ရှမ်းပြည်နယ်အတွင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်း မူဝါဒကြေညာစာတမ်းအား CSSU က ကြေညာခဲ့ပြီး ယင်းစာတမ်းကို ယုံကြည်သက်ဝင်သူများ ပူးပေါင်းလက်တွဲကြရန် ဖိတ်ခေါ်

ရှမ်းပြည်နယ်အတွင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်း မူဝါဒကြေညာစာတမ်းအား CSSU က ကြေညာခဲ့ပြီး ယင်းစာတမ်းကို ယုံကြည်သက်ဝင်သူများ ပူးပေါင်းလက်တွဲကြရန် ဖိတ်ခေါ်
Published 7 February 2022

ရှမ်းပြည်နယ်အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း မူဝါဒကြေညာစာတမ်းကို ရှမ်းပြည်ညီညွတ်ရေးကော်မတီ(CSSU)က ဖေဖော်ဝါရီ ၇ ရက်တွင် ကြေညာခဲ့ပြီး ယင်းစာတမ်းကိုယုံကြည်သူများက CSSU နှင့် ပူးပေါင်းလက်တွဲကြရန် CSSU က ဖိတ်ခေါ်သည်။

CSSU ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP)၊ ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ စိန်ကျော့ပြည်သူ့စစ်နှင့် ရှမ်းအရပ်ဘက်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်းရှိ လူမျိုးပေါင်းစုံသည် လွတ်လပ်ရေးနှင့်အတူ ယှဉ်တွဲပေါ်ပေါက်ခဲ့သော စစ်ပွဲများကြောင့် လူမှုစီးပွားအဆင်ပြေသည့်အချိန်ကို ကြုံဆုံခဲ့ရခြင်း မရှိသေးကြောင်း၊ အစိုးရဆက်ဆက်၏ လွဲမှားသောငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆိုင်ရာချဉ်းကပ်ဖြေရှင်းမှုများကြောင့် ကောင်းမွန်သည့် လူမှုစီးပွားအသီးအပွင့်များကို ရရှိခံစားခဲ့ရခြင်းမရှိသေးဟု စာတမ်း၌ ဖော်ပြပါရှိသည်။

ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားအပေါင်းတို့အား တန်းတူညီမျှတန်ဖိုးထား အသိအမှတ်ပြုပြီး အချင်းချင်းအပြန်အလှန် အကျိုးပြုမည့်လုပ်ငန်းများကို လက်တွဲဖော်ဆောင်မည်ဖြစ်ကြောင်း၊ လွတ်လပ်ငြိမ်းချမ်းသော အခြေအနေတွင်နေထိုင်နိုင်ရန်နှင့် စစ်ပွဲ မပါသော၊ ပဋိပက္ခအသွင်မဆောင်သော ယှဉ်ပြိုင်ခြင်းကို အားပေးသည့်အတူယှဉ်တွဲနေထိုင်နိုင်မည့် နည်းလမ်းများကို ရှာဖွေကျင့်သုံးသွားမည်ဖြစ်ကြောင်း CSSU ၏ စာတမ်းတွင် ဖော်ပြထားသည်။

အဆိုပါစာတမ်းတွင် ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံအဆင့်များကို ဖော်ပြထားပြီး ပြည်နယ်သားများအားလုံး အခြေခံလူ့အခွင့်အရေးများ၊ ဒီမိုကရေစီအခွင့်အရေးများ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လူမျိုး၊ဘာသာနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများအား အာမခံချက်ရှိသည့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို စုပေါင်းရေးဆွဲပြဋ္ဌာန်းနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း CSSU က ကြေညာသည်။

အဆိုပါစာတမ်းတွင် တင်ပြထားသော ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင်ရေးဆိုင်ရာမူဝါဒများသည် CSSU က ကိုင်စွဲထားသော မူဝါဒများဖြစ်ကြောင်း၊ ယင်းစာတမ်းတွင် အားထုတ်တင်ပြသော ပြည်နယ်တည်ဆောက်ရေးဆိုင်ရာများသည် CSSU က အနာဂတ်ပြည်နယ်အား တည်ဆောက်လိုသည့် ဖွဲ့စည်းမှုပုံစံကို ဖော်ညွှန်းကြောင်း အဆိုပါစာတမ်းတွင် ဖော်ပြထားသည်။

ယင်းစာတမ်းသည် အနာဂတ်ပြည်နယ်၌  ပြည်နယ်သားအပေါင်းရလိုမြင်လိုသော အနာဂတ်အိပ်မျက်များကို  စိတ်ကူးပုံဖော်ထားခြင်းဖြစ်ပြီး ယင်းမူဝါဒကြေညာစာတမ်းသည် CSSU တစ်ခုတည်း၏ မူပိုင်အဖြစ် ရည်ရွယ် ရေးဆွဲချမှတ်ခြင်း မဟုတ်ကြောင်းလည်း CSSU က ကြေညာသည်။

အဆိုပါစာတမ်းအား ယုံကြည်သက်ဝင်သောလူပုဂ္ဂိုလ်တစ်ဦးနှင့် အဖွဲ့အစည်းအသီးသီးသည် သက်ဆိုင်ရာနယ်မြေဒေသအသီးသီးတွင် ယခုမူဝါဒများကို လွတ်လပ်စွာ ကိုယ်ပိုင်မှုပြု၍ ဖော်ဆောင်ကျင့်သုံးခြင်းဖြင့် CSSU နှင့်အတူ ပူးပေါင်းလက်တွဲနိုင်ပါကြောင်းနှင့်  ယင်းစာတမ်းအား လက်ခံနိုင်ခြင်းမရှိသေးသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့်လည်း နည်းလမ်းရှာညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း CSSU က ကြေညာသည်။

 

 

 

  

 

 

 

Most Read

Most Recent