တာလီဘန်လက်အောက်တွင် နေရာပျောက်လာသည့် အာဖဂန်အမျိုးသမီးလုပ်သားများ

တာလီဘန်လက်အောက်တွင် နေရာပျောက်လာသည့် အာဖဂန်အမျိုးသမီးလုပ်သားများ
Photo:AFP
Photo:AFP
Published 19 May 2022
မေသုတ

ပြီးခဲ့သည့်နွေရာသီ နံနက်ခင်းတစ်ခုတွင် နာစီရာသည် ကဘူးမြို့တော်ရှိ သူတာဝန်ထမ်းဆောင်နေသည့် အစိုးရရုံးဌာနသို့ ပုံမှန် အတိုင်း ရုံးတက်ရန် ရောက်ရှိလာခဲ့သည်။

အဆိုပါရုံးတွင် သူသည် စီမံခန့်ခွဲရေး အရာရှိ ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ ယင်းအချိန်က တာလီဘန်တို့သည် အာဏာကို ထိန်းချုပ်ခဲ့သည့် အချိန်ဖြစ်သဖြင့် သူတာဝန်ထမ်းဆောင်နေသည့် ရုံးကိုလည်း တာလီဘန်လက်နက်ကိုင်များက ဝင်ရောက် စီးနင်းထားချိန်ဖြစ်သည်။

“ကျွန်မ ရုံးထဲကိုဝင်ခွင့်မရခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတာကို ကျွန်မစုံစမ်းကြည့်တော့ တာလီဘန်အစိုးရရဲ့ ကြေညာချက်ထွက်လာတဲ့အချိန်အထိ စောင့်နေရမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီကြေညာချက်ဟာ ဘယ်တော့မှ ထွက်မလာခဲ့ပါဘူး” ဟု အသက် ၃၂ နှစ်အရွယ် နာစီရာက ပြောကြားခဲ့သည်။

ယင်းအဖြစ်အပျက်သည် ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၅ ရက်က တာလီဘန်တို့သည် ကဘူးမြို့တော်ကို ဝင်ရောက်စီးနင်းပြီး အာဏာကိုထိန်းချုပ်ခဲ့ပြီး ရက်ပိုင်းအတွင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းအချိန်သည် နာစီရာနှင့်အတူ ထောင်နှင့်ချီသည့် အမျိုးသမီးအစိုးရဝန်ထမ်းများအတွက် အစိုးရရုံး ဌာနများတွင် တာဝန်ထမ်းဆောင်ရသည့် နောက်ဆုံးနေ့ရက်များဖြစ်လာခဲ့သည်။

တာလီဘန် ယာယီဝန်ကြီးချုပ် မူလာ မိုဟာမက် ဟက်ဆန်အက်ခွန်းက အစ္စလာမ္မာစ်တရားဥပဒေနှင့်အညီ အမျိုးသမီးများကို အလုပ်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး အစိုးရဝန်ထမ်းအမျိုးသမီးအစိုးရဝန်ထမ်းများကို မိမိ တို့နေအိမ်တွင်သာ နေထိုင်ကြရန် ပြောကြားခဲ့ပြီး အမျိုးသားများ မသင့်တော်သည့် အလုပ် တာဝန်အနည်းငယ်ကိုသာ အမျိုးသမီးဝန်ထမ်းများကို တာဝန်ထမ်းဆောင်ခွင့်ပြုခဲ့သည်။

နာစီရာမှာ သဘောတရားအရ အစိုးရဝန်ထမ်းတစ်ဦးအဖြစ် ဆက်ရှိနေပြီး လစာမှာ သိသိသာသာလျှော့ချခံခဲ့ရသည်။ “ ငါတို့က နင့်ကို လစာပေးထားတာပဲ။ နင်ဘာထပ်လို သေးလို့လဲလို့ သူတို့ (တာလီဘန်) က ကျွန်မ ကိုပြောပါတယ်။ ဒါပေမယ့် ငွေကြေးဟာ ကျွန်မအတွက် ဦးစားပေးမဟုတ်ပါဘူး။ အ မျိုးသမီးတွေကို ဝန်ဆောင်မှုပေးနေတဲ့ ကျွန်မတို့ဌာနအတွက် ကျွန်မတာဝန်ကျေချင်တယ်။ ပြည်သူ့ဝန်ထမ်းတစ်ယောက်လို တာဝန်ထမ်းဆောင်ချင်တယ်။ အထူးသဖြင့် အမျိုးသမီး အစိုးရဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုကို မရတဲ့ ကျွန်မတို့နိုင်ငံက အမျိုးသမီးတွေအတွက် တာဝန်ထမ်းဆောင်ပေးချင်ပါတယ်” ဟု နာ စီရာက ဆိုသည်။

