ရွှေစျေးနှုန်းကို သတ်မှတ်နိုင်ငံခြားငွေလဲနှုန်း အပေါ်မူတည်၍ အရောင်းအဝယ်ပြုလုပ်ရန် ညွှန်ကြားထားသော်လည်း ရွှေဆိုင်အများစုမှာ ပြင်ပပေါက်စျေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေ

ရွှေစျေးနှုန်းကို သတ်မှတ်နိုင်ငံခြားငွေလဲနှုန်း အပေါ်မူတည်၍ အရောင်းအဝယ်ပြုလုပ်ရန် ညွှန်ကြားထားသော်လည်း ရွှေဆိုင်အများစုမှာ ပြင်ပပေါက်စျေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေ
Published 13 May 2022

ရွှေစျေးနှုန်းအား သတ်မှတ်နိုင်ငံခြားငွေလဲနှုန်း အပေါ်မူတည်၍ အရောင်းအဝယ် ပြု လုပ်ရန်ညွှန်ကြားထားသော်လည်း ရွှေဆိုင်အများစုမှာ ပြင်ပပေါက်စျေးဖြင့်သာ အရောင်း အဝယ်ပြုလုပ်နေကြကြောင်း သိရသည်။

လက်ရှိတွင် ရွှေအရောင်းဆိုင်များတွင် အဆိုပါသတ်မှတ်စျေးနှုန်းအား အရောင်းဘောက်ချာတွင်သာ ရေး၍ ရောင်းချခြင်းဖြစ်ပြီး လက်တွေ့ဝယ်ယူရာတွင် ပြင်ပပေါက်စျေးဖြင့်သာ ပေးချေဝယ်ယူနေရခြင်းဖြစ်သည်။

“ အခေါက်ရွှေဝယ်စုဖို့အတွက် မနေ့က နာမည်ကြီး ရွှေဆိုင်ကြီးတစ်ခုကိုသွားခဲ့ပါတယ်။ အရင်ကတည်းက ရွှေဝယ်စုဖို့အတွက် အဲ့ဆိုင်ကပဲဝယ်နေကျပါပဲ။ မနေ့ကတော့ အရောင်းစာရေးမလေးက ရွှေဝယ်မဲ့သူတိုင်းကို တစ်ခုရှင်းပြချင်လို့ပါဆိုပြီး သေချာရှင်းပြပါတယ်။ ခုက ရွှေစျေးနှုန်းကို သတ်မှတ်နိုင်ငံခြားငွေလဲနှုန်းအပေါ် မူတည်ပြီးအရောင်းအဝယ်ပြုလုပ်ဖို့ ညွှန်ကြားထားတာကြောင့် ဘောက်ချာမှာ မီးလင်း ၁၆ ပဲရည် အခေါက် ရွှေတစ်ကျပ်သားကို ကျပ် ၁၉၈၅၀၀၀ ထက် ပိုပြီးရေးပေးလို့မရပါဘူး။ ဒါကြောင့် ၁၉၈၅၀၀၀ နဲ့ရေးပေးပြီး ရောင်းချပေမယ့် ဝယ်မယ်ဆိုရင်တော့ လက်ရှိပေါက်စျေးဖြစ်တဲ့ ၂၀၇၀၀၀၀ စျေးနဲ့ ပေးချေရမှာဖြစ်တယ်လို့ ရှင်းပြပါတယ်။ သူတို့ ဆိုင်ကပြန်လည်ဝယ်ယူတဲ့ နေရာမှာလည်း လက်ရှိပြင်ပပေါက်စျေးနဲ့သာ ပြန်လည်ဝယ်ယူပြီး ရောင်းစျေးနဲ့ ဝယ်စျေးကျပ်နှစ်သောင်းခန့်ခွာပြီး အရောင်းအဝယ်ပြုလုပ်တယ်လို့ ရှင်းပြပါတယ်။ ဒါကြောင့်မို့ ဝယ်ယူတဲ့နေရာမှာလည်း တစ်ကျပ်သားကို ၂၀၇၀၀၀၀ စျေးနဲ့ပဲ ဝယ်ယူခဲ့ရပါတယ်။ မေ ၁၂ ရက်မှာ သူတို့ ပြန်ဝယ်စျေးကတော့ တစ်ကျပ်သားကို ၂၀၅၀၀၀၀ စျေးနဲ့ပြန်လည်ဝယ်ယူနေတာကို တွေ့ရပါတယ်” ဟု မေ ၁၂ ရက်က ရွှေစုဆောင်းရန် အခေါက်ရွှေသွားရောက် ဝယ်ယူခဲ့သူတစ်ဦးက ပြောပြသည်။

ရွှေစျေးနှုန်းအား သတ်မှတ်နိုင်ငံခြား ငွေလဲနှုန်းအပေါ် မူတည်၍ အရောင်းအဝယ် ပြုလုပ်ရန်ညွှန်ကြားထားသော်လည်း  ရွှေလုပ်ငန်းရှင်များမှ စျေးကွက်တွင်မူ အဆိုပါစျေးဖြင့် ဝယ်ယူမရနိုင်ဘဲ ပြင်ပပေါက်စျေးဖြင့်သာ ဝယ်ယူရောင်းချနေရသဖြင့် ယင်းကဲ့သို့ရောင်း ချနေရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ်၂၀၇၀၀၀၀ စျေးသို့ရောက်ရှိ နေသော်လည်း ရွှေဝယ်ယူစုဆောင်းသူ များပြားမှုကြောင့် ရွှေဆိုင်များတွင် ရွှေထည်ပြတ်လပ်သည်အထိ ရောင်းချနေရပြီး အချို့ ဆိုင်များမှာ ရောင်းချမှုပိတ်ထားကြောင်း သိရသည်။

မေ ၁၃ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၈၂၇ ဒေါ်လာဝန်းကျင်ရှိပြီး  ပြည်တွင်းရွှေစျေးနှုန်း မှာ ၁၉၅၀၀၀၀ သိန်းဝန်းကျင်သို့ ရောက်ရှိလာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၂ ခုနှစ် မေ ၉  ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၂၁၃၅ ကျပ်၊ စင်ကာပူဒေါ်လာ ၁၄၈၀ ကျပ်၊ မလေးရှားရင်းဂစ် ၄၆၀ ကျပ်၊ ထိုင်းဘတ် ၆၀ ကျပ်၊ တရုတ်ယွမ် ၃၁၉ ကျပ်၊ ဂျပန်ယန်း ၁၈ ကျပ်တို့ဖြစ်သည်။

 

 

Most Read

Most Recent