည်း ကုန်ပစ္စည်းများကို ကမ္ဘာ့စျေးကွက်သို့ တင်ပို့သည့်အခါ သယ်ယူပို့ဆောင်ရေးစရိတ်မြင့်မားမှုနှင့် မကာမိခြင်းဖြစ်နိုင်သည်။ ရေလမ်းမှ တင်ပို့ရမည့် ကုန်ပစ္စည်းမျိုးအတွက် ပင်လယ်ရေကြောင်းလမ်း အသုံးပြုနိုင်သည့် နိုင်ငံများက ကုန်းတွင်းပိုင်းနိုင်ငံများ ထက် ပို၍အားသာချက်ရှိသည်။

(၅) စီးပွားရေး အရွယ်အစား ကြီးထွားနိုင်သည့် အလားအလာ - အချို့သော FDI များသည် မိမိတို့ လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ၌ ကုန်ပစ္စည်းများကို တိုက်ရိုက် ရောင်းချရန် ပစ်မှတ်ထားသည်လည်း ရှိသည်။ ထိုအခါ လူဦးရေ အရွယ်အစားနှင့် စီးပွားရေးကြီးထွားနိုင်မှု အလားအလာသည် အရေးကြီးသည့် မက်လုံးတစ်ရပ်ဖြစ်သည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံတွင် အသစ်ပေါ်ထွက်လာသော လူလတ်တန်းလွှာများအတွက် ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများ ဝယ်လိုအား အလွန်ကြီးမားသောကြောင့် FDI များ အလွန်စိတ်ဝင်စားကြခြင်း ဖြစ်သည်။

(၆) နိုင်ငံရေး တည်ငြိမ်မှု၊ မြေယာပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အလမ်း - FDI အဖြစ် ရင်းနှီးမြှုပ်နှံမှုသည် စွန့်စားရသော ကိစ္စတစ်ရပ်ဖြစ် သည်။  နိုင်ငံရေး အနေအထားအရ မရေရာသော နိုင်ငံများအနေဖြင့် ဆွဲဆောင်အား လျော့နည်းမည်ဖြစ်သည်။ စီးပွားရေးအကျပ်အတည်းသည်လည်း FDI ကို ဆွဲဆောင်နိုင်ရန် မျှော်လင့်ချက်နည်းစေသည်။ ဥပမာအားဖြင့် ရုရှားနိုင်ငံတွင် မကြာသေးမီက စီးပွားရေးအကျပ်အတည်း ဖြစ်ပေါ်ခဲ့ပြီး စီးပွားရေးပိတ်ဆို့မှုပါ ခံရသောကြောင့် FDI များကို တွန့်ဆုတ်စေခဲ့သည်။

နိုင်ငံရေး တည်ငြိမ်မှု ပတ်သက်နေသော အကြောင်းခြင်းရာများ သည်လည်း FDI များအပေါ် သက်ရောက်မှုရှိသည်။ ၎င်းတို့မှာ အဂတိလိုက်စားမှုအဆင့်နှင့် အင်စတီကျူးရှင်းများ (အထူးသဖြင့် တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေး) အပေါ် ယုံကြည်စိတ်ချရမှုတို့ ဖြစ်သည်။

အထက်ပါ ခြောက်ချက်အပြင် ကုန်ကြမ်းပစ္စည်း ရရှိနိုင်မှုနှင့် ငွေလဲနှုန်းတို့ကလည်း FDI အပေါ် သက်ရောက်မှုရှိသည်။

ငွေလဲနှုန်းအားပျော့သည့် နိုင်ငံများက FDI ကို ဆွဲဆောင်နိုင်သော်လည်း ငွေလဲနှုန်းအပြောင်း အလဲမြန်ခြင်းက FDI များကို တွန့်ဆုတ်စေသည်။

မည်သို့ပင်ဆိုစေ နိုင်ငံကို အကျိုး ရှိစေမည့်  FDI များ  ဝင်ရောက်လာရန်အတွက် နိုင်ငံအတွင်း အခြေခံကောင်းများ တည်ဆောက်ထားရန် လိုအပ်လျက်ရှိသည်။

လက်ရှိအနေအထားသည် မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်အများကြီးထား၍ မရသောအနေအထားတွင် ရှိနေသည်။ ကမ္ဘာ့စီးပွားရေး အပြောင်းအလဲ၊ ဒေသတွင်းအပြောင်းအလဲများအပြင် ပြည်တွင်းတွင်ဖြစ်ပေါ်နေသော ပဋိပက္ခများ၏ ရိုက်ခတ်မှုများကြောင့် အလားအလာနည်းပါးနေသည့်ကာလတွင်  တရုတ်ရင်းနှီးမြှုပ်နှံမှု၊ ဂျပန်ရင်းနှီးမြှုပ်နှံမှု၊ အမေရိကန်ရင်းနှီးမြှုပ်နှံမှု၊ အီးယူရင်းနှီးမြှုပ်နှံမှု ရွေးချယ်နိုင်သည့်အနေအထားမဟုတ်တော့ဘဲ ရလာသည့် ရင်းနှီးမြှုပ်နှံမှုကို စည်းကမ်းနှင့် စနစ်နှင့်၊ တာဝန်ယူမှုတာဝန်ခံမှုနှင့် တရားဥပဒေစိုးမိုးမှုတို့နှင့်သာ ထိန်းချုပ်ရန်ရှိတော့ကြောင်း စီးပွားရေးအဝန်းအဝိုင်းမှ သုံးသပ်နေကြသည်။  

Most Read

Most Recent