■ WGC- Match Play ဂေါ့ဖ်ပြိုင်ပွဲတွင် စကော့တီရှက်ဖလာ ဗိုလ်စွဲပြီး ကမ္ဘာ့အဆင့် ၁ နေရာ လွှဲပြောင်းရယူ

■ WGC- Match Play ဂေါ့ဖ်ပြိုင်ပွဲတွင် စကော့တီရှက်ဖလာ ဗိုလ်စွဲပြီး ကမ္ဘာ့အဆင့် ၁ နေရာ လွှဲပြောင်းရယူ
Published 29 March 2022

WGC-Dell Technologies Match Play ဂေါ့ဖ်ပြိုင်ပွဲတွင် အမေရိကန်ကစားသမား စကော့တီရှက်ဖလာ အနိုင်ရဗိုလ်စွဲပြီး ကမ္ဘာ့အဆင့် ၁ နေရာကိုပါ လွှဲပြောင်းရယူနိုင်ခဲ့ကြောင်း သိရသည်။

၂၃ ကြိမ်မြောက် WGC- Match Play ပြိုင်ပွဲမှာ ကမ္ဘာ့ဂေါ့ဖ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ Match Play  စနစ်ဖြင့် ကျင်းပသည့် တစ်ခုတည်းသောပြိုင်ပွဲဖြစ်ပြီး မတ် ၂၃ ရက်မှ ၂၇ ရက်အထိ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့ရှိ Austin Country Club ကွင်း၌ ကျင်းပခဲ့သည်။

ယခုပြိုင်ပွဲတွင် ကစားသမား ၆၄ ဦးကို ဆီဒင်သတ်မှတ်ချက်အလိုက် Pool လေးခုခွဲခြား၍ လေးဦးတစ်အုပ်စုဖြင့် အုပ်စု ၁၆ ခုခွဲကာ ယှဉ်ပြိုင်စေခဲ့သည်။

အုပ်စုတွင်း၌ ထိပ်ဆုံးနေရာရပ်တည်နိုင်သည့် ကစားသမားများ ပထမအဆင့်သို့ တက်ရောက်ခွင့်ရပြီး ရှုံးထွက်ပုံစံ ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။

ဗိုလ်လုပွဲတွင် အမေရိကန်ကစားသမားနှစ်ဦးဖြစ်သည့် စကော့တီရှက်ဖလာ (ဆီဒင် ၅) နှင့် ကယ်ဗင်ကစ္စနာ (ဆီဒင် ၂၉)တို့ တွေ့ဆုံခဲ့ပြီး စကော့တီရှက်ဖလာက 4&3 ဖြင့် အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

အသက် ၂၅ နှစ်ရှိပြီဖြစ်သည့် စကော့တီရှက်ဖလာ သည် ယခုပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သောကြောင့် ကမ္ဘာ့အဆင့်ရပ်တည်မှုစာရင်း၏ ထိပ်ဆုံးနေရာ၌ ပထမဆုံးအကြိမ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

၎င်းသည် ပြီးခဲ့သည့်တစ်ပတ်က အဆင့် ၅ နေရာတွင် ရပ်တည်နေရာမှ လေးဆင့်ခုန်တက်၍ အဆင့် ၁ နေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်။

စကော့တီရှက်ဖလာသည် ကစားသမားဘဝတစ်လျှောက် PGA Tour ပြိုင်ပွဲများတွင် သုံးကြိမ်ဗိုလ်စွဲထားပြီး ချန်ပီယံဆုအားလုံးကို ယခုနှစ် ဖေဖော်ဝါရီနှင့် မတ်လအတွင်း ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent