အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ခြောက်ဖွဲ့၊ NCA မထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ နေပြည်တော်၌ အလွတ်သဘောတွေ့ဆုံ ဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ခြောက်ဖွဲ့၊ NCA မထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ နေပြည်တော်၌ အလွတ်သဘောတွေ့ဆုံ ဆွေးနွေး
Photo:Dsinfo
Photo:Dsinfo
Published 14 February 2022

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခြောက်ဖွဲ့၊ NCA လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့မှ ကိုယ်စားလှယ်များသည် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌  ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားမှုအခြေအနေ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကိစ္စ၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ၊ နှစ်ဖက်ဆက်လက် တွေ့ဆုံညှိနှိုင်းရေးကိစ္စ၊ ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းကိစ္စများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်များက တစ်ဖွဲ့ချင်းစီ၏ သဘောထားများကို အလွတ်သဘောဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။              

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ (မိုင်းလားအဖွဲ့)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)တို့မှ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဗဟိုကော်မတီဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့နောက် ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲပိုင်းတွင် ညှိနှိုင်းရေးကော်မတီသည် NMSP၊ LDU အဖွဲ့တို့နှင့်လည်းကောင်း၊ DKBA၊ KNU/KNLA-PC အဖွဲ့တို့နှင့်လည်းကောင်း၊ RCSS အဖွဲ့နှင့်လည်းကောင်း၊ ALP နှင့်လည်းကောင်း၊ ULA နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံကာ နယ်မြေတည်ငြိမ်အေးချမ်းရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

Most Read

Most Recent