ကီရင်ကုမ္ပဏီသည် ၎င်းတို့၏ အစုရှယ်ယာများကို လွှဲပြောင်း၊ ရောင်းချရန် တရားဝင်တင်ပြထားခြင်း မရှိသေးသလို ဘီယာလုပ်ငန်းစု ထွက်သွားခြင်းသည် အစားထိုး၍ လွယ်ကူသည့်လုပ်ငန်းဖြစ်ဟု ဝန်ကြီးဌာန ပြောကြား

ကီရင်ကုမ္ပဏီသည် ၎င်းတို့၏ အစုရှယ်ယာများကို လွှဲပြောင်း၊ ရောင်းချရန် တရားဝင်တင်ပြထားခြင်း မရှိသေးသလို ဘီယာလုပ်ငန်းစု ထွက်သွားခြင်းသည် အစားထိုး၍ လွယ်ကူသည့်လုပ်ငန်းဖြစ်ဟု ဝန်ကြီးဌာန ပြောကြား
၂၀၁၉ ခုနှစ်အတွင်းက ရန်ကုန်မြို့ မြန်မာပလာဇာရှေ့တွင် Kirin ဘီယာမှ ပွဲအခမ်းအနားတစ်ခုပြုလုပ်ရန်စီစဉ်ထားမှုအား တွေ့ရစဉ် (Photo- Kirin Myanmar)
၂၀၁၉ ခုနှစ်အတွင်းက ရန်ကုန်မြို့ မြန်မာပလာဇာရှေ့တွင် Kirin ဘီယာမှ ပွဲအခမ်းအနားတစ်ခုပြုလုပ်ရန်စီစဉ်ထားမှုအား တွေ့ရစဉ် (Photo- Kirin Myanmar)
Published 15 February 2022

ကီရင်ကုမ္ပဏီသည် ၎င်းတို့၏ အစုရှယ်ယာများကို လွှဲပြောင်း၊ ရောင်းချရန် တရားဝင် တင်ပြထားခြင်း မရှိသေးသလို ဘီယာလုပ်ငန်းစု ထွက်သွားခြင်းသည် အစားထိုး၍ လွယ်ကူသည့် လုပ်ငန်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးက ပြောကြားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခု ဖြစ်သည့် ဂျပန်ကုမ္ပဏီ ကီရင်သည် ၎င်းတို့၏ ရှယ်ယာများကို ရောင်းချ၍ ဇွန်လတွင် မြန်မာနိုင်ငံမှ ထွက်ခွာသွားရန် ဆုံးဖြတ်ထားသည်ဆိုသော သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ Viber Group တွင် အဆာဟိရှင်ဘွန်း သတင်းဌာနက မေးမြန်းမှုကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားထားခြင်း ဖြစ်သည်။

“မြန်မာ ဘရူဝါရီလီမိတက်တွင် Kirin Holdings Singapore Pte.Ltd. က ၅၁ ရာခိုင်နှုန်းနှင့် မြန်မာ့စီးပွားရေး ဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်က ၄၉ ရာခိုင်နှုန်း အစုရှယ်ယာထည့်ဝင်ထားရာ Kirin Holdings Singapore Pte.Ltd. အနေဖြင့် ၎င်းတို့၏ အစုရှယ်ယာပမာဏ မည်မျှကို ရောင်းချမည်၊ မည်သူက အစုရှယ်ယာလွှဲ ပြောင်းလက်ခံရယူမည် စသည့် အစုရှယ်ယာ လွှဲပြောင်းရောင်းချခြင်းနှင့်စပ်လျဉ်းသည့် အချက်အလက်များအပါအဝင် အစုရှယ်ယာ လွှဲပြောင်းရောင်းချရန် တရားဝင် တင်ပြလျှောက်ထားလာခြင်း မရှိသေးပါ။ ၎င်းတို့၏ ကုမ္ပဏီအတွင်းရေးကိစ္စနှင့် အဆိုပါဆုံးဖြတ်ချက်အပေါ် သီးခြားမှတ်ချက် မပေးလိုပါ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးက ပြောကြားထားသည်။

