ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးလမ်းခရီးကြမ်းတွင် မွန်အမျိုးသားများ မဆုတ်မနစ် ချီတက်သွားမည်ဟု ယုံကြည်ကြောင်း မွန်အမျိုးသားနေ့သို့ PPST သဝဏ်လွှာပေးပို့

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးလမ်းခရီးကြမ်းတွင် မွန်အမျိုးသားများ မဆုတ်မနစ် ချီတက်သွားမည်ဟု ယုံကြည်ကြောင်း မွန်အမျိုးသားနေ့သို့ PPST သဝဏ်လွှာပေးပို့
Published 15 February 2022

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး လမ်းခရီးကြမ်းတွင် မွန်အမျိုးသားများ မဆုတ်မနစ် ချီတက်သွားမည်ဟု ယုံကြည်ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတုမွန်အမျိုးသားနေ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က သဝဏ်လွှာ ပေးပို့သည်။

ယနေ့ထက်တိုင် မပြီးဆုံးသေးဘဲ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး လမ်းခရီးကြမ်းတွင် မွန်အမျိုးသားများအနေဖြင့် ညီနောင်တိုင်းရင်းသားများနှင့် အတူတကွ တွဲလက်မြဲမြံစွာဖြင့် မဆုတ်မနစ်ကြိုးပမ်းချီတက်သွားမည်ဟု ခြွင်းချက်မရှိ ယုံကြည်ကြောင်း စိန်ရတုမွန်အမျိုးသားနေ့သို့ PPST က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခြင်းဖြစ်သည်။

သမိုင်းတစ်လျှောက်တွင် မွန်အမျိုးသားများသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုင်းရင်းသားမဟာမိတ်တပ်ပေါင်းစုများနှင့် ပူးပေါင်း၍လည်းကောင်း၊ ဖက်ဒရယ်လမ်းညွှန် အခြေခံမူများ ရေးဆွဲရာတွင် ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်၍လည်းကောင်း ဘဝတူညီနောင်တိုင်းရင်းသားများနှင့် လက်တွဲကာ အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့သကဲ့သို့ ယနေ့ထိတိုင်လည်း ဆောင်ရွက်နေဆဲပင်ဖြစ်ကြောင်း PPST ၏ ဂုဏ်ပြုသဝဏ်လွှာတွင် ဖော်ပြထားသည်။ 

၁၉၄၇ ခုနှစ်တွင် မွန်ခေါင်းဆောင်များက ဦးဆောင်ပြီးချမှတ်ခဲ့သည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ ရပိုင်ခွင့်များကို ထင်ဟပ်ထားသည့် တောင်းဆိုချက်ခုနစ်ရပ်သည် မွန်အမျိုးသားရေးလှုပ်ရှားမှုသမိုင်း၌ အထင်ကရနိုင်ငံရေးမှတ်တိုင်တစ်ခုဖြစ်ခဲ့ကြောင်း PPST ၏ ဂုဏ်ပြုသဝဏ် လွှာတွင် ဖော်ပြပါရှိသည်။

ယခုအခါတွင် မွန်အမျိုးသား လွတ်မြောက်မှုတော်လှန်ရေးကို မွန်ပြည်သစ်ပါတီ (NMSP) က ဦးဆောင်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်  ဦးဆောင်ဦးရွက်ပြုနေခြင်းကို PPST က မှတ်တမ်းတင်ကြောင်း အဆိုပါသဝဏ်လွှာတွင် ပါရှိသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားပြီး ယင်းအဖွဲ့၏ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင်မှာ မွန်ပြည်သစ်ပါတီ၏ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဖြစ်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ့်အမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ADKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့က လက်မှတ်ရေးထိုးထားသည်။

Most Read

Most Recent