အမေရိကန် ဖန်တီးနေသည့် အင်ဒို-ပစိဖိတ် နေတိုးဗားရှင်း

အမေရိကန် ဖန်တီးနေသည့် အင်ဒို-ပစိဖိတ် နေတိုးဗားရှင်း
Photo: Reuters
Photo: Reuters
Published 18 May 2022
​​​​​​​ဇင်မျိုး

၂၀၂၁ ခုနှစ် ဇွန်လတုန်းက ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကိုသိမ်းပိုက်ခဲ့ ပြီးနောက် ရုရှားက ၎င်းပိုင်သည်ဟု ပြောနေသော ပင်လယ်နက် ရေပိုင်နက်ထဲသို့ ဗြိတိန် ဖျက်သင်္ဘောတစ်စင်း ဝင်လာသည်။ ထို့ ကြောင့် ရုရှားကမ်းခြေစောင့်တပ်က သတိပေးပစ်ခတ်မှုများ လုပ်ခဲ့သည်။

ထို့နောက် ရက်ပိုင်းအတွင်း အဆိုပါစစ်သင်္ဘောသည် ပင်လယ်နက်တွင် ပြုလုပ်သော နေတိုး ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့သည်။ နေတိုး၏ ရေတပ်စစ်ရေးလေ့ကျင့်မှုကို အမေရိကန်ပြည်ထောင်စုနှင့် ယူကရိန်းတို့က ပူးတွဲဦးဆောင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ ၃၂ နိုင်ငံ ပါဝင်ခဲ့သည်။

လေ့လာဆန်းစစ်သူအချို့က ယခုကဲ့သို့ သောဖြစ်ရပ်များမှာ နေတိုးကို ရုရှားစိုးရိမ်ရသည့် ဥပမာအဖြစ်လည်းကောင်း၊ ရုရှားကို ရန်စမှုဖြစ်သည့် ဥပမာအဖြစ်လည်းကောင်း ထောက်ပြကြသည်။ ယူကရိန်းကို ပူတင်က စစ်ပွဲဆင်နွှဲရသည့် အကြောင်းပြချက်တစ်ခုမှာ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေ တိုး) ကြောင့် ဖြစ်သည်ဟု ပြောနေကြသည်။

ယူကရိန်းပဋိပက္ခအတွက် တာဝန်ရှိသူမှာ နေတိုးနှင့် အမေရိကန်ပြည်ထောင်စုတို့ ဖြစ်သည်ဟု တရုတ်အစိုးရကယူဆထားသည်။ အခြားသော အစိုးရများနှင့် လေ့လာဆန်းစစ်သူများကမူ ယူကရိန်းကို ကျူးကျော် ခြင်းသည် တရားမဝင်ဟု ယူဆထားကြပြီး နေတိုး၏ နယ်ပယ်ချဲ့ထွင်မှုက အခြားနိုင်ငံ တစ်နိုင်ငံကို ကျူးကျော်ရေးအတွက် ခိုင်လုံသောအကြောင်းပြချက်မဟုတ်ဟု ဆိုသည်။

ဇာတ်ရည်လည်လာသော ပဋိပက္ခဖြစ် ပွားနေချိန်တွင် တရုတ်က နေတိုးအဖွဲ့နှင့် ဖေဖော်ဝါရီလတွင် ဘိုင်ဒင်အစိုးရက ကြေညာခဲ့သော အမေရိကန်၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာတို့ကို နှိုင်းယှဉ်ပြသည်။ တရုတ် နိုင်ငံတော်ကောင်စီဝင်လည်းဖြစ်၊ နိုင်ငံခြား ရေးဝန်ကြီးလည်းဖြစ်သော ဝမ်ယိက မတ်လတွင် ပြောခဲ့တာတစ်ခုရှိသည်။ အင်ဒို-ပစိဖိတ် မဟာဗျူဟာသည် အမေရိကန်ဦးဆောင်သော ဗိုလ်ကျစိုးမိုးရေးစနစ်ကို ထိန်းထားရန် ကြိုးပမ်းမှုဖြစ်သည်ဟု ဝမ်ယိက ပြောကြားခဲ့သည်။ ထိုစနစ်က အာဆီယံဗဟိုပြု ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားနည်းစေကာ ဒေသတွင်း နိုင်ငံများ၏ အကျိုးစီးပွားတစ်ခုလုံးနှင့် ကာလရှည် အကျိုးစီးပွားများကို အပေးအယူလုပ်ရမည့်သဘောဖြစ်လာမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

