ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ မြန်မာ-တရုတ် နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် လွယ်ဂျယ်-လိုင်းရင်း နယ်စပ်ဂိတ်ကို ဇန်နဝါ ရီ ၁၇ ရက် မွန်းလွဲပိုင်းက ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
ဂိတ်ဖွင့်လှစ်သည့် ကနဦးအနေဖြင့် တစ်ရှူးငှက်ပျောကား ကိုးစီးနှင့် ကြံကားခြောက်စီး စုစုပေါင်း ၁၅ စီးအား ကုန်သွယ်မှု နမူနာ ပုံစံဖြင့် ကိုဗစ်ကာကွယ်ရေးစည်းမျဉ်းများနှင့် အတူ စနစ်တကျ လုပ်ဆောင်ခဲ့ကြရကြောင်း ကားလုပ်ငန်းရှင်များက ပြောကြားသည်။
ကားလုပ်ငန်းရှင်တစ်ဦးက “နမူနာစမ်း ကြည့်တာပေါ့။ ဂိတ်ကြီးဖွင့်နိုင်တာကတော့ ကျွန်တော်တို့ကားသမားတွေ၊ လုပ်ငန်းရှင်တွေ၊ အောက်ခြေလုပ်သားတွေအထွက် အသက်ရှူပေါက် ပွင့်တာပါပဲ။ ကျွန်တော်တို့က ပုဂ္ဂလိက ကားကွင်းထဲကနေ ကရိန်းနဲ့ အလွယ်တကူ သယ်လို့ရတဲ့ပုံစံနဲ့ ပြောင်း တယ်။ တရုတ်နိုင်ငံဘက်က သူတို့ကားကို PPE ဝတ်စုံနဲ့မောင်းတယ်။ ဟိုမှာ သူတို့စောင့် တဲ့ကားပြန်တင်ပေါ့။ အဲဒီကားခက ယွမ် ၃၀၀ ပေးရတယ်။ အလုပ်သမားခတွေကတော့ မညှိရသေးဘူး။ တဖြည်းဖြည်းလည်ပတ်နိုင် ရင် အစီး ၃၀ ကနေ အစီး ၅၀ အထိလည် ပတ်နိုင်မယ်။ ကျွန်တော်တို့ ကားသမားတွေ၊ ခြံသမားတွေဘက်ကတော့ အမြန်လည်ပတ် စေချင်တာပေါ့။ နောက်ပြီး မိုးမောက် လွယ်ဂျယ်လမ်းက လွန်ခဲ့တဲ့ ကိုဗစ်ပထမလှိုင်း ကတည်းက ဘတ်ဂျက်ကျပြီး မပြင်နိုင်ကြသေးဘူး။ ပြင်စေချင်တယ်။ ကားတွေ အထိနာ သလို တိမ်းမှောက်တာမျိုးတွေလည်း ဖြစ်နေတယ်။ တောဘက်အဖွဲ့တွေကလည်း ဒီနှစ် ကားအခွန်က တိုးကောက်မယ် ကြားနေရတယ်။ ဒီကာလကြီးက ဘယ်သူမှ အဆင်ပြေနေကြတာမဟုတ်ဘူး။ တရုတ်နိုင်ငံထဲမှာ ပိတ်နေတဲ့ကားတွေ တရုတ်နှစ်သစ်ကူး (ဖေဖော်ဝါရီ ၂ ရက်) နောက်ပိုင်းမှရမယ်လို့ ပြောနေကြတယ်”ဟု ပြောကြားသည်။
မြန်မာ-တရုတ်နယ်စပ် လွယ်ဂျယ်- လိုင်းရင်းဂိတ်ကို အချိန်မီမဖွင့်နိုင်သဖြင့် တစ်ရှူးငှက်ပျောကားများသည် ငှက်ပျောသီးများအား စွန့်ပစ်ခဲ့ရကြောင်းလည်း သိရသည်။
လွယ်ဂျယ်နယ်စပ်ဂိတ်မှ လွန်ခဲ့သည့် သုံးနှစ်ကျော်က တစ်ရှူးငှက်ပျောကားများ အစီးရေ သုံးထောင်ကျော်မှ ငါးထောင်ကျော် အထိ ကုန်သွယ်မှုပြုခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်းရှိ တရုတ်နိုင်ငံ နှင့် ကုန်သွယ်နိုင်သည့် အကြီးဆုံး နယ်စပ်ဂိတ်နှစ်ခုဖြစ်သည့် ကန်ပိုင်တည် နယ်စပ်ဂိတ် နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်တို့ကို ၂၀၂၁ ခုနှစ် ဇူလိုင်၁၁ ရက်မှ စတင်ပိတ်ထားခဲ့သည်မှာ ခြောက်လကျော် ကြာမြင့်ခဲ့ပြီးဖြစ်သည်။