အာဖဂန်တွင် အစိုးရဝန်ထမ်းရာထူးနေရာများအတွက် အမျိုးသမီးများကို ခန့်အပ်ခြင်းမရှိသည့် ပြဿနာတစ်ခုတည်းသာမဟုတ်ပေ။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ အဆိုအရ ၂၀၂၁ ခုနှစ်ကုန်ပိုင်းတွင် ကဘူးမြို့တော်ရှိ အမျိုးသမီးဂျာနယ်လစ် ၇၀၀ အနက် ၁၀၀ ခန့်သာ ဆက်လက် အလုပ်လုပ်ကိုင်နေသည်ဟု သိရသည်။

၂၀၁၉ ခုနှစ်က အာဖဂန်နစ္စတန်ရှိ ကျောင်းဆရာ၊ ဆရာမစုစုပေါင်း၏ ၃၆ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၏ မှတ်တမ်းများအရသိရပြီး ယင်းသည် နှစ်ပေါင်း ၂၀ အတွင်း ကျောင်းဆရာမအရေ အတွက် အများဆုံးဖြစ်ခဲ့သည်။ သို့သော်လည်း တာလီဘန်တို့သည် ယခုနှစ်မတ်လတွင် အမျိုးသမီးများပညာသင်ကြားခွင့်ကို ပိတ်ပင်ခဲ့ပြီး ကျောင်းဆရာမအများစုမှာလည်း အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။

“အာဖဂန်မှာ အမျိုးသမီးတွေ လုပ်ငန်းခွင်ဝင်ခွင့်နဲ့ပတ်သက်ပြီး အခုလို တားမြစ်ကန့်သတ်ချက်တွေ ထုတ်ပြန်ထားတာဟာ အာဖဂန်နစ္စတန်ရဲ့ ဂျီဒီပီ စုစုပေါင်းရဲ့ ၅ ရာ ခိုင်နှုန်း ဒါမှမဟုတ် စီးပွားရေးအရ ၁ ဘီလျံ လောက် ဆုံးရှုံးနစ်နာစေခဲ့တယ်လို့ ခန့်မှန်းရပါတယ်” ဟု ကုလသမဂ္ဂ၏ အမျိုးသမီးများ ဆိုင်ရာအေဂျင်စီမှ အမှုဆောင်ညွှန်ကြားရေးမှူး ဆိုင်မာ ဘာဟူးစ်က ပြောကြားခဲ့သည်။

“တာလီဘန်တွေလက်အောက်မှာ အချက်အလက်တွေစုဆောင်းရတာဟာ အရမ်းခက်ခဲပါတယ်။ သတင်းအချက်အလက်တွေ စုဆောင်းသိရှိပိုင်ခွင့်ဟာလည်း ကန့်သတ်ခံထားရပါတယ်။ ဒါပေမယ့် အရင်အစိုးရလက်ထက်က မှတ်တမ်းတွေအရတော့ ပြည်သူ့ဝန်ထမ်းစုစုပေါင်းရဲ့ ၂၇ ရာခိုင်နှုန်းဟာ အမျိုးသ မီးတွေဖြစ်ပြီး၊ ပညာရေးကဏ္ဍက ဆရာတွေ စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းဟာလည်း အမျိုးသမီးတွေဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အမျိုးသမီး အစိုးရဝန်ထမ်းအရေ အတွက်ဟာ နည်းနည်းလေးပဲ ရှိတော့တယ်”  ဟု အာဖဂန်သတ္တုတွင်းဝန်ကြီးဟောင်းတစ်ဦးဖြစ်သည့် နာဂစ်နီဟန်က ပြောကြားခဲ့သည်။