“မလျော်ကန်တဲ့ လုပ်ရပ်တွေဟာ ငြိမ်းချမ်းရေး၊ ဖွံ့တိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ ရလဒ်တွေအတွက် ဒေသရဲ့ဘုံရည်မှန်းချက်တွေနဲ့ ဆန့် ကျင်နေပါတယ်။ ဒါတွေဟာ ကျဆုံးသွားမှာပါ” ဟု ဝမ်ယိက ပြောသည်။

အမေရိကန်မဟာဗျူဟာသစ်၏ အဓိက ကျသောအချက်များတွင် ပွင့်လင်းလွတ်လပ်သော အင်ဒို-ပစိဖိတ်ဖြစ်အောင် ဆောင်ရွက်ခြင်း၊ အိန္ဒိယ၏ စဉ်ဆက်မပြတ်တိုးတက်မှုနှင့် ဒေသဆိုင်ရာခေါင်းဆောင်မှုကို ထောက်ခံ ခြင်း၊ ကွပ်အဖွဲ့ကို အင်အားကောင်းအောင် ဆောင်ရွက်ခြင်း၊ ဂျပန်၊ တောင်ကိုရီးယားတို့ နှင့်အတူ အခြိမ်းအခြောက်အဟန့်အတားလုပ်ခြင်းကို အားကောင်းအောင် ဆောင်ရွက်ခြင်း၊ အမေရိကန်ကမ်းခြေစောင့်တပ်ထားရှိ မှုကို တိုးချဲ့ခြင်း၊ လုပ်ပိုင်ခွင့်အာဏာရှိသော အာဆီယံဖြစ်စေရန် ကူညီခြင်း၊ အာဆီယံ၏ အခြေခံအဆောက်အအုံကဏ္ဍ၌ ကွာဟချက် နည်းအောင်လုပ်ဆောင်ခြင်းတို့ပါဝင်သည်။

တရုတ်နှင့် ပတ်သက်၍ အမေရိကန်က ၎င်း၏ မဟာဗျူဟာသစ်တွင် ယခုကဲ့သို့ ဖော်ပြထားသည်။ အကျပ်ကိုင်မှု၊ကျူးကျော်ရန်စမှု၊ လူ့အခွင့်အရေးများနှင့် နိုင်ငံတကာဥပဒေကို အားနည်းအောင်လုပ်ဆောင်မှုတို့ဖြစ်သည့် တရုတ်၏ အန္တရာယ်များသော အပြုအမူများမှာ ကမ္ဘာကိုလွှမ်းခြုံလျက်ရှိသည် ဆိုသော်လည်း အင်ဒို-ပစိဖိတ်တွင် စိုးရိမ်စရာအကောင်းဆုံးဖြစ်နေသည်ဟု ဖော်ပြထားသည်။

ဒေသတွင်း၌ အမေရိကန်၏ မဟာဗျူဟာသည် အုပ်စုဖွဲ့နိုင်ငံရေးအတွက် ပြယုဂ် ဖြစ်လာနေသည်ဟု ဝမ်ယိက ပြောကြားခဲ့သည်။ “ အမေရိကန်ဟာ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ဖို့ ဆန္ဒရှိနေတယ်ဆိုပေမဲ့ တကယ်တော့ ဒါဟာ ပထဝီနိုင်ငံရေးအားပြိုင်မှုကို မီးထိုးပေးနေတာဖြစ်ပါတယ်” ဟု ဝမ်ယိက ပြောကြားခဲ့ ပြီး ကွပ်အဖွဲ့ကိုဝင်ရန် ဆွယ်တရားဟောခြင်း၊ Aukus အဖွဲ့ဖြင့် ထိုးဖောက်ခြင်း၊ နှစ်ဦးနှစ် ဖက်စစ်ရေးမဟာမိတ်များကို တင်းကျပ်ခြင်း စသော လုပ်ရပ်များကို ဝမ်ယိက ကိုးကားပြောဆိုခဲ့သည်။