မြန်မာ ဘရူဝါရီလီမိတက်အနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ရယူ၍ လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေများအရ ရင်းနှီးမြှုပ်နှံသူသည် အစုရှယ်ယာ သို့မဟုတ် လုပ်ငန်းနှင့်စပ်လျဉ်းသည့် ၎င်း၏ အများစုပိုင်ဆိုင်မှု သို့မဟုတ် ထိန်းချုပ်မှုကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ လွှဲပြောင်းရာတွင် ရင်းနှီးမြှုပ်နှံသူနှင့်ဆက်စပ်သည့် အဖွဲ့အစည်းမဟုတ်သော ပုဂ္ဂိုလ်တစ်ဦးထံသို့ လွှဲပြောင်းခြင်းဖြစ်ပါက  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ ကြိုတင်ခွင့်ပြုချက် ရယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးက ပြောကြားထားသည်။

“ရင်းနှီးမြှုပ်နှံမှု အမျိုးအစား Category အရ ဘီယာလုပ်ငန်းစု ထွက်သွားတာဟာ အစားထိုးဖို့ လွယ်ကူတဲ့လုပ်ငန်းဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ဘီယာသောက်သုံးမှုကိုတောင် discourage ဖြစ်သွားစေတဲ့အတွက် လျော့ကျစေနိုင်ပါတယ်။ ဘီယာစျေးတက်ရင် လျှော့သောက်ကြမှာပေါ့၊ မဟုတ်ရင်လည်း တခြားဘီယာကို အစားထိုးကြမယ် ထင်ပါတယ်။ ဒီလိုရင်းနှီးမြှုပ်နှံမှုမျိုးဟာ ထုတ်လုပ်မှု (productivity) ကို တွန်းအားဖြစ်စေတဲ့ productive investment မဟုတ်ပါဘူး” ဟု ဝန်ကြီးဌာနက ပြောကြားထားသည်။

လွန်ခဲ့သောနှစ်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူပြီးနောက် တပ်မတော်ပိုင်ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်နေသည့် မိမိ၏လုပ်ငန်းများ အရှုပ်အရှင်းကင်းစေရန် ကြိုးပမ်းရာတွင် အောင်မြင်မှုမရ ဖြစ်ခဲ့ပြီးနောက် မိမိလုပ်ငန်းသည် မြန်မာနိုင်ငံမှ စွန့်ခွာတော့မည်ဟု ဖေဖော်ဝါရီ ၁၄ ရက်တွင် Kirin က ထုတ်ပြန်ခဲ့သည်။

Kirin သည် မြန်မာနိုင်ငံမှ ထွက်ခွာမည့် နောက်ဆုံး ပြည်ပကုမ္ပဏီဖြစ်လာပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်က နိုင်ငံတော် အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက် ရှည်လျားရှုပ်ထွေးသော အငြင်းအခုံများ ဖြစ်ခဲ့ရာမှတစ်ဆင့် ယခုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း Kirin က ထုတ်ပြန်ထားသည်။

မြန်မာ ဘရူဝါရီလီမိတက်တွင် Kirin Holdings Singapore Pte.Ltd. က ၅၁ ရာခိုင်နှုန်းနှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး Kirin ကုမ္ပဏီသည် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် အကျိုးတူပူးပေါင်းမှုကို ဖျက်သိမ်းရန် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စင်ကာပူ အပြည်ပြည်ဆိုင်ရာခုံသမာဓိ (Singapore International Arbitration Center) သို့ သွားရောက်ခဲ့သော်လည်း ဆွေးနွေးမှု မအောင်မြင်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း Kirin က ထုတ်ပြန်ထားသည်။

Most Read

Most Recent