မကြာသေးမီက အာဖဂန်၏ သုစရိုက် မှုမြှင့်တင်ရေးနှင့် ဒုစရိုက်မှုတားဆီးရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်ခဲ့သည့် အမိန့်အရ အာဖဂန်အမျိုးသမီးများအနေဖြင့် လူမြင်ကွင်းသို့ထွက်မည်ဆိုပါက မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအပ်သည့် Chador ဟုခေါ်ဆိုသည့် ခေါင်းမြီးခြုံဝတ်ရုံရှည်ကို ဝတ်ဆင်ရန်လိုအပ်မည်ဖြစ်သည်။ ထို့ပြင် အမျိုးသမီးများအတွက် ဝတ်စားဆင်ယင်မှု နှင့်ပတ်သက်ပြီး ပြစ်မှုတစ်ခုအဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး အမျိုးသမီးအစိုးရဝန်ထမ်းများအနေဖြင့် ယင်းဝတ်စားဆင်ယင်မှု သတ်မှတ်ချက်ကို လိုက်နာမှုမရှိပါက ရာထူးမှ ထုတ်ပယ်ခံရမည်ဟု တာလီဘန်တို့က သတိပေးခဲ့သည်။

“အာဖဂန် အမျိုးသမီး ကုန်သည်ကြီးများအသင်းရဲ့ မှတ်တမ်းအရ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အမျိုးသမီးလုပ်ငန်းရှင် ၃၅၀၀ ရှိခဲ့ပါတယ်။ ဒါပေမယ့် သူတို့ထဲက အများစုဟာ လုပ်ငန်းတွေကို ဆက်လက်လည်ပတ်နိုင် ခြင်းမရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ အ ပြစ်ပေးခံရမှာကြောက်လို့ ဝတ်ရုံရှည်ကြီးတွေ ခြုံထားရတဲ့ အမျိုးသမီးဝန်ထမ်းတွေဟာ သူတို့အလုပ်တွေကို အရင်ကလို သက်သောင့် သက်သာနဲ့ မလုပ်နိုင်တော့လို့ပါပဲ”  

ဟီရတ်မြို့မှ သားဖွားမီးယပ်ပါရဂူဖြစ်သည့် ဒေါက်တာ မာယမ်ကလည်း သူကြုံတွေ့နေရသည့်ပြဿနာကို ယခုကဲ့သို့ ပြောပြခဲ့သည်။ “အမျိုးသမီးဆရာဝန်တွေကို ဘူရ်ခါလို့ခေါ်တဲ့ ခေါင်းမြီးခြုံဝတ်ရုံရှည်တွေ မဖြစ် မနေဝတ်ဖို့ သူတို့က အမိန့်ထုတ်ထားပါတယ်။ အမျိုးသမီးခွဲစိတ်ဆရာဝန်တွေတောင် ခွဲစိတ်ခန်းထဲဝင်နေတုန်း ဘူရ်ခါတွေဝတ်ရမယ်လို့ အမိန့်ထုတ်ထားပါတယ်။ ခွဲခန်းထဲမှာ အဲဒီလို ဝတ်ရုံရှည်ကြီးဝတ်ပြီး ခွဲစိတ်ကုသရတာ ဟာ အလုပ်လည်းမတွင်သလို ဘေးကင်းလုံခြုံမှုလည်း မရှိပါဘူး” ဟု ဒေါက်တာ မာယမ်က ဆိုသည်။

ထို့ပြင် တာလီဘန်လက်နက်ကိုင်များသည် ဆေးရုံအတွင်းသို့ သေနတ်တကားကားဖြင့် ဝင်ရောက်လေ့ရှိပြီး ညပိုင်းအချိန်များတွင်လည်း အမျိုးသမီးဆရာဝန်များနှင့် သူနာပြုများကို အနီးကပ်စောင့်ကြည့်နေသည် ဟု ဆိုသည်။ “ အလုပ်ချိန်အတွင်းမှာလည်း ဆွေမျိုးတော်စပ်တဲ့ အမျိုးသားအုပ်ထိန်းသူတွေကို ဘေးနားမှာ အချိန်တိုင်းခေါ်ထားဖို့ အမျိုးသမီးဆရာဝန်တွေကို တာလီဘန်တွေ က တိုက်တွန်းနေပါတယ်။ အမျိုးသမီးလူနာ ဆောင်ထဲမှာ အမျိုးသားအုပ်ထိန်းသူတွေ အချိန်ပြည့်ရှိနေတာက သိပ်သဘာဝမကျပါဘူး” ဟု မာယမ်က ပြောကြားခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် အလုပ်မှထွက်ခဲ့ရသည့် အမျိုးသမီးအရေအတွက်နှင့်ပတ်သက်ပြီး တိကျသည့် ကိန်းဂဏန်းများ မရှိသော်လည်း အာဖရန်၏ ကျန်းမာရေးစောင့်ရှောက်မှုအသိုင်းအဝိုင်း၏ ထက်ဝက်ခန့်မှာ အမျိုးသမီးများဖြစ်သည်။

