ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေး နိုင်ငံရေးနည်းလမ်းဖြင့် အမြန်ဆုံးဝိုင်းဝန်းကြိုးပမ်းရန် ပြည်သူ့ပါတီ တိုက်တွန်း

ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေး နိုင်ငံရေးနည်းလမ်းဖြင့် အမြန်ဆုံးဝိုင်းဝန်းကြိုးပမ်းရန် ပြည်သူ့ပါတီ တိုက်တွန်း
Published 15 February 2022

ဒီမိုကရေစီနှင့်  ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးနိုင်ငံရေးနည်းလမ်းဖြင့် အမြန်ဆုံး ၀ိုင်းဝန်းကြိုးပမ်းရန် ပြည်သူ့ပါတီက တိုက်တွန်းသည်။

ဖေဖော်ဝါရီ ၁၂ ရက်ကထုတ်ပြန်သည့် အချက်ရှစ်ချက်ပါ ပြည်ထောင်စုနေ့ စိန်ရတု ကြေညာချက်တွင် အထက်ပါအတိုင်း ရေးသားတိုက်တွန်းထားခြင်းဖြစ်သည်။

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကလည်း ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးနှင့် တန်းတူညီမျှရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောကြားသည်။

“နိုင်ငံရေးဆိုတာဖြစ်စဉ်ပဲ။ ဆိုတော့ ဒီအခြေအနေကနေပြီးတော့ လွန်မြောက်တဲ့ ပိုကောင်းတဲ့ အခြေအနေတစ်ရပ်ဖြစ်အောင် ကျွန်တော်တို့က နိုင်ငံရေးနည်းလမ်းနဲ့ ၀ိုင်းကြိုးစားမယ်။ နောက်တစ်ဆင့်ကနေ ဒီထက်ပိုကောင်းတဲ့ တစ်ဆင့်ကို ကျွန်တော်တို့ကပို ပိုပြီးအဆင့်မြင့်လာအောင် ကြိုးစားတာကို နိုင်ငံရေးလို့ပဲ  ကျွန်တော်တို့ နားလည်ပါတယ်” ဟု ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက VOA နှင့် သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားခဲ့သည်။

ပင်လုံစာချုပ်၏ အနှစ်သာရဖြစ်သောတိုင်းရင်းသားတန်းတူညီမျှရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် အမျိုးသား ခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သည့် ဒီမိုကရေစီရေးတို့ကို မဖော်ဆောင်နိုင်ခြင်းကြောင့်  ဖြစ်ပေါ်လာသော လက်နက်ကိုင် ပဋိပက္ခသည်  စိန်ရတုနှင့်အမျှ  ရှည်ကြာခဲ့ပြီဖြစ်ကြောင်း ပြည်သူ့ပါတီစိန်ရတု ပြည်ထောင်စုနေ့ ကြေညာချက်တွင် ဖော်ပြသည်။

ပြည်ထောင်များကို စုစည်းရန် သဘောတူခဲ့သည့် စိန်ရတုကာလတွင် အမျိုးသားညီညွတ်ရေး ပြိုကွဲခြင်းမှာ  အဆိုးရွားဆုံး အဆင့်ဖြစ်ပြီး အစုအဖွဲ့အလိုက် ပြိုကွဲခြင်းသာမက တစ်ဦးချင်းအဆင့်ထိတိုင်အောင် အမုန်းတရား အာဃာတများ ကြီးမားနေသည်ကို စိတ်မချမ်းမြေ့ဖွယ် ရင်ဆိုင်နေကြရသည်ဟု ဆက်လက်ဖော်ပြသည်။

ညီညွတ်ရေးကြောင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည် ရရှိခဲ့သော်လည်း ညီညွတ်ရေး ပြိုကွဲခြင်းသည် ပြည်ထောင်စု ပြိုကွဲခြင်း၊ အချုပ်အခြာအာဏာ ပြိုကွဲခြင်းနှင့် အလုံးစုံပျက်သုဉ်းခြင်းတို့ဆီ ဦးတည်သွားစေကြောင်း ဖော်ပြထားသည်။

နိုင်ငံရေးသဘောထားကွဲလွဲမှုများကို အင်အားသုံးဖြေရှင်းခြင်းသည် အခိုက်အတန့်အားဖြင့် အနိုင်အရှုံးရလဒ် ဖြစ်ပေါ်လေ့ရှိသော်လည်း အမုန်းတရားအာဃာတများသည် ပဋိပက္ခ ဆက်လက်ကြီးထွားစေရန် လောင်စာများ စုဆောင်ထားသကဲ့သို့ ဖြစ်စေကြောင်း ပြည်သူ့ပါတီကြေညာချက်က ဆိုသည်။

ညီညွတ်ရေး ပြိုကွဲမှုကြောင့် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော ပြည်တွင်းစစ်နှင့် တပ်မတော်မှ  နိုင်ငံရေးတွင် ပါဝင်စွက်ဖက်မှုတို့ကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ခြင်း၊ ပညာရေး၊ ကျန်းမာရေး နိမ့်ကျခြင်း၊ လူမှုရေးမညီမျှမှုဖြစ်ခြင်းစသည့် အနိဋ္ဌာရုံများကို ပြည်သူတစ်ရပ်လုံး ခံစားခဲ့ရကြောင်း  ကြေညာချက်တွင် ဖော်ပြသည်။

ထို့ကြောင့် လွန်ခဲ့သော ၇၅ နှစ်က တိုင်းရင်းသား ပြည်သူအားလုံး မျှော်မှန်းတည်ဆောက်ခဲ့ကြသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် အမြန်ဆုံးဝိုင်းဝန်းကြိုးပမ်းကြပါရန် တိုက်တွန်းလိုက်ရကြောင်း ပြည်သူ့ပါတီကြေညာချက်တွင် ဖော်ပြပါရှိသည်။

Most Read

Most Recent