ထိုအရာများသည် ဒေသအတွက် ကောင်းသည့်အချက်များမဟုတ်ဟု ဝမ်ယိက ပြောကြားခဲ့သည်။ ဒေသဆိုင်ရာ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးတို့ကို အနှောင့်အယှက်ပေးမည့် မကောင်းသည့် လုပ်ရပ်များဖြစ်သည်ဟု ဆိုသည်။

စင်ကာပူသံတမန်ဟောင်းကီရှောမာဘူဘာနီက “အမေရိကန်နဲ့ တရုတ်တို့အကြားမှာ အကြီးမားဆုံး ပထဝီနိုင်ငံရေးဆိုင်ရာ အားပြိုင်မှုဖြစ်နေပါတယ်” ဟု ပြောကြားသည်။ “အရေးပါတဲ့ ပထဝီနိုင်ငံရေးပြိုင်ပွဲဖြစ် တဲ့အခါတိုင်း သတိထားရပါမယ်။ စစ်မက်ဖြစ်ပွားမယ့် အန္တရာယ် အတိအကျရှိနေပါတယ်” ဟု ၎င်းက ပြောကြားသည်။

အမေရိကန်၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာကြောင့် အာရှအတွက် ယူကရိန်းပုံစံအဖြစ်ဆိုး ဖြစ်လာမည်ဟု လွန်ခဲ့သောလတွင် တရုတ်က သတိပေးခဲ့သည်။ သို့ရာတွင် သြစတြေးလျတွင်မူ တရုတ်အပေါ်ထားသော သ ဘောထားအမြင်က တစ်မျိုးဖြစ်နေသည်။ တရုတ်သည် ကမ္ဘာ့ပြိုင်ဘက်ကင်းနိုင်ငံဖြစ်အောင် ထူထောင်လိုသည့် ရည်ရွယ်ချက်ရှိ နေသည်ဟု သြစတြေးလျထိပ်တန်းထောက်လှမ်းရေးအကြီးအကဲတစ်ဦးက သတိပေးထားပြီး ရုရှားနှင့်အတူ တရုတ်၏ ဒုက္ခပေး တတ်သော မဟာဗျူဟာမြောက်ပေါင်းစည်းမှုသည် လစ်ဘရယ် ဒီမိုကရေစီနိုင်ငံများအတွက် ခြိမ်းခြောက်မှုအသစ်များဖြစ်လာမည် ဟု ဆိုသည်။

အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့ သုံးနိုင်ငံက Aukus ဆိုသည် မဟာမိတ်အဖွဲ့ ကို မကြာသေးမီက ဖွဲ့ခဲ့သည်။ ထို့ကြောင့် အမေရိကန်နှင့် ဗြိတိန်က သြစတြေးလျထံ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော များ ရောင်းချပေးရန် ဆောင်ရွက်လျက်ရှိသည်။ Aukus က နျူကလီးယားပြန့်ပွားရေး အန္တရာယ်ကို ဖန်တီးပေး နိုင်ပြီး လက်နက်ပြိုင်ဆိုင်မှု အသစ်အပါအဝင် နိုင်ငံတကာနျူက လီးယားလက်နက် မပြန့်ပွားရေးစနစ်ကို ရှော့ခ်ဖြစ်စေကာ ဒေသဆိုင်ရာ စည်ပင်ထွန်းကားမှုနှင့် တည်ငြိမ်မှုတို့ကို အားနည်းစေနိုင်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျင်းက ပြောကြားခဲ့သည်။

Aukus မဟာမိတ်အဖွဲ့သည် သြစတြေးလျတွင် ပါတီကြီးနှစ်ရပ်စလုံး၏ ထောက်ခံမှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိထားသည်။ သြစတြေးလျပြည်သူ ၈၄ ရာခိုင်နှုန်းက ကမ္ဘာတွင် တရုတ်က တာဝန်သိသိပြုမူဆောင်ရွက်မည် ဆိုသည်ကို မယုံကြည်ကြဟု လိုဝီအင်စတီကျု က နောက်ဆုံးပြုလုပ်ခဲ့သော သဘောထားစစ်တမ်းအရ သိရသည်။

တရုတ်က စစ်အင်အားတည်ဆောက်မှုကို ဆက်လက်လုပ်ဆောင်နေသောကြောင့် တောင်တရုတ်ပင်လယ်တွင် ဖြစ်ပျက်နေသောအရာတို့သည် တောင်တရုတ်ပင်လယ်တွင် ရှိမနေတော့ဟု ဆိုသည်။