“ကဘူးမြို့တော်က ဆေးရုံတစ်ရုံမှာဆိုရင် ဆေးရုံဝန်ထမ်းတွေနဲ့ လူနာတွေကို အမျိုးသားနဲ့ အမျိုးသမီး သီးခြားစီခွဲထားဖို့ အထိ တာလီဘန်တွေက တောင်းဆိုခဲ့ပါတယ်။ အမျိုးသမီးတွေဟာ လွတ်လာစွာသွား လာလှုပ်ရှားခွင့် ကန့်သတ်ခံထားရပြီး သူတို့ ရဲ့ နေအိမ်ကနေ အပြင်ကိုထွက်မယ်ဆိုရင် ဆွေမျိုးတော်စပ်တဲ့ အမျိုးသားအုပ်ထိန်းသူကိုပါ ခေါ်သွားရပါတယ်။ သားဖွားဆရာမတွေ၊ ဝမ်းဆွဲတွေတောင် လူနာတွေရဲ့ နေ အိမ်ကိုသွားရင် အမျိုးသားအုပ်ထိန်းသူတွေပါဖို့ လိုပါတယ်။ သတင်းအချက်အလက်စီးဆင်းမှု အားနည်းတာကြောင့် တစ်ချို့အမျိုး သမီးတွေဆိုရင် နေအိမ်ထဲမှာပဲ အခန်းအောင်းနေရပြီး တာလီဘန်တွေရဲ့ ညွှန်ကြား ချက်အသစ်တွေကို ထိုင်စောင့်နေကြပါတယ်” ဟု BMJ ဆေးပညာဂျာနယ်၏ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။

ယင်းတားမြစ်ကန့်သတ်ချက်များမှာ အသစ်အဆန်းမဟုတ်ဘဲ လွန်ခဲ့သည့် နှစ် ပေါင်း ၂၀ ကျော်က တာလီဘန်အစိုးရအုပ်ချုပ်ခဲ့ချိန်ကတည်းက အလားတူတားမြစ်ကန့်သတ်ချက်များကို ကြုံတွေ့ခံစားခဲ့ရဖူးသည် ဟု ဒေါက်တာ မာယမ်က ပြောကြားခဲ့သည်။ “ ကျွန်မတို့ကတော့ ဒီလိုအခြေအနေတွေကို အရင်ကတည်းက ကြုံခဲ့ရပြီးပါပြီ။ မျိုးဆက်သစ်တွေအတွက်တော့ အသစ်အဆန်းဖြစ်နေပါလိမ့်မည်။ တာလီဘန်တွေရဲ့ တင်းကျပ်တဲ့ တားမြစ်ကန့်သတ်ချက်တွေကြောင့် မျိုးဆက်သစ်အမျိုးသမီးငယ်တွေ သူတို့စိတ်ဝင်စားတဲ့အလုပ်တွေကို မလုပ်နိုင်ဘဲ စိတ်ဓာတ်ကျလာနိုင်ပါတယ်။ အဲဒီလို ခေတ်နောက်ပြန်ဆွဲဖို့ တကယ်လိုအပ်လို့လား။ နိုင်ငံအတွက်ရော ဘာတွေများ အကျိုးရှိလာနိုင်လို့လဲ” ဟု မာယမ်ကဆိုသည်။

အာဖဂန်တွင် တာလီဘန်တို့ အာဏာ ထိန်းချုပ်ခဲ့ချိန်ကတည်းက အာဖဂန်အမျိုးသမီးဆရာဝန်အများစု အထူးသဖြင့် သားဖွားမီးယပ်နှင့် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အမျိုးသမီးဆရာ ဝန်များမှာ နိုင်ငံအတွင်းမှ ထွက်ပြေးခဲ့ကြသည်။ ကျန်ရှိနေသေးသည့် ဆရာဝန်များမှာ မူတာလီဘန်တို့၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိပါက အရေးယူခံရနိုင်သည့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရသည် ဟု မာယမ်က ဆိုသည်။

၂၀၀၁ ခုနှစ်တွင် တာလီဘန်အစိုးရအဖွဲ့ပြုတ်ကျသွားခဲ့ပြီးနောက် လွန်ခဲ့သည့်နှစ် ပေါင်း ၂၀ အတွင်း အာဖဂန်အမျိုးသမီးများသည် နိုင်ငံ၏ အရေးကြီးသည့် ကဏ္ဍပေါင်းစုံတွင် ပါဝင်ခဲ့ကြသည်။ ကမ္ဘာ့ဘဏ်၏ အ ချက်အလက်များအရအာဖဂန်လုပ်ငန်းခွင်တွင် အမျိုးသမီးများပါဝင်မှုမှာ ၂၂ ရာခိုင်နှုန်း ရှိခဲ့ပြီး ယင်းနှုန်းထားမှာ တည်ငြိမ်စွာမြင့်တက်လာခဲ့သည်ဟု သိရသည်။