လက်ရှိတွင် ကန်ပိုင်တည် နယ်စပ်ဂိတ် ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းတွင်စတင်ဖွင့်လှစ်ခဲ့သော်လည်း ကိုဗစ်ကပ်ဘေး ကာကွယ်မှု၊ စစ်ဆေးမှုနှင့် ကုန်စည်စစ်ဆေးမှုများကြောင့် တစ်ရက်လျှင်အစီးရေ ဆယ်ဂ ဏန်းသာ ကုန်သွယ်မှု ပြုနိုင်သေးကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် COVID-19 ကူး စက်မှုမြင့်မားလာမှုကြောင့် ပိတ်ထားခဲ့သည့် ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံနယ်စပ်ဂိတ် များ ပြန်လည်ဖွင့်လှစ်နိုင်ရန် စက်တင်ဘာလဆန်းပိုင်းမှ စတင်ကာ နှစ်ဖက်အစိုးရနှင့် ကုန်သည်ကြီးများက ကြိုးပမ်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
တရုတ်နိုင်ငံအစိုးရဘက်မှ မြန်မာနိုင်ငံတွင် COVID-19 ကူးစက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရေး မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့နယ် ရှိလူဦးရေ ၇၅၂၀၀ အတွက် တရုတ်နိုင်ငံပေါင်းရှန်းပြည်နယ်အစိုးရက ကာကွယ်ဆေး လှူဒါန်း ထားကြောင်း ၊ အဆိုပါကာကွယ်ဆေးများသည် စက်တင်ဘာ ၁၄ ရက်က ကန်ပိုင်တည် နယ်စပ်ဂိတ်မှတစ်ဆင့် ရောက်ရှိလာကြောင်း၊ စက်တင်ဘာ ၁၆ ရက်မှ စတင်ကာ ထိုးနှံနေကြောင်း၊ အုပ်စု ၂၃ စုကို အဓိကထားပြီး စုဖွဲ့အလုပ်သမားများ၊ စစ်ဘေးရှောင်များ၊ ကုန်စုံဆိုင်များ၊ အသက် ၄၀ နှင့် အထက်အုပ်စုများ ပါဝင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ နုကျန်းပြည်နယ်ခွဲမှ ဆေးအလုံးရေ နှစ်သိန်း (လူတစ်သိန်းစာအတွက်) စက် တင်ဘာလအတွင်း ဖီမော်ဂိတ်မှ တင်သွင်းကာ ချီဖွေမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံသည့် လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ကချင်ပြည်နယ် ကျန်းမာရေးဌာနမှ သိရသည်။
ထို့ပြင် ကန်ပိုင်တီနယ်စပ်ကုန်သွယ်ရေးစခန်းသည် မြစ်ကြီးနားမြို့နှင့် ၈၅ မိုင်ကွာဝေးပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ပေါက်ဆန်းခရိုင်၊ ထိန်ချုံးမြို့နယ်နှင့်ထိစပ်နေပြီး ထိန်ချုံးမြို့နှင့် ၅၁ မိုင်ကွာဝေးကြောင်း သိရ သည်။
ထို့အတူ လွယ်ဂျယ်နယ်စပ်ဂိတ်မှာ ကချင်ပြည်နယ် ဗန်းမော်မြို့မှ ၅၆ မိုင် ၄ ဖာလုံ အကွာတွင်ရှိပြီး တရုတ်နိုင်ငံ လုံချွမ်ခရိုင် ကျန်းဖုန်းမြို့နယ်၊ လိုင်းရင်းကျေးရွာနှင့်ထိ စပ်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုဖြစ်သည်။
တရုတ်နိုင်ငံနှင့် ကချင်ပြည်နယ်တို့ တရားဝင် အဓိကဆက်သွယ်သည့် ဝင်ပေါက်မှာ ကန်ပိုင်တည် ဝင်ပေါက်နှင့် လွယ်ဂျယ်ဝင်ပေါက်၊ ပန်ဝါဝင်ပေါက်တို့ဖြစ်ပြီး လိုင်ဇာ၊ မန်ဝိန်းကြီးဝင်ပေါက်များကိုလည်း အသုံးပြုနေကြောင်း သိရသည်။














