“ကိုယ့်ကိုယ်ကိုယ် သိမြင်ခြင်းဟာ ရင့်ကျက်လာဖို့ရာအတွက် ပထမဆုံးခြေလှမ်းပဲ"
အင်္ဂလိပ်စာရေးဆရာမ ဂျိန်းအော်စတင် (၁၇၇၅- ၁၈၁၇) ၏
Pride and Prejudice ဝတ္ထုမှ-
လူသားတစ်ဦးအနေဖြင့် အသက်ကြီးကာ အရွယ်ရောက်လာတိုင်း လူကြီးတစ်ဦး ဖြစ်လာသည်မဟုတ်ပေ။ လူသားတစ်ဦးအဖြစ် အသိစိတ်ရှိစွာ ရပ်တည်နိုင်ရန်အတွက် အချို့သောအချက်များက အရေးပါသည်။ ထို့အတွက် ရင့်ကျက်သောလူတစ်ဦးဖြစ်လာရန် အောက်ပါအချက်အချို့ကို တင်ပြအပ်ပါသည်။
စံတန်ဖိုးများ ကိုယ်ပိုင်မူများဖြင့် နေထိုင်ပါ - လူတစ်ဦးအဖြစ် ရပ်တည်ရန် အဓိကအချက်တစ်ချက်မှာ တစ်စုံတစ်ရာရပ်တည်ချက်ရှိရန်နှင့် ကိုယ်တိုင်ချမှတ်ထားသည့် မူများအတိုင်း နေထိုင်ရန်ဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ဦးအဖြစ် မိမိကိုယ်မိမိ မည်ကဲ့သို့သော လူမျိုးဖြစ်သည်ကို အချိန်ယူလေ့လာရန်လိုသည်။ မိမိ၏ယုံကြည်မှုများကိုလည်း ဖော်ထုတ်မှတ်သားရန် လိုသည်။ မိမိသတ်မှတ်ထားသော စံတန်ဖိုးများနှင့် မူဝါဒများသည် ဘဝတစ်လျှောက်လုံး ခိုင်မြဲနေရန် လိုအပ်သောကြောင့် အသိရှိရှိဖြင့် ရွေးချယ်ရန်လိုသည်။
နှိမ့်ချပါ - ရင့်ကျက်သောလူတစ်ဦးသည် မိမိကိုယ်မိမိ ယုံကြည်မှုရှိသော်လည်း တစ်ချိန်တည်းမှာပင် မိမိကိုယ်မိမိ နှိမ့်ချတတ်သည်။ အခြားသူများကို ချိုးနှိမ်ခြင်းဖြင့် မိမိကိုယ်မိမိ မြှင့်တင်သည့်အလုပ်မျိုး မလုပ်တတ်ပေ။ အခြားသူများ၏ မိမိနှင့်မတူကွဲပြားမှုများကို လေးစားသူဖြစ်သည်။
လွတ်လပ်၍ အမှီအခိုကင်းပါစေ - ရင့်ကျက်သော လူတစ်ဦးဖြစ်လာရန်အတွက် မိဘအပေါ် မှီခိုနေရမှုကို ဖြစ်နိုင်သမျှ အမြန်ဆုံးအဆုံးသတ်ရန်လိုသည်။ ပေါ့ပေါ့နေ ပေါ့ပေါ့စားဘဝမျိုးဖြင့် အပျင်းထူနေ၍ မရပါ။ အခြားသူများကို ဂရုစိုက်စောင့်ရှောက်နိုင်ခြင်း မရှိမီ မိမိကိုယ်မိမိ ဂရုစိုက်စောင့်ရှောက်နိုင်ရန် လိုအပ်သည်။
အကြံဉာဏ်များကို နားထောင်၍ အခြားသူတို့၏ ဉာဏ်ပညာကို ရှာဖွေပါ - မိမိထက် အတွေ့အကြုံရင့်ကျက်သူများ၏ အကြံဉာဏ်နှင့် ဉာဏ်ပညာကို နာယူရန် လိုအပ်သည်။
မိမိကိုယ်မိမိ ပုံသွင်းပါ - စည်းကမ်း၊ ဇွဲသတ္တိနှင့် မိမိကိုယ်မိမိ လေးစားမှုသည် လူတစ်ဦးဖြစ် လာရန်အတွက် မဖြစ်မနေလိုအပ်သော အချက်များဖြစ်သည်။