သို့သော်လည်း ၂၀၂၁ ခုနှစ် ပထမသုံးလပတ်ကာလအတွင်း အာဖဂန် လုပ်ငန်းခွင်တွင် အမျိုးသမီးများပါဝင်မှုနှုန်းမှာ ၁၆ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပြီး အမျိုးသားများပါဝင်မှု နှုန်းမှာ ၆ ရာခိုင်နှုန်းလျော့ကျခဲ့သည်ဟု နိုင်ငံ တကာအလုပ်သမားအဖွဲ့ (ILO) က ဇန်နဝါရီလတွင် အစီရင်ခံစာထုတ်ပြန်ခဲ့သည်။ထို့ပြင် လက်ရှိအခြေအနေအတိုင်း ဆက်ဖြစ်နေမည် ဆိုပါက ၂၀၂၂ခုနှစ် နှစ်လယ်ပိုင်းတွင် အမျိုးသမီးများ၏ လုပ်ငန်းခွင့်ပါဝင်မှုအခြေအနေသည် တာလီဘန်တို့ အာဏာမရမီက အခြေ အနေနှင့် နှိုင်းယှဉ်လျှင် ၂၁ ရာခိုင်နှုန်းအထိ လျော့ကျသွားနိုင်ခြေရှိသည်ဟု ILO က ထုတ် ပြန်ခဲ့သည်။  ILO ၏တွက်ချက်မှုတွင် နာစီ ရာကဲ့သို့ လစာပုံမှန်ရနေသော်လည်း ရုံးတက်ပြီး အလုပ်လုပ်ခွင့်မရှိသည့် အမျိုးသမီးအစိုးရဝန်ထမ်းများကို ထည့်တွက်ထားခြင်းမရှိခဲ့ပေ။

စီးပွားရေးနှင့် အစိုးရကဏ္ဍတွင် အမျိုးသမီးများပါဝင်ခွင့်ကို တားမြစ်ကန့်သတ်မှုသည် နိုင်ငံ့စီးပွားရေးအပေါ် ဆိုးရွားစွာသက်ရောက်နိုင်သည်ဟု ကုလသမဂ္ဂက ပြီးခဲ့သည့် ဒီဇင်ဘာလတွင် သတိပေးခဲ့သည်။

၎င်းတို့၏ ရုံးတွင် အမျိုးသမီးဝန်ထမ်းများကို နေအိမ်တွင်သာ နေထိုင်ရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း လုပ်ငန်းလည်ပတ်မှုနှင့် ဝန်ဆောင်မှုတို့ကို ထိခိုက်စေခဲ့သည်ဟု နာစီရာ၏ အထက်လူကြီးဖြစ်သည့် ကြီးကြပ် ရေးမှူး အဗ္ဗဒူက ပြောကြားခဲ့သည်။

“ကျွန်တော်တို့အဖွဲ့မှာ အမျိုးသမီး ခုနစ်ဦး ပါပါတယ်။ တာလီဘန်တွေ အာဏာရလာချိန်ကတည်းက အဲဒီအမျိုးသမီးတွေဟာ တစ်ယောက်မှ ရုံးမတက်ရတော့ပါဘူး။ သူတိို့ဟာ ဒီဌာနရဲ့ ကျောရိုးတွေပါ။ ပွင့်ပွင့်လင်း လင်းပြောရမယ်ဆိုရင် သူတို့တွေဟာ အမျိုးသားဝန်ထမ်းတွေထက်တောင် အလုပ်ကြိုး စားကြပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ  အလုပ်တွေ ပိနေရုံသာမက အာဖဂန်အမျိုး သမီးတွေအတွက် သင့်တော်တဲ့ ဝန်ဆောင်မှုတွေ မပေးနိုင်တော့ပါဘူး။ အမျိုးသမီးဝန်ထမ်းတွေမရှိဘဲ အလုပ်လုပ်ရတာ တော်တော် အဆင်မပြေပါဘူး” ဟု အဗ္ဗဒူက ပြောကြားခဲ့ သည်။ Ref:Guardran

Most Read

Most Recent