၂၀၂၂ ခုနှစ် မတ်လတွင်း ပြည်ပသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် ရော်ဘာတန်ချိန် ၄၆၃၉၀ ခန့်တင်ပို့မှုမှ ဒေါ်လာ ၇၁ သန်းကျော်ရရှိ

၂၀၂၂ ခုနှစ် မတ်လတွင်း ပြည်ပသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် ရော်ဘာတန်ချိန် ၄၆၃၉၀ ခန့်တင်ပို့မှုမှ ဒေါ်လာ ၇၁ သန်းကျော်ရရှိ
ရော်ဘာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
ရော်ဘာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 12 May 2022

၂၀၂၂ ခုနှစ် မတ်လတွင်း ပြည်ပသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုမှတဆင့် ရော်ဘာတန်ချိန် ၄၆၃၉၀ ခန့် တင်ပို့ မှုမှ ဒေါ်လာ ၇၁ သန်းကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂ ခုနှစ် မတ်လတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၄၃၉၅၀ ခန့် တင်ပို့ပြီး တန်ဖိုးဒေါ်လာ ၆၆ ဒသမ ၉၅၆ သန်းကျော်ရရှိသည်။ နိုင်ငံအလိုက် တင်ပို့မှုများအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၅၃၂၀ ခန့်၊ မလေးရှား နိုင်ငံသို့တန်ချိန် ၁၅၆၆ဝခန့်၊ အိန္ဒိယနိုင်ငံသို့ တန်ချိန် ၁၇၈၀ ကျော် ၊ ထိုင်ဝမ်သို့ တန်ချိန် ၂၀၀ ခန့်၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၃၀၀ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်ချိန် ၁၉ ခန့်၊ ဂျပန်နိုင်ငံသို့ တန်ချိန် ၂၈၀ ခန့်၊ ကိုရီးယားနိုင်ငံသို့ တန်ချိန် ၃၄၀ ခန့်နှင့် အင်ဒိုနီးရှားနိုင်ငံသို့ တန်ချိန် ၄၀ ကျော် တင်ပို့ခဲ့သည်။

၂၀၂၂ ခုနှစ် မတ်လတွင် မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ ရော်ဘာတန်ချိန် ၁၄၄၀ ခန့်နှင့် မြန်မာထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ရော်ဘာတန်ချိန် ၁၀၀၀ ခန့် တင်ပို့နိုင်သဖြင့် စုစုပေါင်း တန်ချိန် ၂၄၄၀ ခန့် တန်ဖိုးဒေါ်လာ ၄ ဒသမ ၀၉ သန်း ရရှိသည်။

မတ်လတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ ရော်ဘာတင်ပို့မှု တန်ချိန် ၄၆၃၉၀ ခန့်နှင့် တန်ဖိုးဒေါ်လာ ၇၁ ဒသမ ၀၄၆ သန်းရရှိခဲ့သည်။ 

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုမှ ဒေါ်လာ ၄၄၉ သန်း ကျော်ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၈၅ သန်းနီးပါးပိုမိုတင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်အထိ ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုမှ ဒေါ်လာ ၄၄၉ ဒသမ  ၁၀၂ သန်းရရှိခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရော်ဘာစိမ်းတင်ပို့မှုမှ ဒေါ်လာ ၂၆၄ ဒသမ ၄၄၂ သန်းရရှိခဲ့သည်။ အဆိုပါ ကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာ စိမ်းတင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၈၄ ဒသမ ၆၆၀ သန်းပိုမိုရရှိခဲ့သည်။

ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများအနက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် ရော်ဘာအများဆုံးစိုက်ပျိုးသည့် ဒေသများဖြစ်သည်။ ကျန်တိုင်းဒေသကြီးများဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူတိုင်း၊ တနင်္သာရီတိုင်းတို့တွင်လည်း စိုက်ပျိုးလျက် ရှိကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရသည်။

ပြည်တွင်း၌တစ်နှစ်လျှင် ရော်ဘာတန်ချိန်စုစုပေါင်း နှစ်သိန်းဝန်းကျင်ထွက်ရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်ကို ပြည်ပသို့တင်ပို့နေ ခြင်းဖြစ်သည်။ ကျန်ရှိသည့် ရှစ်ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌ အသုံးပြုလျက်ရှိ ကြောင်း သိရသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် ရော်ဘာကို တရုတ်ကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အန္ဒိယ စသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာ့သဘာဝရော်ဘာထုတ်ကုန်များ အရည်သွေးပိုမိုကောင်းမွန်ရန်အတွက် Supply Chain တစ်လျှောက် ပါဝင်ပတ် သက်သူအားလုံး ကဏ္ဍအလိုက်ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

 

 

 

Most Read

Most Recent