အကောင်အထည်ပေါ်ပါစေ - များစွာသော လူများသည် စိတ်ကူးယဉ်သူများနှင့် အပြောသမားများ ဖြစ်ကြသည်။ အကောင်အထည်ပေါ်အောင် လုပ်နိုင်စွမ်းမရှိပေ။ ၎င်းတို့၌ စည်းမျည်းစည်းကမ်းများမရှိဘဲ စိတ်ကူးစိတ်သန်းများကို အရှိတရားအဖြစ် ပြောင်းလဲနိုင်စွမ်းလည်း မရှိပေ။ ဆန်ကုန်မြေလေး လူတစ်ဦးမဟုတ်ဘဲ ကမ္ဘာပေါ်၌ လူဖြစ်ခဲ့ကြောင်း သေချာစေရန် တစ်စုံတစ်ရာကို အကောင်အထည်ပေါ်လာအောင် လုပ်နိုင်စွမ်းရှိရမည်ဖြစ်သည်။
လူကြီးဖြစ်လာမည်ကို မကြောက်ပါနှင့် - လူငယ်များစွာတို့သည် ထာဝရလူငယ်များအဖြစ် နေထိုင်လိုကြသည်။ အရွယ်ရောက်ပြီးသူတစ်ဦး၏ လွတ်လပ်ခွင့်အားလုံးကို လိုလားကြသော်လည်း ငွေရှာလိုစိတ်နှင့် တာဝန်ယူလိုစိတ်မရှိပေ။ လူတစ်ဦးအနေဖြင့် ရင့်ကျက်သူတစ်ဦးဖြစ်လိုပါက လက်တွေ့ဘဝ၏ တာဝန်များကို ရဲရဲတင်းတင်းပွေ့ဖက်ရန် လိုအပ်သည်။
ဇွဲနပဲကြီးပါစေ - ဘဝ၌ ရုန်းကန်ရသော ကာလများ၊ အကူအညီမဲ့နေသည်ဟု ခံစားရသည့်ကာလများ ရှိလာမည်သာဖြစ်သည်။ မိမိအပေါ် ဘဝ၏ ထိုးနှက်ချက်များကို ဇွဲနပဲကြီးစွာ တွန်းလှန်ရင်း ပြန်လည်ရုန်းထနိုင်ရန် လိုအပ်သည်။
အခြားသူများအတွက် မှီခိုအားထားစရာဖြစ်ပါစေ - အရွယ်မရောက်သေးသူတစ်ဦးအနေဖြင့် မိမိအတွက် လိုအပ်ချက်ကိုသာ စဉ်းစားမည်ဖြစ်သည်။ အရွယ်ရောက်ပြီးသူတစ်ဦးအတွက် မိမိကိုယ်ပိုင်လိုအပ်ချက် ရှိနေဆဲဖြစ်သော်လည်း အခြားသူများအတွက်ပါ စဉ်းစားရမည်ဖြစ်ပြီး မိမိသည်အခြားသူများအတွက် မှီခိုအားထားစရာ ဖြစ်လာရန် လိုအပ်သည်။
အသိစိတ်ရှိသော လူသားဘဝကို ရှာဖွေပါ - အသိစိတ်ရှိသည့် လူတစ်ဦးဘဝကို အလိုအလျောက် ရရှိလာမည်မဟုတ်ဘဲ အသိစိတ်ရှိသောအတွေးများဖြင့် မိမိကိုယ်မိမိတည်ဆောက်ရန် လိုအပ်သည်။ မည်ကဲ့သို့သော လူမျိုးဖြစ်လိုသနည်းဟု အလေးအနက် တွေးခေါ်ရန် လိုအပ်သည်။ ယင်းနောက် မိမိဖြစ်လိုသည့်အတိုင်း မိမိ၏အမူအကျင့်များကို ပြောင်းလဲအကောင်အထည်ဖော်ရန်လိုသည်။
ထို့ကြောင့် မိမိအနေဖြင့် ရင့်ကျက်သော လူတစ်ဦးဖြစ်လာရန် လိုလားသော်လည်း ယင်းကဲ့သို့ မဖြစ်သေးဟု ခံစားရပါက အမြန်ဆုံးအကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဖေဖော်ဝါရီ ၃ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အဘော်