“သူတို့က အပြင်ဘက်ကို ထွက်လာတယ်။ အောက်ဘက်ကို ဆင်းလာတယ်။ တရုတ်က တောင်ပစိဖိတ်မှာရှိတဲ့ တောင်တရုတ် ပင်လယ်မှာ သူတို့လုပ်ဆောင်နေတဲ့ အလားတူ ပရော်ဂျက်တွေကို ဖန်တီးတဲ့အတိုင်း လုပ် ဖို့ကြိုးပမ်းနေတယ်ဆိုတာ ကျွန်တော်တို့အကြိမ်ကြိမ်တွေ့ခဲ့ပြီးပါပြီ” ဟု ၀ါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး ဆိုင်ရာစင်တာရှိ သြစတြေးလျဥက္ကဋ္ဌ ချားလ် အီဒယ်က ပြောကြားသည်။

“တရုတ်ဟာ ပါပူအာနယူးဂီနီ၊ ဗန်နွှာတူ နဲ့ လွန်ခဲ့တဲ့လတုန်းကတောင် ဆော်လမွန် ကျွန်းတို့နဲ့ နှစ်မျိုးသုံး စစ်ရေး-ကူးသန်းရောင်းဝယ်ရေး အခြေစိုက်စခန်းတွေဆောက်ဖို့ ဖြစ် နိုင်မဖြစ်နိုင် ဆွေးနွေးခဲ့တာ ကျွန်တော်တို့ တွေ့ရပါတယ်။ အဲဒီနေရာသုံးခုစလုံးဟာ သြစတြေးလျနဲ့ တော်တော်နီးကပ်နေပါတယ်” ဟု ၎င်းက ပြောကြားသည်။

ကွပ်အဖွဲ့ပေါ်လာခြင်းကလည်း ပဟေဠိ ဆန်နေသည်ဟု စင်ကာပူအမျိုးသားတက္ကသိုလ်၏ အာရှငြိမ်းချမ်းရေးပရိုဂရမ်ကို ဦးဆောင်နေသူ မာဘူဘာနီက ပြောသည်။ ကွပ်အဖွဲ့တွင် သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့ပါဝင်သည်။

“ကွပ်ဟာ တရုတ်ကို ဆန့်ကျင်ဖို့ ရည်ရွယ်တယ်ဆိုတဲ့အချက်ကို လေးနိုင်ငံစလုံးက ငြင်းနေပါတယ်။ ဒါပေမဲ့ ကွပ်အဖွဲ့ဟာ တရုတ်ကို ဆန့်ကျင်ဖို့ ဖွဲ့တာဖြစ်တယ်လို့ ယူဆပါတယ်။ ဒါဟာ တော်တော်ထူးဆန်းတဲ့ အခြေအနေကို ဖန်တီးနေပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ကြောင့် အရှေ့အာရှနိုင်ငံအများအပြား ကွပ်အဖွဲ့ထဲ ဝင်မလာသည်မှာ သတိပြုစရာဖြစ်သည်ဟု ၎င်းက ပြောကြားသည်။ ကွပ်အဖွဲ့၏ ပွဲသိမ်းတိုက်ကွက် ဘာလဲဆိုသည်ကို ကွပ်အဖွဲ့ဝင်နိုင်ငံများက တိတိကျကျရှင်းပြ ရန် အရေးကြီးသည်ဟု ၎င်းက ပြောကြားသည်။

ကွပ်၏ တရားဝင်အမည်မှာ လေးနိုင်ငံပါဝင်သော လုံခြုံရေးအဖွဲ့ဖြစ်သည်။ ၁၉၉၂ ခုနှစ်တွင် အိန္ဒိယရေတပ်နှင့် အမေရိကန်ရေတပ်တို့ မာလာဘာပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်ရာမှာ ဤအဖွဲ့ပေါ်လာရန် အကြောင်း ဖန်လာသည်ဟုဆိုနိုင်သည်။ ၂၀၁၅ ခုနှစ်တွင် ဂျပန်ရေတပ်သည် အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပါဝင်လာသည်။ သြစတြေးလျကလည်း ၂၀၂၀ ခုနှစ်တွင် မာလာဘာပူးတွဲစစ်ရေး လေ့ကျင့်မှုတွင် ဒုတိယအကြိမ် ပါဝင်လာသည်။

ယနေ့အချိန်တွင် ကွပ်အဖွဲ့သည် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး၊ အကြမ်းဖက်မှုတန်ပြန်ရေးနှင့် အခြေခံအဆော်အအုံဖွံ့ ဖြိုးရေးတို့ကို ဆောင်ရွက်နေသည်။ ယခုနှစ် ကုန်ပိုင်းတွင် ကွပ်အဖွဲ့ဝင်နိုင်ငံများက တစ်ကမ္ဘာလုံးကို အနည်းဆုံးကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သန်းတစ်ထောင်လှူမည်ဟု ကတိပြုထားသည်။

ကွပ်မဟာမိတ်အဖွဲ့သည် လွန်ခဲ့သော လေးနှစ်တွင် ရေကြောင်းလုံခြုံရေးကို ပိုမိုအာရုံစိုက်ခဲ့သည်ဆို သော်လည်း ယခုအခါ အရှေ့တောင်အာရှနှင့် တောင်အာရှတို့တွင် ပြည်သူများအတွက် ကုန်စည်များပ့ံပိုးခြင်း၊  ဒီဂျစ်တယ်ဆက်သွယ်ရေးအကူအညီပေးခြင်းတို့ကို အလေးထားလာခဲ့သည်။ ထို့အပြင် ကွပ်သည် အိန္ဒိယရှိ ဆေးထုတ်လုပ်ရေးစက်ရုံမှတစ်ဆင့် ကွပ် ကိုဗစ်ကာကွယ်ဆေးများကို ပေးပို့လျက်ရှိသည်။

ကွပ်အဖွဲ့၏ သဘောထားရပ်တည်ချက်များနှင့်ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံများမှ တုံ့ပြန်မှုများကလည်း အမျိုးမျိုးဖြစ်နေသည်။ ကွပ်အဖွဲ့ကြောင့် အရှေ့တောင်အာရှတွင် တင်းမာမှုများ ပေါ်ပေါက်လာမည်ကို အထူးစိုးရိမ်နေကြသည်။

အာဆီယံဗဟိုပြုရေးသည် ထိပ်တန်းဦး စားပေးဖြစ်သည်ဟု ဖေဖော်ဝါရီလတွင် ကွပ်နိုင်ငံခြားရေးဝန်ကြီးများက ထုတ်ပြန်ခဲ့သည်။

“နေတိုးထက် ပိုမိုရှုပ်ထွေးတဲ့ အရှေ့တောင်အာရှဒေသမှာ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်နေတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ နိုင်ငံရေးစနစ်တွေ တူကြတယ်၊ စီးပွားရေးစံနှုန်းတွေ တူကြတယ်။ ဒါကြောင့် နေတိုးအဖွဲ့ဝင်နိုင်ငံအချင်းချင်း ကောင်းမွန်စွာ ပေါင်းစည်းလို့ရတယ်။ အရှေ့တောင်အာရှနိုင်ငံတွေ နဲ့ဂျပန်၊ တောင်ကိုရီးယားတို့မှာက အစိုးရ ပုံစံတွေ မတူကြပါဘူး။အရှေ့တောင်အာရှနိုင်ငံတွေမှာ ဒီမိုကရေစီဖော်ဆောင်မှုဟာ အမျိုးမျိုးဖြစ်နေတဲ့အပြင်ဖွံ့ဖြိုးတိုးတက်မှု အဆင့်တွေဟာလည်း အမျိုးမျိုးဖြစ်နေပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့အင်ဒို-ပစိဖိတ်မဟာဗျူဟာရဲ့ပြဿနာကတော့ အမေရိ ကန်အနေနဲ့ကွပ်အဖွဲ့ကို နေတိုးနှင့် တန်းတူ ထားနေတာဟာ ယုတ္တိမရှိဘူးလို့ပြောရမှာ ဖြစ်ပါတယ်” ဟု မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဆိုင်ရာစင်တာက Asia Mari time Transparence Initiative ၏ ဒါရိုက်တာလည်းဖြစ် အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်း သုတေသီလည်း ဖြစ်သော ဂရီဂိုရီပိုလင် က ပြောကြားသည်။

Most Read

Most Recent